Politics

ပုဒ်မ ၄၃၆ ပြင်ဆင်ရေး တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံရဲ့ ၂၀၁၅ ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အမေရိကန် သမ္မတ အိုဘားမား က သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်မှာ တိုက်တွန်းပြောဆိုတဲ့နေ့မှာပဲ ပြည်ထောင်စု လွှတ်တော်မှာ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အဆို ကို တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက်လိုက်ကြပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီက လွှတ်တော်အမတ် ဦးဝင်းမြင့် က ၂၀၀၈ အခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက် အရေးကြီးတဲ့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးဖို့ နိုဝင်ဘာ ၁၃ ရက်က ပြည်ထောင်စု လွှတ်တော်မှာ အဆိုတင်ခဲ့ပြီး တပ်မတော်သား လွှတ်တော်အမတ် တွေက ပြင်ဆင်ခြင်း မပြုဖို့ ကန့်ကွက်ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

“NLD က ၄၃၆ ပြင်ဆင်ဖို့ ပြောတာကို တပ်ကိုယ်စားလှယ်တွေက မပြင်ဖို့ဆွေးနွေးတယ်။ ပြည်ခိုင်ဖြိုးကတော့ မတင်မကျ ဆွေးနွေး သွားတယ်”လို့ အမျိုးသား လွှတ်တော်အမတ် ဦးဖုန်းမြင့်အောင် က ဧရာဝတီကိုပြောပါတယ်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၁၂) ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ခြင်း ဆိုတဲ့အထဲက ပုဒ်မ ၄၃၆ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်နိုင်ရေးအတွက် ကန့်သတ်ထားတဲ့ ပုဒ်မ ၅၉(စ) ကို လည်း ပြင်ဆင်ဖို့ကိုပါ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ အခန်း (၁) နိုင်ငံတော် အခြေခံမူများတွင် ပါဝင်သော ပုဒ်မ ၆(စ) မှာ ပြဋ္ဌာန်းထား တဲ့ နိုင်ငံတော်ရဲ့ အမျိုးသား နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာ တပ်မတော်က ပါဝင်ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည်ဆိုတဲ့ ပြဋ္ဌာန်းချက်ကိုလည်း ပြင်ပေးဖို့ တပါတည်း တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေက ပုဒ်မ ၄၃၆ ကို ကန့်ကွက်လိုက်တဲ့အပြင် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ)က လွှတ်တော်ကိုဖျက်သိမ်းဖို့ အကြံပေးနိုင်တယ်ဆိုတဲ့ အချက်အပါအဝင် ထပ်ဖြည့်လိုတဲ့ အချက်တွေကို တောင်းဆိုသွားတယ်လို့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အဆိုတင်သွင်းခဲ့တဲ့ ဦးဝင်းမြင့် က ဧရာဝတီကို ပြောပါတယ်။

“သူတို့က အချက်သစ်တွေထပ်ထည့်ဖို့ ဆွေးနွေးတာ။ တိုင်းပြည်အာဏာအတွက်ကို လွှတ်တော်ကိုယ်စားလှယ်က ၃၀ ရာခိုင်နှုန်း လောက်လျော့လို့ရှိရင် လွှတ်တော်ကြီးဖျက်သိမ်းဖို့ ကာလုံ က သမ္မတကို အကြံပြုသင့်တယ် ဆိုတာရယ်။ လွတ်ငြိမ်း ချမ်းသာခွင့်ပေး တဲ့ ကိစ္စမျိုးတွေ၊ ငြိမ်းချမ်းရေးဆောင်ရွက်တဲ့ ကိစ္စတွေမှာ ကာလုံရဲ့ သဘောတူညီချက်ကို ယူသင့်တယ်ပေါ့ဗျာ”လို့ ဦးဝင်းမြင့် က ပြော ဆို ပါတယ်။

ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအဆိုအတွက် ဆွေးနွေးကြမယ့် ကိုယ်စားလှယ်ဦးရေဟာ စုစုပေါင်း ၁၄၆ ဦး တင်ထားပြီး လက်ရှိအချိန် ထိ တော့ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်ကရော အတိုက်ခံ အမတ်တွေဘက်ကပါ စုစုပေါင်း ၁၀ ဦးကျော်ပဲ ဆွေးနွေးရ သေးကြောင်း နိုဝင်ဘာ ၂၅ ရက်မှာတော့ အပြီးသတ်ဆွေးနွေးနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် သမ္မတ အိုဘားမားကတော့ နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန် အပါအဝင် လွှတ်တော် ဥက္ကဋ္ဌ တွေအပြင် အမတ်တချို့နဲ့ သီးခြားစီတွေ့ဆုံခဲ့ချိန်မှာလည်း ၂၀၁၅ ရွေးကောက်ပွဲမှာ အားလုံး ပါဝင်တဲ့ လွတ်လပ်ပြီး တရား မျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တိုက်တွန်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုဝင်ဘာ ၁၄ ရက်ကလည်း ရန်ကုန်မြို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို လာရောက်လည်ပတ်တဲ့ သမ္မတ အိုဘားမား က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အသွင်ကူးပြောင်းတဲ့နေရာမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးက အဓိကကျကြောင်း ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တရားမျှတပြီး လွတ်လပ်ဖို့ လိုကြောင်းနဲ့ မြန်မာ့အတိုက်အခံ ခေါင်းဆောင်ကို သမ္မတ ဖြစ်ခွင့် တားမြစ် ပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉(စ) ကို ပြင်ဆင်ဖို့လိုကြောင်း သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

အခြေခံဥပဒေပြင်ဆင်ရေးအတွက် လွှတ်တော်အတွင်း၊ အပြင်တွေမှာ တောင်းဆိုမှုတွေ ရှိနေပေမယ့်လည်း တပ်မတော်သား ကိုယ်စားလှယ်တွေ ကိုယ်တိုင် ကန့်ကွက်မှုတွေရှိလာတဲ့အတွက် ပုဒ်မ ၄၃၆ လို အရေးကြီးတဲ့  အချက်တွေအတွက် ပြင်ဆင်ဖို့ ကြိုးပမ်းမှုတွေဟာ အလှမ်းဝေးနေဦးမယ်လို့ ဦးဖုန်းမြင့်အောင် က ပြောဆိုပါတယ်။

“၄၃၆ ပြင်လိုက်လို့ရှိရင် တဆက်စပ်တည်းရှိနေတဲ့ ကာလုံ ကိစ္စတွေက ပါသွားမှာကိုး။ တပ်မတော်ရဲ့ အခန်းကဏ္ဍတွေ ပါသွားမှာ ဆိုတော့ တပ်မတော်ကတော့ အထိခံမှာ မဟုတ်ဘူး။ အဲဒီတော့ ၄၃၆ ပြင်ဆင်ရေးကိစ္စကတော့ ဒီအတိုင်းဆိုရင် အလှမ်းဝေး နေ
ဆဲပါ”လို့လည်း ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

Loading