တစုံတယောက်ရဲ့ အမိန့်နဲ့ လုပ်တဲ့ ပညာရေး မဖြစ်ရဘူး

ဧရာဝတီ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

ကျောင်းသားသမဂ္ဂများ အပါအဝင် ကျောင်းသားထုတရပ်လုံး ကန့်ကွက်နေသည့်ကြားမှ ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်မှ အမျိုးသားပညာရေး ဥပဒေကို အတည်ပြုပြဋ္ဌာန်း လိုက်သည်။ မြန်မာနိုင်ငံ၏ ပညာရေး ပြုပြင်ပြောင်းလဲမှုအပေါ် သမ္မတ ဦးသိန်းစိန် အစိုးရအနေဖြင့် မည်သို့ သဘောထားမျိုး ရှိပါသနည်း။ ယခင် မဆလခေတ်နှင့် စစ်အစိုးရ လက်ထက်တို့တွင် ကျင့်သုံးခဲ့သည့် ဗဟိုချုပ်ကိုင်မှု ပညာရေးစနစ်ကို ဆက်လက်ကျင့်သုံးနေပါသလား စသည်တို့နှင့် ပတ်သက်၍ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်မှ ကိုယ်စားလှယ် ဒေါက်တာသိန်းလွင်အား ဧရာဝတီသတင်းဌာန၏ အကြီးတန်းသတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်။

ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ရက်အဖွဲ့ (NNER) ကို ၂၀၁၃ ခုနှစ် ဇန်နဝါရီလဆန်းတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် အောက်တိုဘာလက ရန်ကုန်၊ ခရစ်ယာန် ဓမ္မတက္ကသိုလ် (အင်းစိန်) တွင် ကျင်းပခဲ့သော ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အဖွဲ့အစည်းများ၊ ပညာရှင်ပုဂ္ဂိုလ်များ၊ ကျောင်းသားပြည်သူများမှ ကိုယ်စားလှယ်များ ပါဝင်သည့် ကွန်ရက်ဖြစ်သည်။

NNER အဖွဲ့သည် မြန်မာနိုင်ငံ ဒေသအသီးသီးတွင် ပညာရေး ဆွေးနွေးပွဲပေါင်းများစွာ ကျင်းပခဲ့ပြီး ပြည်သူလူထု၏ ပညာရေးအပေါ် သဘောထား အမြင်များကို လေ့လာစုစည်းနေသော အဖွဲ့အစည်း တခုဖြစ်သည်။

ဧရာဝတီ။     ။ ဆိုရှယ်လစ်ခေတ်နဲ့ စစ်အစိုးရ လက်ထက်က ကျင့်သုံးခဲ့တဲ့ ဗဟိုချုပ်ကိုင်မှု ပညာရေးစနစ်ကနေ အခု သမ္မတဦးသိန်းစိန် လက်ထက်မှာ ပြောင်းလဲဖို့ ကြိုးစားနေတဲ့ ပညာရေးစနစ်မှာ ဘာတွေတိုးတက်လာပြီလို့ မြင်ပါသလဲ။

ဒေါက်တာသိန်းလွင်။     ။ အရင် မဆလ လက်ထက်ကလည်း ဗဟိုချုပ်ကိုင်တဲ့ ပညာရေးစနစ်ပဲ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရ အုပ်ချုပ်တဲ့ နောက်ပိုင်းမှာလည်း ဗဟိုချုပ်ကိုင်တဲ့ တင်းကျပ်တဲ့ ပညာရေးစနစ်ပဲ။ အခု သမ္မတ ဦးသိန်းစိန်လက်ထက် ရောက်လာတော့လည်း နဂိုအတိုင်းပဲ။ ပြောင်းလဲလာတာဆိုလို့ စကားလုံးပဲပြောင်းတယ်။ မဆလခေတ်က ဆိုရှယ်လစ် စကားလုံးအစား ဒီမိုကရေစီလို့ ပြောင်းလိုက်တာမျိုး လောက်ပဲရှိတယ်။ ဒါပေမယ့် ဖိနှိပ်ချုပ်ချယ်တာခြင်း အတူတူပဲ။ ဗဟိုချုပ်ကိုင်တာခြင်း အတူတူပဲ။ သင်ရိုးညွှန်းတမ်း ချုပ်ကိုင်တာခြင်း အတူတူပဲ။ ဆရာတွေရဲ့ လွတ်လပ်ခွင့်တွေ ချုပ်ကိုင်တာ အတူတူပဲ။ ဒီချုပ်ကိုင်တဲ့ ပညာရေးစနစ်ဖြစ်တဲ့အတွက် အရင်ကထက် ဘာမှမထူးခြားလာဘူးလို့ ကျနော်ကတော့ မြင်တယ်။

