လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ ရှိနေဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက် ကောင်းမွန်လာဖို့ အမေရိကန် ပြည်ထောင်စုက မူဝါဒ တရပ်ချမှတ် ကူညီပေးသွားမယ်လို့ သမ္မတ အိုဘားမားက ကတိပြု ပြောကြားပါတယ်။
ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးမှာ နိုဝင်ဘာ ၁၄ ရက်က ပြုလုပ်တဲ့ အရပ်ဘက် လူ့အဖွဲ့အစည်း ၁၅ ခုနဲ့ တွေ့ဆုံပွဲမှာ အထက်ပါအတိုင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
တွေဆုံပွဲကို တက်ရောက်ခွင့်ရခဲ့တဲ့ Equality Myanmar အဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက “ဘယ်အဖွဲ့နဲ့ ဘယ်လို လုပ် မယ် ဆိုတာကို ပြောတာမဟုတ်ဘဲနဲ့ လူ့အခွင့်အရေးကိစ္စ လုပ်ဆောင်မှုတွေ အားကောင်းဖို့ အတွက် သူ့အနေနဲ့ အမေရိကန် ပေါ်လစီ တရပ်အနေနဲ့ ချမှတ်ပြီးတော့ ကူညီသွားမယ်ဆိုတာကိုတော့ ပြောကြားသွားပါတယ်”လို့ ပြောပြပါတယ်။
သမ္မတ အိုဘားမား ကိုယ်တိုင်ကလည်း သူသမ္မတ မဖြစ်ခင်မှာ လူထုအခြေပြု စည်းရုံးရေးမှူး တဦးအဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး ဒီမိုကရေစီ လမ်းကြောင်းကို ချီတက်တဲ့အခါ အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ မပါဘဲနဲ့ မဖြစ်နိုင်ဘူးဆိုတာ လေး လေး နက်နက် ပြောဆိုခဲ့တယ်လို့ ဦးအောင်မျိုးမင်း က ဆိုပါတယ်။
တွေ့ဆုံ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲ တက်ရောက်လာသူ တဦးချင်းစီ တင်ပြခဲ့ကြပြီး တင်ပြချက်တွေအပေါ်မှာ သမ္မတ အိုဘားမားက ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။
အွန်လိုင်း မီဒီယာနဲ့ ပတ်သက်ပြီး ဘလော့ဂါ ဦးနေဘုန်းလတ်ကလည်း“ကျနော်ကတော့ အွန်လိုင်းပေါ်မှာ ရှိတဲ့ Hate speech, Dangerous speech တွေက နိုင်ငံရေး ရည်ရွယ်ချက်နဲ့ လုပ်နေတယ်လို့ မြင်တယ်။ အဲဒါကြောင့် ၂၀၁၅ မတိုင်ခင်မှာ အဲဒီအန္တရာယ် တွေ ထပ်ဖြစ်နိုင်တယ်လို့ ကျနော်ပြောခဲ့တယ်။ နောက်ပြီးတော့ ဒါတွေကို အကြောင်းပြုပြီးတော့ အင်တာနက် လွတ်လပ်ခွင့်တို့၊ မီဒီယာ လွတ်လပ်ခွင့်တို့ကို အစိုးရက လာပြီးတော့ တင်းကျပ်မှာကိုလည်း စိုးရိမ်တယ်ဆိုတဲ့အကြောင်းကို ကျနော့်အနေနဲ့ ပြောခဲ့ တယ်”လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံအတွင်း အရပ်ဘက် အဖွဲ့အစည်းများစွာ ရှိသည့်အနက်မှ Equality Myanmar မှ ဦးအောင်မျိုးမင်း၊ ဦးကျော်သူ (ပေါင်း ကူး) ၊ ဦးဘိုဘိုအောင်၊ ဦးနေဘုန်းလတ်၊ ဦးဝင်းညီညီဇော်၊ ဦးကျော်မင်းဆွေ၊ လွှတ်တော်အမတ် ဦးရွှေမောင်၊ ရခိုင် စာပေနှင့် ယဉ် ကျေးမှု အဖွဲ့မှ ဒေါ်စောခင်တင့် ၊ ဒေါ်နွယ်ဇင်ဝင်း၊ ဒေါ်ကြည်ကြည်ခင်၊ Triangle Women မှ ဒေါ်ခင်လေး၊ ဒေါ်ငယ်ငယ်အေး မောင်၊ ဒေါ်ဝေဝေ စသည့် အဖွဲ့အစည်း အသီးသီးမှ လူပုဂ္ဂိုလ် ၁၅ ဦးတို့ကို အမေရိကန် သံရုံးမှ တိုက်ရိုက်ဖိတ်ကြားခြင်း ဖြစ်ပါတယ်။