ယခုအချိန်က စပါးတောင်လိုပုံ၍ ပျော်ရွှင်နေရမည့် အချိန်ဖြစ်သည် ဟု လယ်သူမကြီး ဒေါ်မိုးမိုးတို့ မိသားစုက တွေးထင်ထား ကြသည်။ သို့သော် သူမတို့ မိသားစု အပါအဝင် ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ သင်္ကန်းလေး ကျေးရွာအုပ်စုတွင် နေထိုင်သူ လယ်သမားများအားလုံး ကံဆိုးခဲ့ကြရသည်။
ထင်မှတ် မထားသော အချိန်တွင် ဖြစ်ပေါ်လာသော မုန်တိုင်း၏ အရှိန်ကြောင့် ယခုလို စပါးပင်များ ရင့်မှည့်ချိန်၌ ပင်လယ်ရေငန်များ ဝင်ရောက်လာ သဖြင့် စပါးခင်းများ ပျက်စီးသွားကုန်ရာ ပါးစပ်နား ရောက်ခါနီး ထမင်းလုတ်ကို ပုတ်ချခံရသလို အဖြစ်မျိုး သူမတို့မိသားစု ကြုံတွေ့လိုက်ရသည်။
“နာဂစ်ဖြစ်တုန်းက လယ်ယာတွေ၊ သီးနှံတွေ၊ စီးပွားဥစ္စာတွေ ပျက်စီးခဲ့လို့ ပြန်ပြီး ကြိုးစားလာခဲ့တာ အခု ဒီနှစ်ကျမှ အဆင်ပြေ မလိုရှိသေးတယ်၊ တခါထပ်ပြီး အဖြစ်ဆိုး ပြန်ကြုံတွေ့ ရတယ်” ဟု လယ်သူမကြီး ဒေါ်မိုးမိုးက ညည်းညူ ပြောဆို နေသည်။
လယ်သူမကြီး ဒေါ်မိုးမိုးတို့လို ဘဝတူ လယ်သမား တွေ အတွက် စပါးခင်းပျက်ပြီ ဆိုသည်နှင့် စိုးရိမ်ပူပန်မှု သောက မီးပေါင်း မြောက်မြားစွာ တောက်လောင် လေတော့သည်။ ဒေါ်မိုးမိုး၏ အတွေးထဲတွင် မိသားစု စားဝတ် နေရေး အဆင်ပြေပါ့မလား၊ ကလေးတွေရော ကျောင်း ထားနိုင်ပါ့မလား၊ နောင်နှစ်ရော လယ် ပြန်စိုက်နိုင်ပါ့မလား စသည့် သောကပေါင်း မြောက်မြားစွာ အထပ်ထပ် ဖြစ်နေသည်။
သောကများစွာထဲမှ အစိုးရ၏ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် (လယ်သမားအခေါ် စိုက်ဘဏ်) မှ ၁ ဧကလျှင် ကျပ် ၁ သိန်း နှုန်းဖြင့် ချေးယူထားသည့် စိုက်ပျိုးစရိတ်ချေးငွေများ ပြန်မဆပ်နိုင်မည်ကို သူမတို့ အစိုးရိမ်ဆုံး ဖြစ်သည်ဟု ဒေါ်မိုးမိုးက ပြောသည်။
အစိုးရ ချေးငွေကို မဆပ်နိုင်ပါက နောင်နှစ် အတွက် စိုက်ပျိုးစရိတ် ထုတ်မပေးလျှင် သူမတို့ အတွက် လယ်ပြန် စိုက်နိုင်ရန် ပိုမိုခက်ခဲသွားမည် ဖြစ်ပြီး စိုက်ဘဏ်ချေးငွေ မဆပ်သဖြင့် နို့တစ်စာ (သတိပေးစာ) ပေးပို့ခံရခြင်း၊ နေအိမ်နှင့် စပါးခင်းများ ဝရမ်းကပ်ခံရမည်ကို တွေးကြည့်ရုံဖြင့် ဒေါ်မိုးမိုး တယောက် ကြောက်ရွံ့နေသည်။
