ယနေ့ နေလည်ပိုင်း ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို လာရောက်လည်ပတ်တဲ့ သမ္မတ အိုဘားမားက မြန်မာ့အတိုက်အခံ ခေါင်းဆောင်ကို သမ္မတ ဖြစ်ခွင့် တားမြစ်ပိတ်ပင် ထားတဲ့ ပုဒ်မ ၅၉ စ ကို ပြင်ဆင်ဖို့၊ လူနည်းစု ဘာသာခြားတွေအပေါ် ဆက်ဆံတာတွေ အဆုံးသတ်ဖို့ ပြောဆိုခဲ့တယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံသားနဲ့ လက်ထပ်ခဲ့ပြီး သား ၂ ဦးကလည်း ဗြိတိန်နိုင်ငံသားဖြစ်နေလို့ သမ္မတ အဖြစ် တာဝန်ယူခွင့်မရှိအောင် ပုဒ်မ ၅၉ စ က တားမြစ်ထားတာပါ။
“သူ့ကလေးတွေကြောင့် သမ္မတ ဖြစ်ခွင့် မရှိအောင် တယောက်ယောက်ကို တားမြစ်ထားတယ်ဆိုတာ ကျနော် နားမလည်နိုင်ပါဘူး” လို့ အိုဘားမားက ပြောပါတယ်။
အိုဘားမားအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာတွေ့ဆုံအပြီး သတင်းထောက်တွေ မေးတာတွေကို ပြန်လည် ဖြေကြားကြပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီအသွင်ကူးပြောင်းတဲ့နေရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက အဓိက ကျပြီး ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တရားမျှတပြီး လွတ်လပ်ဖို့ လိုကြောင်း၊ ဒီကတဆင့် တကယ့် အရပ် သား အစိုးရ ပေါ်ပေါက်လာသည်အထိ လုပ်ဆောင်ဖို့ လိုအပ်နေသေးကြောင်း အိုဘားမားက ဆိုပါသေးတယ်။
ဒီမိုကရေစီကို သွားတာမှာ တည်ငြိမ်မှု ရှိဖို့ဆိုတာ ဘာသာမတူ လူနည်းစု ဖြစ်ဖြစ် ရိုဟင်ဂျာကိုပဲ ဖြစ်ဖြစ် ခွဲခြား ဆက်ဆံမှုမျိုး မလိုအပ်ဘူးလို့လည်း အိုဘားမားက တိုက်တွန်းပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ၂ ယောက်စလုံးက ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုမှာ ကျေနပ်နှစ်သိမ့် မနေကြဖို့ သတိပေးကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြုပြင်ပြောင်းလဲရေးဟာ လမ်းကြမ်းပေါ်ကို ရောက်နေတယ်လို့ ပြောသွားပါတယ်။
အိုဘားမားရဲ့ မြန်မာ ပေါ်လစီပေါ် ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ခဲ့တာကြောင့် အမေရိကန်အစိုးရနဲ့ မြန်မာ ဒီမိုကရက်တွေကြား ခပ်တန်းတန်းဖြစ်သွားတာအပေါ် “ကျမတို့ တချိန်နဲ့ တချိန်ပေါ်မှာ မတူတဲ့ အမြင်တွေ ကြည့်ရှုနိုင်တာပဲ။ ဒါကြောင့် ကျမတို့ ဆက်ဆံရေး ယိုယွင်းသွားမှာတော့ မဟုတ်ဘူး” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။