သမ္မတ အိုဘားမား၏ ရန်ကုန်မြို့သို့ လာရောက်သည့် ခရီးစဉ်အတွင်း ကျောင်းသားများက ၎င်းတို့ အခွင့်အရေးများ ဆုံးရှုံးနေသည့် အမျိုးသား ပညာရေး ဥပဒေ ပြဌာန်းချက်အား ဆန့်ကျင်ဆန္ဒပြ တောင်းဆိုမှုကို ရန်ကုန်မြို့တော် ခန်းမ ရှေ့တွင် ယနေ့ပြုလုပ်သည်။
ယင်းဆန္ဒပြပွဲသည် နိုင်ငံတဝန်းမှ ကျောင်းသား ကျောင်းသူပေါင်း ၃၀၀ ခန့် ပါဝင်ပြီး တနိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု လှုပ်ရှားမှု တခုဖြစ်သည်ဟု ကျောင်းသားများက ပြောသည်။
“အဓိက ရည်ရွယ်ချက်က အမျိုးသား ပညာရေး ဥပဒေကို ကျနော်တို့ ကျောင်းသားတွေရဲ့ ဆန္ဒမပါဘဲ လွှတ်တော်က အတင်းအဓမ္မ အတည်ပြုထားတယ် ဆိုတာကို နိုင်ငံတကာက သတင်းမီဒီယာတွေကနေ တဆင့် သိစေချင်တဲ့အတွက်ပါ။ နောက်ပြီး အာဆီယံ အစည်းအဝေး ရှိတဲ့အချိန်နဲ့ ကမ္ဘာ့ အင်အားကြီး နိုင်ငံတခုရဲ့ သမ္မတ အိုဘားမား လာတဲ့အချိန်မှာ ကျနော်တို့ နိုင်ငံရဲ့ မပြောင်းလဲ သေး တဲ့ အခြေအနေကို သိစေချင်လို့ရယ်၊ နောက်ပြီး အစိုးရက ကမ္ဘာပတ်ပြီး နိုင်ငံတကာက ချေးငွေတွေကို ပတ်လိမ်ယူနေတာ တွေကို သိစေချင်လို့ ဆန္ဒပြတာ ဖြစ်ပါတယ်”ဟု ဒီမိုကရေစီ ပညာရေးအတွက် ဦးဆောင်လှုပ်ရှားမည့် ကော်မတီအဖွဲ့ဝင် ကိုမင်းသွေးသစ်က ပြောသည်။
လက်ရှိ ပြဌာန်းထားသည့် အမျိုးသား ပညာရေး ဥပဒေကို ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ပြည့်ဝသော ပညာရေးဥပဒေသစ် တခု အစား ထိုးပေးရန် စသည့် ကျောင်းသားအခွင့်အရေးများကို တောင်းဆိုခဲ့ကြသည်။
နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နှစ်ရက်ကြာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်တွင် ကျင်းပ ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးမှ ဆုံးဖြတ်ချက်များအရ အမျိုးသား ပညာရေး ဥပဒေ ပြဌာန်းချက် အပါအဝင် ကျောင်းသားထု၏ အခွင့်အရေးများကို ပြန်လည်တောင်းဆိုမည့် ကျောင်းသား သပိတ်တခု ဖော်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် ကျောင်းသားထု လှုပ်ရှားမှုများကို ဦးဆောင်နိုင်ရန်အတွက် အဖွဲ့ဝင် ၁၅ ဦးပါ ဒီမိုကရေစီ ပညာရေးအတွက် ဦးဆောင်လှုပ်ရှားမည့် ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ အဖွဲ့ချုပ်မှ ၆ ဦး၊ တက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့မှ ၆ ဦးနှင့် မြေလတ် ကျောင်းသား သမဂ္ဂအဖွဲ့မှ ၃ ဦးတို့ဖြင့် ထို ကော်မတီတွင် ပါဝင်ဖွဲ့စည်းထားသည်။
ကျောင်းသားများ၏ ကန့်ကွက်ဆန္ဒပြပွဲကို သမ္မတ အိုဘားမား ရန်ကုန်မြို့တွင် လာရောက်လည်ပတ်စဉ် ယနေ့ ဆန္ဒပြပွဲအပြင် နောက် ပိုင်းတွင်လည်း ကျောင်းသား သပိတ်စခန်းများ ဖွင့်ပြီး ဆင်နွှဲရန်အထိ စီစဉ်ထားကြောင်း ကျောင်းသားများက ပြောဆိုသည်။
လာမည့် နိုဝင်ဘာလ ၁၆ ရက်(အမျိုးသားနေ့) တွင်လည်း ကျောင်းသား အခွင့်အရေး တောင်းဆိုမှုများနှင့် ပတ်သက်၍ ကျောင်း သား များ၏ အမြင့်ဆုံး တိုက်ပွဲဝင် လှုပ်ရှားမှုတခု လုပ်ဆောင်သွားရန် စီစဉ်ထားကြောင်းလည်း ကိုမင်းသွေးသစ်က ပြောသည်။
နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးတွင် ကျောင်းသားပေါင်း ၃၀၀ ကျော် တတ်ရောက် ခဲ့ကြပြီး ကျောင်း သား အားလုံး၏ သဘောဆန္ဒများ အရ ဖော်ပြထားသော သဘောထား ထုတ်ပြန်ချက်တစောင်ကိုလည်း ထုတ်ပြန်ခဲ့ကြသည်။
ယင်းထုတ်ပြန်ချက်တွင် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုလိုက်သည့် အမျိုးသားပညာရေး ဥပဒေတွင် ပညာရေးကို လွတ် လပ် စွာ သင်ကြားခွင့်နှင့် ပတ်သက်ပြီး အကာအကွယ်မပေးဘဲ တင်းကျပ်စွာ ချုပ်ကိုင်းထားသည့် ဗဟိုချုပ်ကိုင်မှု စနစ်ဖြစ်ကြောင်း၊ ယခု ဥပဒေသည် စစ်အစိုးရ လက်ထက်တွင် ဆိုးရွားစွာ ဖြစ်ပေါ်ခဲ့သည့် ပညာရေးစနစ်ကို ဖြေရှင်းမပေးနိုင်သည့်အတွက် ကျောင်း သား ထု တရပ်လုံးက ဆန့်ကျင်သွားမည် ဖြစ်ကြောင်း စသည့် အချက်များ ဖော်ပြထားသည်။
လွှတ်တော်အဆင့် အမျိုးသား ပညာရေး ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီနှင့် သမ္မတရုံးမှ ဦးဆောင်သည့် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ နှစ်ခုက ရေးဆွဲတင်ပြခဲ့သည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းပါ အချက်များအပေါ် ကျောင်းသားသမဂ္ဂများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အမျိုးသား ပညာရေး ဥပဒေကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။