“ကျမတို့ စိုက်ထားတဲ့လယ်တွေ ပျက်စီးကုန်တော့ ဒီနှစ်အတွက် စိုက်ဘဏ်ကို ပြန်ဆပ်ဖို့က အရမ်း အခက်အခဲ ဖြစ်နေတယ်။ ကျမတို့ မဆပ်ချင်တာ မဟုတ်ဘူး။ ဆပ်ဖို့ အဆင်မပြေတာပါ” ဟု ဒေါ် မိုးမိုးက ဧရာဝတီကို ပြောသည်။
ဧရာဝတီတိုင်း အတွင်း ဒေါ်မိုးမိုးကဲ့သို့ အကြောင်း အမျိုးမျိုးကြောင့် ၂၀၁၃ ခုနှစ်က ထုတ်ချေးထားသည့် မိုးစပါးနှင့် ဆောင်းစပါး စိုက်ပျိုး စရိတ်ချေးငွေများ ပြန်မဆပ်နိုင်သူ လယ်သမားပေါင်း ၁၅၀ဝ၀ ကျော် ရှိပြီး ငွေကြေးအားဖြင့် ကျပ်ငွေ ၈ ဒသမ ၉ ဘီလီယံ (သန်း ၈၉၀ဝ) ကျော် ကျန်ရှိနေကြောင်း သိရသည်။
အစိုးရက ၂၀၁၃ မိုးစပါးနှင့် ဆောင်းစပါး အတွက် လယ်သမားများအား ကျပ် ၁၀ဝ လျှင် ၄၁ ပြား အတိုးနှုန်းဖြင့် စိုက်ပျိုးစရိတ် ကျပ် ၃၃၄ ဘီလီယံကျော် ထုတ်ချေးထားခဲ့သည်ဟု ဆိုသည်။
ဧရာဝတီတိုင်း အတွင်းရှိ မြို့နယ် ၂၆ မြို့နယ် အနက် ၁၀ မြို့နယ်မှ လယ်သမားများသာ ချေးငွေ အကျေဆပ်နိုင်ပြီး တိုင်းအစိုးရ ရုံးစိုက်ရာ ပုသိမ်မြို့ အပါအဝင် မြို့နယ် ၁၆ မြို့နယ်မှ လယ်သမားများ သည် ချေးငွေများ ပြန်လည် ပေးဆပ်ရန် ပျက်ကွက်မှုများ ရှိနေသည်ဟု သိရသည်။ ချေးငွေ ပြန်လည် မဆပ်သည့် အများဆုံး မြို့နယ်မှာ ဘိုကလေးမြို့နယ်ဖြစ်ပြီး လပွတ္တာမြို့နယ်နှင့် မော်လမြိုင်ကျွန်း မြို့နယ်တို့မှာ ဒုတိယနှင့် တတိယနေရာ တွင် ရှိနေသည်။
လက်ရှိတွင် ဧရာဝတီတိုင်း လယ်ယာဖွံ့ဖြိုးရေး ဘဏ်၏ ညွှန်ကြားချက်ဖြင့် သက်ဆိုင်ရာ မြို့နယ် လယ်ယာဖွံ့ဖြိုးရေး ဘဏ် မန်နေဂျာများက ချေးငွေ မဆပ်နိုင်သည့် လယ်သမားများ စိုက်ပျိုးထားသော စပါးများနှင့် နေအိမ်တို့အား ဝရမ်းကပ်ခြင်း၊ ချေးငွေ လိမ်လည် ထုတ်ယူသူများအား ပုဒ်မ ၄၂၀ (လိမ်လည်မှု) ဖြင့် တရားစွဲဆိုခြင်းများ ပြုလုပ်နေသည် ဟု ဒေသခံ လယ်သမားများက ပြောသည်။