ဧရာဝတီ။     ။ ဒါဆို အစိုးရက ပြောနေတဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှုတွေ လက်တွေ့ လုပ်ဆောင်နေပါတယ် ဆိုတဲ့အပေါ်မှာရော ဆရာ့အမြင်ပြောပြပေးပါ။

ဒေါက်တာသိန်းလွင်။     ။ တကယ်လက်တွေ့ လုပ်ဆောင်နေတယ်လို့ဆိုရင် ကာတွန်းဆရာကြီး ဦးဘဂျမ်းရဲ့ ကာတွန်းတခုကို သတိရမိတယ်။ ကာတွန်းမှာ တကွက်က အိမ်တအိမ်ကို ဓားပြတိုက်နေတာ၊ အိမ်ရှင်ကိုကြိုးနဲ့တုပ်ပြီး အိမ်ထဲကပစ္စည်းတွေကို သယ်သွားတဲ့ပုံ၊ ဒုတိယ တကွက်က ရဲတွေကလာပြီး ဓားပြမှုကို စစ်ဆေးတဲ့ပုံ၊ အဲဒီမှာ အိမ်ရှင်ပြောတဲ့ စကားလေး “ဟိုနေ့တုန်းက ဓားပြတိုက်တော့လည်း မင်းတို့ပဲတဲ့၊ ဒီနေ့ ရဲဝတ်စုံနဲ့ ဓားပြမှု လာစစ်ဆေးတော့လည်း မင်းတို့ပဲတဲ့၊ ငါ့မှာ ခက်ပါတယ်”တဲ့။ ဆိုတော့ အရင်ပညာရေး စနစ်ကို ဖျက်တာကလည်း ဒီလူတွေပဲ၊ ပညာရေးစနစ်ကို ပြောင်းတယ်လို့ ပြောတာတွေလည်း ဒီလူတွေပဲ။ အဲဒီတော့ ကာတွန်းဦးဘဂျမ်းရဲ့ ကာတွန်းနဲ့ပဲ တူနေတယ်လို့ ကျနော်ပြောချင်ပါတယ်။

ဧရာဝတီ။     ။  အခုလက်ရှိ မြန်မာနိုင်ငံ ပညာရေးအခြေအနေကို ကြည့်မယ်ဆိုရင် ပညာရေးကဏ္ဍမှာ ဘာတွေပြုပြင် ပြောင်းလဲဖို့လိုပါသလဲ။

ဒေါက်တာသိန်းလွင်။     ။ တစုံလုံးပြောင်းဖို့လိုတယ်။ ပညာရေးစနစ် တခုလုံး ပြောင်းဖို့လိုတယ်။ ပညာရေးစနစ် တခုလုံးက ဒီမိုကရေစီ နည်းလမ်းကျတဲ့ ပညာရေးစနစ် ဖြစ်ဖို့လိုတယ်။ ပညာရေးမူဝါဒကို ပြန်လည်ချမှတ်ဖို့လိုတယ်။ပညာရေးမူဝါဒက ဆရာတွေရော၊ ကျောင်းသားတွေရော၊ ပြည်သူလူထုရော၊ ပညာရှင်ရော အကြံဉာဏ်တွေပါတဲ့ ပညာရေးမူဝါဒမျိုး ဖြစ်ဖို့လိုတယ်။ အဲဒီကနေ စလုပ်ရမှာ။

