အာဆီယံနိုင်ငံများအတွင်း ဖွံ့ဖြိုးမှုနှုန်းကွာဟသော အချက်များစွာ ရှိနေသည့်အနက် မြန်မာနိုင်ငံအနေဖြင့် အခြေခံအဆောက်အဦ ဖွံ့ဖြိုးမှု ကွာဟချက်အတွက် ဖြည့်ဆည်းလုပ်ဆောင်ရန် လက်ရှိအချိန်တွင် ပို၍လိုအပ်နေကြောင်း အာဆီယံရေးရာ သုသေသနဌာန၊ အာဆီယံလူမှု ယဉ်ကျေးမှု အဝန်းအဝိုင်း သုသေသနမှုး ဒေါ်မိုးသူဇာက ပြောသည်။
နိုဝင်ဘာ ၁၁ မှ ၁၃ရက်အထိ ကျင်းပသော အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဆွေးနွေးပွဲတွင် အာဆီယံ နိုင်ငံများကြားရှိ ဖွံ့ဖြိုးမှုနှုန်း ကွာဟချက်ကို ကျဉ်းမြောင်းရန် လိုအပ်ချက်များနှင့် ပတ်သက်၍ ဆွေးနွေးမှုအပြီး ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဒေါ်မိုးသူဇာက “အခြေခံအဆောက်အဦကလည်း ကွာဟမှု (gap) ကြီး တခုပဲ။ ဒါအာဆီယံ အဝိုင်းအဝန်းတခုလုံး လိုအပ်နေတဲ့ gap ပါ။ မြန်မာနိုင်ငံမှာလည်း လိုနေတယ်။ အခုဆိုရင် တော်တော်လေးကို လိုအပ်နေတယ်။ ဘာကြောင့်လဲဆိုရင် မြန်မာသည် တောင်အာရှ၊ အရှေ့အာရှကြားမှာ ဆက်သွယ်နေတဲ့ တံတား အနေအထားလိုမျိုးမှာ ရှိနေတဲ့နေရာမို့ပါ” ဟု ပြောသည်။
လက်ရှိအချိန် ဒေသတွင်းဖွံ့ဖြိုးမှု ကွာဟချက်တွင် ပညာရေး ကွာဟမှုနှင့် ကျန်မာရေး ကဏ္ဍဆိုင်ရာ ကွာဟမှုတို့အပြင် တခြား အမျိုးမျိုးသော ခေါင်းစဉ်များရှိနေပြီး အစိုးရများ၏ ကောင်းမွန်သည့် အုပ်ချုပ်မှုစနစ် အနေအထား ကွာဟမှု အထိ ပြော၍ရကြောင်း သိရသည်။
ဒေါ်မိုးသူဇာက “ပြောရမယ်ဆိုရင် governance ကောင်းမွန်သော အုပ်ချုပ်မှုစနစ်ပေါ့။ တိုင်းပြည်အတွင်းမှာ ရှိတဲ့ ကိုယ့်ရဲ့ သယံဇာတ အရင်းအမြစ်တွေကို အစိုးရတရပ်အနေနဲ့ ဘယ်လိုစီမံခန့်ခွဲပြီး အကောင်းဆုံးဖြစ်အောင် ကြိုးစားမလဲဆိုတဲ့ လိုအပ်ချက်တွေပေါ့။ ဒီတော့ gap တွေက အများကြီးရှိတဲ့အချိန်မှာ ဘယ်ဟာ အရေးကြီးဆုံးလဲဆိုပြီး တခုတည်းကို အာရုံစိုက်နေတယ်ဆိုရင် ကျန်တာတွေ လစ်ဟာသွားနိုင်ပါတယ်” ဟု ပြောသည်။
၂၀၁၅ ခုနှစ်တွင် စတင်မည်ဖြစ်ပြီး အာဆီယံနိုင်ငံ အချင်းချင်းကြား ကုန်စည်၊ ဝန်ဆောင်မှုလုပ်ငန်း အပါအဝင် ကျွမ်းကျင် လုပ်သားမှ အစ အကောက်အခွန်မဲ့ လွတ်လပ်စွာ စီးဝင်ကြမည်ဖြစ်သော အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ပေါ်လာလျှင် ဒေသတွင်းနိုင်ငံများကြား ဖွံ့ဖြိုးမှုနှုန်းကွာဟချက် ပိုမိုကြီးသွားမည်လားဟု ပြောဆိုကြသည်များလည်း ရှိသည်။