ချေးငွေ ပြန်မဆပ်သဖြင့် အရေးယူ ဆောင်ရွက်နေသော မြို့နယ်များမှာ ပုသိမ်ခရိုင်တွင် ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ငပုတော၊ ကျောင်းကုန်း၊ ရေကြည်၊ ဟင်္သာတခရိုင်တွင် အင်္ဂပူ၊ လေးမျက်နှာ၊ မြောင်းမြ ခရိုင်တွင် မြောင်းမြ၊ ဝါးခယ်မ၊ လပွတ္တာခရိုင်တွင် လပွတ္တာနှင့် မော်လမြိုင်ကျွန်း၊ မအူပင်ခရိုင်တွင် မအူပင်၊ ပန်းတနော်နှင့် ဖျာပုံခရိုင်တွင် ဘိုကလေး နှင့် ဒေးဒရဲမြို့နယ်များ ဖြစ်ကြောင်း တိုင်းလယ်ယာ ဖွံ့ဖြိုးရေး ဘဏ်က ထုတ်ပြန်ထားသည်။
ထိုသို့ အရေးယူမှုနှင့် ပတ်သက်ပြီး တိုင်းလယ်ယာ ဖွံ့ဖြိုးရေးဘဏ် မန်နေဂျာ ဦးခင်မာင်လွင်က “ကျနော်တို့ ဌာနဟာ လယ်သမားတွေကို ကူညီပေးနေတဲ့ မိတ်ဆွေဌာနပါ။ ရန်သူဌာန မဟုတ်ပါဘူး။ အခုလို အရေး ယူမှုတွေ လုပ်ရတာ ကလည်း မလွှဲမရှောင်သာ ဖြစ်ပါတယ်။ ဒီလို ချေးငွေ မကျေတာတွေ များသထက် များလာရင် ချေးငွေ လမ်းကြောင်း ပိတ်ဆို့ သွားနိုင်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
လယ်ယာဖွံ့ဖြိုးရေး ဘဏ်က စိုက်ပျိုးစရိတ် ချေးငွေများကို စိုက်ပျိုးရာသီ အချိန်မီ ထုတ်မပေးနိုင်ခြင်း၊ ဆန်စပါး ဈေးကွက် ခိုင်မာမှု မရှိခြင်းနှင့် ရာသီဥတု ဖျက်ဆီးခြင်း တို့ကြောင့် လယ်သမားများသည် အစိုးရချေးငွေကို ပြန်မဆပ် နိုင်ခြင်း ဖြစ်သည်ဟု လပွတ္တာအခြေစိုက် တောင်သူ လယ်သမားသမဂ္ဂက ပြောသည်။
“လယ်သမားတွေကို အစိုးရက စိုက်ပျိုး စရိတ် အချိန်မီ ထုတ်မပေးနိုင်ဘူး။ စိုက်ပျိုးချိန် လွန်ပြီးမှ စိုက်ပျိုး စရိတ် ထုတ်ပေးတော့ လယ်သမားက အပြင်က ငွေရှာပြီး စိုက်ပျိုးရတယ်။ အဲဒီတော့ သူတို့ ဘဝက အကြွေးသံသရာ လည်နေတယ်။ ဈေးကွက် ကျတော့ အာမခံချက် မရှိဘူး။ လယ်သမား လက်ထဲမှာ စပါး မရှိတဲ့ အချိန်ကျမှ ကုန်သည် လက်ထဲ စပါးရောက်ချိန်ကျမှ ဈေးကောင်းရော။ ကြိုက်သလောက် စပါးဈေးတက်။ လယ်သမား အများစု အကျိုး မခံစားရဘူး” ဟု တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးအောင်မိုးဝင်းက ပြောသည်။
အစိုးရဘဏ်ချေးငွေ ပြန်မဆပ်နိုင်ကြသည့် လတ်တလော အခြေအနေ တခုတည်းကို မကြည့်ဘဲ ခေတ်အဆက်ဆက် လယ်သမားများ ဆင်းရဲဒုက္ခ ရောက်ခဲ့ကြရသည့် အခြေအနေကိုပါ ထည့်သွင်း စဉ်းစားရန် လိုသည်ဟု ဦးအောင်မိုးဝင်း က ထောက်ပြ ပြောဆိုသည်။