စလုပ်တဲ့အခါမှာ ဒီအခြေခံပညာရေးရော၊ တက္ကသိုလ်ပညာရေးရော သူ့ဒေသအလိုက် ဖွံ့ဖြိုးခွင့် ရှိတဲ့ ပညာရေးဖြစ်ရမယ်။ သူ့ဒေသအလိုက် ဒေသခံတွေဟာ သင်ရိုးညွှန်းတမ်း တခုတည်းကို ဖတ်စာအုပ် တခုတည်းကို တနေရာတည်းကနေ ရေးပြီးတော့ တပြည်လုံးသင်နေရတာက သဘာဝမကျဘူး။ ကိုက်လည်း မကိုက်ညီဘူး။ ဒေသခံ အသုံးအနှုန်းတွေ၊ ယဉ်ကျေးမှုတွေ၊ အလေ့အထတွေ မတူဘူး။ အဲဒီတော့ သူ့ဒေသအလိုက် ဖွံ့ဖြိုးတဲ့ သင်ရိုးညွှန်းတမ်းတွေ ရှိဖို့လိုတယ်။ လွတ်လပ်ခွင့်ရှိဖို့လိုတယ်။ သင်ရိုးညွှန်းတမ်း လွတ်လပ်ခွင့် ရှိဖို့လိုတယ်။

ဆရာတွေ ခန့်ထားခွင့်တွေ လွတ်လပ်ခွင့်ရှိဖို့ လိုတယ်။ ဘာသာစကား သင်ကြားခွင့်တွေ လွတ်လပ် ခွင့်ရှိဖို့လိုတယ်။ အဲဒီအခြေခံပညာရေးမှာလည်း ဒီလွတ်လပ်ခွင့်တွေ ရှိဖို့လိုတယ်။ အဆင့်မြင့် ပညာရေးမှာလည်း လွတ်လပ်ခွင့်ရှိဖို့ လိုတယ်။ အဲဒီလို လွတ်လပ်တဲ့ ပညာရေးစနစ်မျိုးဖြစ်သင့်တယ်။

နောက်ပြီး ဖောင်ကြီးသင်တန်းတွေမှာ ဆရာတွေအတွက်ပေးနေတဲ့ သင်ကြားနည်းတွေက သင်တန်းမဟုတ်ဘူး။ အဲဒီစစ်သင်တန်းတွေက မလိုအပ်ဘူး။ နောက်တခါနည်း စနစ်တမျိုးတည်း သင်ခိုင်းတာကလည်း မအောင်မြင်ဘူး။

ဆရာတွေကို အရည်အချင်း မြှင့်တာလုပ်ပေးသင့်တယ်။ အဲဒါတွေမလုပ်ပေးဘဲနဲ့ နည်းစနစ်တမျိုးကို လုပ်ခိုင်း၊ ပြီးတော့ ပညာရေးစနစ်ရော စာမေးပွဲစနစ်ရော မပြင်ဘဲနဲ့ လုပ်နေမယ်ဆိုရင်တော့ ဘာမှအောင်မြင်မှာ မဟုတ်ဘူး။ အဲဒါတွေကို ပြုပြင်ပစ်ရမှာဖြစ်တယ်။

ဧရာဝတီ။     ။  တကယ်လွတ်လပ်တဲ့ ပညာရေးစနစ်ဖြစ်ဖို့ဆိုရင် ဘယ်လိုမူဘောင်မျိုးတွေ ချမှတ်သင့်ပါသလဲ။

ဒေါက်တာသိန်းလွင်။     ။ ဒီမိုကရေစီနည်းကျတဲ့ မူဘောင်မျိုး ဖြစ်သင့်တယ်။ အားလုံးပါဝင်မှုရှိဖို့လိုတယ်။ ပညာရေးရဲ့ ဆုံးဖြတ်မှု အဆင့်ဆင့်မှာ ကျောင်းသားတွေရော၊ ဆရာတွေရော ပါဝင်ဖို့လိုတယ်။ တစုံတယောက်ရဲ့ အမိန့်နဲ့လုပ်တဲ့ ပညာရေး မဖြစ်ရဘူး။ ဆုံးဖြတ်ချက်တိုင်းမှာ  အားလုံးပါဝင်နိုင်တာမျိုး ဖြစ်ရမယ်။ တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းချင်တယ်ဆိုရင်၊ တက္ကသိုလ်များ ပြုပြင်ချင်တယ်ဆိုရင် တက္ကသိုလ် ဆရာအချင်းချင်း ညှိနှိုင်းတဲ့ ပြုပြင်ပြောင်းလဲမှုမျိုး ဖြစ်သင့်တယ်။ အပေါ်ကနေ အစိုးရက ဘာလုပ်ပါ လို့ခိုင်းတဲ့ ပြုပြင်ပြောင်းလဲမှုမျိုးမဖြစ်သင့်ဘူး။