အဆိုပါအခြေအနေနှင့် ပတ်သက်၍ အာဆီယံ နိုင်ငံများကြား ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းလာရေးနှင့် ပတ်သက်သည့် ဆွေးနွေးမှုတွင် ပါဝင်ခဲ့သူ ဦးသူရကိုကိုက “AEC က ၂ ခုစလုံးဖြစ်နိုင်တယ်။ ကွာဟချက် လိုက်လာနိုင်သလို ကွာဟချက် ပိုကြီးသွားမှာလည်း ဖြစ်နိုင်ပါတယ်” ဟု ပြောသည်။
AEC သည် ၂၀၁၅ခုနှစ်တွင် စတင်မည်ဖြစ်သော်လည်း အာဆီယံတွင် အဖွဲ့ဝင်အဖြစ် ဝင်ရောက်မှု နောက်ကျပြီး အဆင်သင့်ဖြစ်မှု အားနည်းသော မြန်မာ၊ လာအို၊ ဗီယက်နမ်နှင့် ကမ္ဘာဒီးယား နိုင်ငံများ အနေဖြင့် ၂၀၁၈ ခုနှစ်အထိ ပြင်ဆင်ချိန် ၃ နှစ် ထပ်မံ တိုးပေးထားသည်။
ပြင်ဆင်ချိန် ထပ်မံတိုးပေးထားသည့် အနေအထားတွင် လုပ်ငန်းအားလုံး လွတ်လပ်စွာ စီးဝင်ကြဦးမည် မဟုတ်ဘဲ အဆင်သင့် မဖြစ်သေးသော လုပ်ငန်းအချို့အတွက် ထိန်းခွင့်ရသည့် အနေအထားဖြစ်ရာ ရရှိသော ထပ်တိုးအချိန်တွင် ပြောင်းလဲမှုများ လုပ်ဆောင်ရန်လိုကြောင်း ဦးသူရကိုကိုက ပြောသည်။
၎င်းက “နှစ်ထပ်တိုးနဲ့ ပြောင်းလဲမှုတွေ အထဲမှာဘာမှ မလုပ်ဘူးဆိုရင်လည်း ဒီထိန်းတာက အလကားပဲ။ ထိန်းထားတာက ကျနော်တို့ အချိန်နည်းနည်းလိုလို့၊ ပြုပြင်ဖို့ အချိန်လိုလို့ ထိန်းထားတယ်ဆိုရင်တော့ ထိန်းထားသင့်တယ်။ ထိန်းနေရင်းနဲ့ ဒီဘက်က လိုအပ်တာတွေကိုလည်း ပြီးမြောက်အောင် လုပ်ဖို့လိုတယ်” ဟု ပြောသည်။
AEC ဖြစ်ပေါ်လာချိန်တွင် အကောက်ခွန် အတားအဆီးများကို အာဆီယံ နိုင်ငံများ အကြားတွင် သုည ရာခိုင်နှုန်း အထိ လျှော့ချရမည် ဖြစ်သည်။ မြန်မာနိုင်ငံက အကောက်ခွန် လျှော့ချမှုကို ၂၀၀၈ ခုနှစ်မှ စတင် လုပ်ဆောင်ခဲ့ရာတွင် လက်ရှိ အချိန်၌ သုည ရာခိုင်နှုန်းနှင့် ၅ ရာ ခိုင်နှုန်း ကြားတွင်သာ ရှိတော့ကြောင်း၊ ကုန်ပစ္စည်း အနည်းစုသာ ၅ ရာခိုင်နှုန်း အထက်တွင် ရှိတော့ကြောင်းနှင့် ၂၀၁၈ တွင် အားလုံး လျှော့ချသွားနိုင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။