“လယ်သမားတွေဟာ ခေတ်အဆက်ဆက် နင်းပြားဘဝနဲ့ အတိဒုက္ခ ရောက်ခဲ့ကြတယ်။ အဲဒါကိုလည်း ထည့်သွင်း စဉ်းစားဖို့ လိုတယ်” ဟု ၎င်းက ပြောသည်။
လယ်သမားများသည် အင်္ဂလိပ်အစိုးရ လက် ထက်တွင် မြေခွန်၊ လူခွန်နှင့် သီးစားခအခွန်များ အဓမ္မကောက်ခံမှုကို ခံခဲ့ရသည်။ များပြားလှသည့် အခွန်များ ထမ်းဆောင်ရင်း စပါးဈေး မကောင်း၍ စီးပွားရေး မပြေလည်ချိန်တွင် လယ်သမားတို့မှာ ချစ်တီးကုလား သူဌေးတို့ဆီမှ ငွေချေးကာ စပါးစိုက် ပျိူးခဲ့ကြသည်။ နောက်ဆုံးတွင် လယ်သမားတို့၏ တခုတည်းသော အသက်မွေးရာ လယ်ယာမြေများမှာ ချစ်တီး ကုလားတို့၏ အကြွေးဖြင့် အဓမ္မ သိမ်းယူခြင်း ခံခဲ့ရသည်။
၁၉၆၃ ခုနှစ်တွင် အာဏာ သိမ်းပြီး ပထမဆုံး စစ်အုပ်ချုပ်ရေး စနစ် အသက် သွင်းခဲ့သူ ဗိုလ်ချုပ်ကြီး နေဝင်း၏ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) လက်ထက်တွင် အစိုးရတာဝန်ကျေ စပါးဆိုသော ကြိမ်လုံးဒဏ်ကို လယ်သမားများ ကျောကော့အောင် ခံစားခဲ့ရသည်။ တဧကလျှင် စပါး ၁၂ တင်းနှုန်း အစိုးရ စပါးဒိုင်သို့ မဖြစ်မနေ ပေးသွင်းရသည့် တာဝန်ကျေ စပါးကို မပေးသွင်း နိုင်သည့် လယ်သမားများအား အစိုးရအာဏာပိုင်များက နေပူလှန်းခြင်း၊ ရိုက်နှက်ခြင်း၊ ဖမ်းဆီးချုပ်နှောင်ခြင်းများ ပြုလုပ်ကာ ညှဉ်းပန်းနှိပ်စက်ခဲ့ ကြသည်။
အချုပ်အနှောင်ခံရမည့်ဘေး၊ နေလှန်းခံရမည့် ဘေးများကို ကြောက်၍ တာဝန်ကျေစပါး ပြည့်မီရန် မျိုးစပါး၊ အိမ်စားဖို့ ဝမ်းစာ စပါးပင် မချန်ဘဲ လယ်သမားများ အငတ်ခံပြီး အစိုးရကို ပေးဆပ်ခဲ့ ရသည်။ ရှိသမျှပစ္စည်း ထုခွဲ ရောင်းချပြီး တာဝန်ကျေ စပါး ပေးသွင်းခဲ့ရသည်။ မဆလခေတ်ကို ဖြတ်သန်းခဲ့ဖူးသော ဆင်းရဲသား လယ်သမားကြီးများ တချို့ဆိုလျှင် လယ်ဆိုသည်ကို လှည့်၍ပင် မကြည့်ချင် လောက်အောင် စိတ်နာသည်ဟု ပြောဆိုကြသည်။
တဖန် ၁၉၈၈ လူထု အရေးတော်ပုံကြောင့် မဆလအစိုးရ ပြုတ်ကျပြီး အာဏာသိမ်းကာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ကြသည့် ဗိုလ်ချုပ်မှူးကြီး စောမောင် ဦးဆောင်သည့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) လက်ထက်တွင် တောင်သူလယ်သမားများမှာ စစ်တပ်၊ ဌာနဆိုင်ရာ၊ ကုမ္ပဏီနှင့် အစိုးရ လက်ဝေခံ အဖွဲ့အစည်း အမျိုးမျိုးတို့၏ လယ်ယာမြေ အဓမ္မသိမ်းယူခြင်းများ ခံခဲ့ရပြန်သည်။
