၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲ အပါအဝင် ရွေးကောက်ပွဲ အားလုံး၌ ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် ဆန္ဒမဲ အချိုးကျ ကိုယ်စားပြုစနစ်(PR) ကျင့်သုံးရန် အဆိုပြုထားမှုကို ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆိုင်ရာ ခံုံရုံးက ပယ်ဖျက်လိုက်သည်။
PR စနစ် ကျင့်သုံးရန် အဆိုပြုထားခြင်းအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးက ပယ်ဖျက်လိုက်သည့် အကြောင်းကြားစာကို လွှတ်တော် အသီးသီးသို့ ယမန်နေ့က ပေးပို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မြန်မာနိုင်ငံတွင် ကျင့်သုံးနေဆဲဖြစ်သည့် မဲများသူအား အနိုင်ပေးစနစ် First – Past – the – Post (FPTP) သာလျှင် ရွေးကောက်ပွဲများတွင် ဆက်လက်ကျင့်သုံးရန် ကိုက်ညီသည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခံုံရုံး က လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းအား အကြောင်းကြားစာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။
လွှတ်တော်ဆွေးနွေးမှု အတွင်း မည်သည့်စနစ်က လက်ရှိ ကျင့်သုံးနေဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ကိုက်ညီမှုရှိသည်ကို ဖြေကြားပေးရန် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးသို့ မေးမြန်းခဲ့ရာတွင် အထက်ပါကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်ဟု သီပေါမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောသည်။
မြန်မာနိုင်ငံ၌ PR စနစ် ကျင့်သုံးရန် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ၌ ပြဌာန်းထားခြင်း မရှိကြောင်း၊ ရွေးကောက်ပွဲစနစ် ပြောင်းလဲ ရန် ရွေးကောက်ပွဲစနစ် ၈ မျိုးကို ပြည်သူ့လွှတ်တော် အတွင်း ဆွေးနွေးနေကြောင်းလည်း သိရသည်။
“စနစ် ၈ မျိုးမှာ နံပါတ် ၁ ဖြစ်တဲ့ FPTP စနစ်ရယ်၊ ကျန် ၇ မျိုးက PR စနစ်နဲ့ ဆင်တူတဲ့ စနစ်တွေပါပဲ။ FPTP စနစ် တခုတည်း က သာ လက်ရှိ ကျင့်သုံးနေတဲ့ ဖွဲ့စည်းပုံနဲ့ ကိုက်ညီနေပါတယ်”ဟု ဦးရဲထွန်းက ဆိုသည်။
လက်ရှိ ကျင့်သုံးနေဆဲ ဖြစ်သည့် FPTP စနစ်ကို ပြောင်းလဲပြီး PR စနစ် ကျင့်သုံးလိုပါက ၂၀၀၈ ဖွဲ့စည်းပုံကိုပါ ပြင်ဆင်ရန် လိုအပ် သည်ဟု ၎င်းက ဆက်ပြောသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် FPTP စနစ် မကျင့်သုံးဘဲ PR စနစ် ကျင့်သုံးရန် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည် က ဇွန်လ ၃ ရက်တွင် အဆို တင်သွင်းခဲ့ပြီး ဇွန်လ ၁၁ ရက်တွင် အမျိုးသား လွှတ်တော်ကို PR စနစ်ဖြင့် ကိုယ်စားလှယ်ရွေးရန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
ထို့အပြင် အမျိုးသား လွှတ်တော်တွင် PR စနစ် အကောင်အထည်ဖော်ရန် ကော်မတီတရပ်ကို ကိုယ်စားလှယ် ၄၀ ဖြင့်ဖွဲ့စည်းဆောင် ရွက်ခဲ့ရာ ယင်းကော်မတီတွင် ပါဝင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်မှ လွှတ်တော်ကိုယ်စားလှယ်များသည် PR စနစ်ကို လက် မခံ ဘဲ နုတ်ထွက်ခဲ့ကြသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်ကိုယ်စားလှယ် ၄၂ ဦးကလည်း PR စနစ်ကို ကန့်ကွက်ခဲ့ကြသည်။
တိုင်းရင်းသားပါတီ ၂၀ ဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်း (NBF) နှင့် နိုင်ငံရေး တက်ကြွ လှုပ်ရှားနေသည့် အရပ်ဘက် အဖွဲ့အစည်းများကလည်း PR စနစ်ကို ကန့်ကွက်ခဲ့ကြသည်။