မြန်မာနိုင်ငံတွင် စုပေါင်းနေထိုင်ကြသည့် ဘာသာမတူသူ လူ့အဖွဲ့အစည်းများကြား စိတ်ရှည်သည်းခံပြီး မတူညီမှုများကို အင်အား အဖြစ် အသုံးချ၍ တိုင်းပြည် တည်ဆောက်ကြရန် အမေရိကန် သမ္မတ အိုဘာမားက တိုက်တွန်း ပြောဆိုလိုက်သည်။
ယနေ့ ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမတွင် အရှေ့တောင်အာရှ လူငယ်များ ဦးဆောင်မှု အစီအစဉ်အရ ပြုလုပ်သော မြန်မာ လူ ငယ် များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် သမ္မတ အိုဘားမားက ရခိုင်ပြည်နယ် စစ်တွေ တက္ကသိုလ်မှ ကျောင်းသားတဦး၏ မေးခွန်းကို အထက်ပါ အတိုင်း ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။
စစ်တွေ တက္ကသိုလ်တွင် တက်ရောက်နေသည့် ရခိုင် ကျောင်းသား တဦးက သမ္မတ အိုဘားမားကို“ကျနော်တို့ ဒေသမှာ အားလုံး သိတဲ့အတိုင်းပဲ လူမျိုးရေး ပြဿနာတွေ ရှိပါတယ်။ ကျနော်သိလိုတဲ့ မေးခွန်းက ကျနော်တို့ သက်တမ်းမှာရှိတဲ့ လူငယ်တွေကို ဘယ်လို သည်းခံနိုင်မှုနဲ့ အတူ ရှင်သန်နိုင်အောင် ကြိုးစာရမလဲဆိုတာ သိချင်ပါတယ်”ဟူ၍ ဖြစ်သည်။
ထိုမေးခွန်းကို သမ္မတ အိုဘားမားက ကမ္ဘာကြီးတွင် လူတိုင်းမှာ ကွဲပြား ခြားနားသော ယုံကြည်မှု၊ ယဉ်ကျေးမှုများ ရှိကြောင်း၊ ထို မတူညီမှုများကို တဦးနှင့်တဦး ဖလှယ်၍ အတူတကွ လက်တွဲလုပ်ဆောင်ကြရန် အလွန် အရေးကြီးကြောင်း ပြန်လည် ဖြေကြား သည်။
“လူတိုင်းဟာ စိတ်ရှည် သည်းခံပြီး နေကြဖို့ အရေးကြီးပါတယ်။ တယောက်ကို တယောက် အားပေးဖို့လည်း လိုအပ်ပါတယ်။ တယောက်နဲ့ တယောက် လေးစားဖို့နဲ့ စိတ်ရှည် သည်းခံစွာနဲ့ ရပ်တည်နိုင်ဖို့ လိုပါတယ်။ သည်းခံနိုင်ဖို့ အရေးကြီးဆုံးပါပဲ”ဟုလည်း သမ္မတ အိုဘားမားက ပြောဆိုသည်။
တိုင်းပြည်တိုင်းတွင် ဘာသာရေးအရ ကွဲပြားမှုများကြောင့် ပြဿနာမျိုးစုံ ကြုံတွေ့နေရကြောင်း၊ မွတ်စလင် ဖြစ်ခြင်း၊ ရှီဟိုက်၊ ဆွန် နီဖြစ်ခြင်း၊ ကက်သလစ်နှင့် ပရိုတက်စတင့် ဖြစ်ခြင်းတို့ကြောင့် တဦးနှင့်တဦး၊ တဘက်နှင့် တဘက် တိုက်ခိုက်နေရပြီး ယနေ့အချိန် အထိ ကမ္ဘာကြီးမှာ မငြိမ်းချမ်းသေးဟု ပြောသည်။
“သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ကြောက်လန့်မှု မရှိဘဲ ပြောပြနိုင်ဖို့ အရေးကြီးတယ်”ဟု သမ္မတ အိုဘားမား က ဆိုသည်။
တခြား ဘာသာဝင်များ၏ စိတ်ဓာတ်အား လေးစားစွာဖြင့် သည်းခံစိတ်ကို အားပေးသည့် စကားမျိုးသာ ပြောဆိုသင့်ကြောင်း၊ ထို ကိစ္စများသည် လူကြိုက်မများသော်လည်း လုပ်ကိုလုပ်ရမည့် ကိစ္စများ ဖြစ်ကြောင်းလည်း ပြောဆိုသည်။
အိုဘားမားက“ဒီလို အမူအကျင့်တွေဟာ တယောက်စီတိုင်းက စမှ ဖြစ်မှာပါ။ အစိုးရဆိုတာလည်း ကဏ္ဍတခုမှာပဲ ဦးဆောင်နိုင်မှာပါ။ အဖွဲ့တွေနဲ့လည်း လုပ်လို့မရပါဘူး။ အားလုံးဝိုင်းလုပ်မှ ရမှာပါ”ဟု ပြောသည်။
သမ္မတ အိုဘားမားနှင့် တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် မြန်မာလူငယ်တချို့က Illusion၊ Reform is Fake ၊ Change စသည့် ပြည်တွင်းရေးနှင့် သက်ဆိုင်သော အကြောင်းအရာတချို့ကို စက္ကူပေါ်တွင် ရေးသားပြသပြီး ဆန္ဒထုတ်ဖော်မှု ပြုလုပ် ကြသည်ကို လည်း တွေ့ရသည်။
အိုဘားမားက“ကျနော်တို့ ဒီမှာ ဆိုင်းဘုတ်တွေ တွေ့ပါတယ်။ အပြောင်းအလဲ တဲ့၊ နောက်ပိုင်းတော့ မေးခွန်းတွေ မေးနိုင်ပါတယ်။ ဒါကြောင့်မို့လို ဒီနေရာကို လာရောက်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ဒီနေရာမှာ ဆန္ဒပြစရာတော့ မလိုပါဘူး”ဟု ပြောဆိုသည်။
အမေရိကန် သမ္မတ အိုဘားမားသည် ရန်ကုန်မြို့သို့ နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ရောက်ရှိလာပြီး ကိုလိုနီ ခေတ် အဆောက်အဦတခု ဖြစ်သည့် ဝန်ကြီးများရုံး(အတွင်းဝန်ရုံး)သို့ ဝင်ရောက်လေ့လာခဲ့သည်။
ထို့နောက် အမေရိကန် သံရုံးတွင် အရပ်ဘက် လူ့အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီးနောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံ၍ ပူးတွဲသတင်းစာ ရှင်းလင်းပွဲတခု ကျင်းပခဲ့သည်။
ညနေပိုင်းတွင် ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမသို့ ရောက်ရှိလာပြီး မိန့်ခွန်းပြောဆို၍ လူငယ်များ၏ မေးခွန်းများကို ပြန်လည် ဖြေကြားပေးခဲ့သည်။