ယနေ့ စပါး စိုက်ပျိုးနေသော လယ်ကွင်းမှာ နောက်တနေ့ စီမံကိန်းနယ်မြေ ဖြစ်သွားပြီး တောင်သူလယ်သမားပေါင်း ထောင်နှင့် သောင်းနှင့်ချီ၍ လယ်မဲ့ယာမဲ့ဘဝ ရောက်ကာ ဘဝပျက်နေကြရသည်။ လယ်သမား အများစုသည်လည်း ယနေ့တိုင် လက်လွတ်ဆုံးရှုံးခဲ့သည့် လယ်ယာမြေများ ပြန်မရသေးသည့် အခြေအနေ၌ ရှိနေကြသေးသည်။ ယခင် စစ်အစိုးရ လက်ထက်က စိုက်ပျိုးစရိတ် ချေးငွေ ကျပ် ၂ သောင်း ထောက်ပံ့ခဲ့ခြင်းက လယ်သမားများ အကြွေးသံသရာ လည်စေခဲ့သည် ဟု လယ်သမားများက ပြောဆိုသည်။
“အရင် အစိုးရ လက်ထက်က လယ် ၁ ဧကမှ ၂ သောင်းပဲ ချေးတာလေ။ လယ်သမားက ဒီငွေ ၂ သောင်းနဲ့ ဘယ်လိုလုပ် စပါးစိုက်မလဲ။ မလောက်တော့ အတိုးကြီးကြီးနဲ့ အပြင်က ချေးရတယ်။ မစိုက် ရသေးတဲ့ စပါးကို ဈေးပေါပေါနဲ့ ကြိုရောင်းရတယ်။ စပါးပေါ်တော့ အကြွေး ထိုးဆပ်ရတယ်။ နောင်နှစ် စိုက်ဖို့ တခါပြန်ချေး ရတယ်။ ဒီလိုမျိုး အကြွေးသံသရာနဲ့ လယ်သမားဘဝက ဖြတ်သန်းခဲ့ကြရတာ” ဟု ကန်ကြီးထောင့်မြို့နယ် ဝဲကျေးရွာမှ လယ်သမား ဦးလှဌေးက ပြောသည်။
လယ်သမားများ ချေးငွေကြွေးကျန်ကိစ္စတွင် အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းတို့၏ အကျင့်ပျက် ခြစားမှုများ ပါဝင် ပတ်သက်နေသည်ဟု သိရသည်။ ဧရာဝတီတိုင်း၌ အောက်ခြေ ရပ်ကွက်နှင့် ကျေးရွာ/အုပ်စုများတွင် လယ်မရှိဘဲ ချေးငွေ လိမ်လည် ထုတ်ယူမှုများ၊ အမှန်ကတယ် လုပ်ကိုင်နေသည့် လယ်ပမာဏထက် ပိုမိုထုတ်ယူမှု အများအပြား ရှိနေပြီး၊ ထိုသို့ ထုတ်ယူနိုင်ရန် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်း ဝန်ထမ်းတို့က ကူညီလုပ်ဆောင်ပေးနေသည် ဟု လယ်သမားများက ပြောသည်။
“ချေးငွေ ပြန်မဆပ်သူတွေထဲမှာ လိမ်ထုတ်သူတွေ အများကြီး ပါတယ်။ ဒီလို လိမ်ထုတ်နိုင်အောင်လည်း အောက်ခြေက ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ မြေစာရင်းတွေက ကူညီပေးနေတာ ရှိတယ်။ အဲဒီတော့ ပုဒ်မ ၄၂၀ (လိမ်လည်မှု) နဲ့ အရေးယူမယ် ဆိုရင် လိမ်ထုတ်တဲ့ လယ်သမားတင်မက ကူညီပေးတဲ့ သူတွေပါ အရေးယူသင့်တယ်။ ဒါမှသာ အဲ့ဒီလို လိမ်ထုတ်တာတွေ ရပ်တန့်သွားမယ်” ဟု ကန်ကြီးထောင့်မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးချစ်လွင်က ဆိုသည်။
စိုက်ပျိုးစရိတ် ပြန်မဆပ်သူ လယ်သမားထဲတွင် အမျိုးအစား ၃ မျိုး ကွဲပြားနေသည်ကို တွေ့ရသည်။ ပထမ အမျိုးအစားမှာ အကြွေးပတ်လည်ဝိုင်းနေ၍ အမှန်တကယ် ပြန်မဆပ်နိုင်သူဖြစ်ပြီး၊ ဒုတိယ အမျိုးအစားမှာ ငွေရှိသော်လည်း တခြားသူများ မဆပ်၍ ပြန်မဆပ်ဘဲ အစိုးရချေးငွေအား အခြား နည်းဖြင့် အသုံးပြုနေသူများ ဖြစ်သည်။ တတိယ အမျိုးအစားမှာ လယ်မရှိဘဲ ချေးငွေ လိမ်လည်ထုတ်ယူသူ ဖြစ်ကြောင်း သိရှိရသည်။
ဒုတိယနှင့် တတိယ အမျိုးအစားများတွင် ပါဝင်သည့် လယ်သမားများကို ဥပဒေအရ အရေးယူ သင့်သော်လည်း အကြွေး ပတ်လည်ဝိုင်းနေ၍ အမှန်တကယ် ပြန်မဆပ်နိုင်သူ လယ်သမားများ အတွက် သီးခြား စီစဉ်ပေးသင့်သည် ဟု လယ်သမားများက ဆိုသည်။
“ရာသီဥတု ဖျက်ဆီးလို့ အမှန်တကယ် ပြန်မဆပ်နိုင်တဲ့ လယ်သမားကို ဖမ်းဆီးအရေးယူမယ် ဆိုရင် အဲဒီ လယ်သမား မိသားစု ဘဝပျက်တာပဲ အဖတ်တင်မယ်။ အစိုးရငွေတော့ ပြန်ဆပ်နိုင်ဖို့ မလွယ်ဘူး” ဟု လယ်သမား ဦးလှဌေးက ပြောသည်။
အစိုးရက လယ်သမားတို့ အကြွေးနွံနစ်နေရသည့် အဓိကအကြောင်းရင်းကို ရှာဖွေပြီး ဖြေရှင်းပေးသင့်ကြောင်း တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦး အောင်မိုးဝင်းက ပြောသည်။
“လယ်သမားတွေ ဘယ်ဟာတွေ အခက်တွေ့ နေတာလဲ။ ဘယ်ဟာကို ဖြေရှင်းပေးသင့် သလဲ။ ဘာတွေ ပံ့ပိုးရင် ဒီဘဝက လွန်မြောက် သွားနိုင်မလဲ ဆိုတာကို အစိုးရအနေနဲ့ စဉ်းစားစေချင်တယ်။ အမှန်တကယ် မရှိလို့ မပေးဆပ်နိုင် သူကို တရားမစွဲဘဲနဲ့ ဘယ်လို ဖြေလျှော့လို့ ရမလဲ ဆိုတာ စဉ်းစားစေချင် ပါတယ်” ဟု ၎င်းက ဆိုသည်။
အစိုးရက လယ်သမားချေးငွေ ပြန်မဆပ်သည့် ကိစ္စအား ကြမ်းတမ်းစွာ ကိုင်တွယ်ပါက လယ်သမားများ လယ်ယာ လုပ်ငန်းခွင်ကို စွန့်ခွာသွားနိုင်သည် ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား အသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။
“အမှန်တကယ် မရှိလို့ မပေးနိုင်တဲ့ လယ်သမား ကို ဝရမ်းကပ်မယ်၊ ဖမ်းမယ်ဆီးမယ် ဆိုရင်တော့ အဲဒီလယ်သမားက ရှိတဲ့လယ်ကို ရောင်းပြီး ဆပ်မယ်။ လယ်ယာလုပ်ငန်းခွင်ကို စွန့်ခွာပြီး နိုင်ငံခြားထွက် အလုပ် လုပ်တာတွေ ဖြစ်လာ လိမ့်မယ်” ဟု ၎င်းက ဆက်ပြောသည်။
သဘာဝ ဘေးကြောင့် လယ်ယာပျက်စီး သွားသူများ အတွက် သမ္မတ သုံးစွဲခွင့် ရှိသည့် သဘာဝဘေး အန္တရာယ် ရန်ပုံငွေဖြင့် ထောက်ပံ့ ကူညီပေးသင့်ကြောင်း၊ လယ်မပျက်ဘဲ အကြွေး မဆပ်နိုင်သူ လယ်သမား အတွက် လယ်/ဆည် ဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင် ဦးဆောင်သည့် တောင်သူလယ်သမား အကျိုးစီးပွား ကာကွယ် မြှင့်တင်ရေး ဦးဆောင် ကော်မတီအနေဖြင့် နှစ်ရှည်ချေးငွေ အစီအမံ တရပ်ချမှတ် ဆောင်ရွက်သင့်ကြောင်း ဒေါက်တာ စိုးထွန်းက အကြံပြု ပြောဆိုသည်။
“လယ်သမားတွေ အတွက် နှစ်ရှည် ချေးငွေရအောင် ဥပဒေအရ လုပ်ဆောင် ပေးသင့်တယ်။ ဒီကိစ္စဟာ အစိုးရ အနေနဲ့ အမြန်ဆုံး ဖြေရှင်းရမယ့် ပြဿနာတရပ်လို့ မြင်တယ်။ အဲဒီလို မဟုတ်ရင် နောက်ဆက်တွဲ ပြဿနာတွေက ကျနော်တို့ တိုင်းပြည် အပေါ် အကျိုးသက်ရောက်မှုတွေ အများကြီး ဖြစ်လာနိုင်မယ် ထင်ပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
လယ်များ ရေနစ်မြုပ် ဆုံးရှုံးခဲ့ရသူ လယ်သူမကြီး ဒေါ်မိုးမိုးကတော့ အစိုးရ လယ်ယာဘဏ် ချေးငွေ ကို မူလအတိုင်း ဆက်လက်ထုတ်ချေးစေလိုပြီး ယမန်နှစ်က အကြွေးကိုတော့ အရစ်ကျစနစ်ဖြင့် ပေးဆပ်ခွင့် ပြုရန် မျှော်လင့်နေသည်။ သို့မှသာ သူတို့ မိသားစု၏ တခုတည်းသော အသက်မွေးဝမ်းကျောင်း ပြုရာ လယ်ယာလုပ်ငန်းကို ဆက်လက် လုပ်ကိုင်နိုင်မည်ဖြစ်ပြီး အကြွေးပတ်လည် ဝိုင်းနေသည့် ဘဝမှ လွတ်မြောက်ဖို့ မျှော်လင့်နိုင်မည် ဖြစ်သည်။ ။
(ဆလိုင်းသန့်စင်သည် ဧရာဝတီသတင်းဌာန၏ အကြီးတန်း သတင်းထောက် တဦးဖြစ်ပြီး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ သတင်းနှင့် ဆောင်းပါးများ ရေးသားလျက်ရှိသည်။)