ဧရာဝတီ။    ။  အခုလက်ရှိ မြန်မာနိုင်ငံမှာဆို လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၊ ဘာသာပေါင်းစုံ ရှိနေတာဆို တော့တကယ်တမ်းမြန်မာနိုင်ငံမှာ ပညာရေးမူဝါဒ ချမှတ်မယ်ဆိုရင် ဘာတွေထည့်သွင်းဖို့လိုပါသလဲ။

ဒေါက်တာသိန်းလွင်။     ။ လူမျိုးတွေဟာ ဘာသာစကားမတူတဲ့ ကျနော် တို့နိုင်ငံမှာ စုပေါင်းနေထိုင်တဲ့ တိုင်းရင်းသား မျိုးနွယ်စုတွေရှိတယ်။ လေ့လာတွေ့ရှိချက်အရ မြန်မာစာတမျိုးတည်း သင်တဲ့အတွက် တောင်ပေါ် ဒေသကကလေးတွေ၊ တိုင်းရင်းသားဒေသက ကလေး တွေကျောင်းမှာ မပျော်ဘူး။ ကျောင်းစောစော ထွက်ကြတယ်။ ကျောင်းစောစောထွက်တဲ့အတွက် ဘာစာမှမတတ်ဘူး။ သချၤာလည်း မတတ်ဘူး။ သိပ္ပံ လည်း မတတ်ဘူး။ အဲဒါဆုံးရှုံးမှုပဲ။

ဘာသာစကား အခက်အခဲကြောင့် ဆုံးရှုံးမှုပဲ။  ဒါကြောင့် ကျနော်တို့ အကြံပေးတာက တိုင်းရင်းသား ဒေသတွေမှာ၊ တောင်ပေါ်ဒေသတွေမှာ ကလေးတွေရဲ့ မိခင်ဘာသာစကားကို အခြေခံတဲ့ပညာရေးမျိုး ဖြစ်ဖို့ မိခင်ဘာသာစကားကို အခြေခံတဲ့ ဘာသာ စကားသုံးမျိုး စနစ်လုပ်ပါလို့ ကျနော်အကြံပေးတယ်။မိခင်  ဘာသာစကားရယ်၊  မြန်မာစကားရယ်၊ အင်္ဂလိပ်စာရယ် သုံးခုပါဝင်တဲ့ ပညာရေးမျိုးဖြစ်ဖို့ ကျနော်တို့ လေ့လာမှုလည်း လုပ်ပြီးပြီ။ ဆွေးနွေးပွဲလည်း လုပ်ပြီးပြီ။ အစိုးရကိုလည်း အကြံပေးတယ်။ အစိုးရဘက်က မဖော်ဆောင်သေးဘူး။

ဧရာဝတီ။     ။  NNER အနေနဲ့ အစိုးရပညာရေး အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ နောက်ပိုင်းမလုပ်ဖြစ်တော့ တာဘာကြောင့်လဲ။ အစိုးရအနေနဲ့ NNER  အပေါ် ဘယ်လို သဘောထားမျိုးတွေ ရှိနေတယ်လို့ မြင်ပါသလဲ။

ဒေါက်တာသိန်းလွင်။     ။ ပညာရေးဥပဒေ အတည်မပြုခင်က စိန်ရတု ခန်းမမှာ ဆွေးနွေးနေတုန်းက တွေ့ဆုံမှုတွေရှိခဲ့တယ်။ ကျနော်တို့ နေပြည်တော်အဆင့်ဆွေးနွေးပွဲကိုရောက် တဲ့အခါကျတော့ ပထမကျနော်တို့ကို ဖိတ်တယ်။ ပြီးမှ မဖိတ်တော့ဘူးဆိုပြီးတော့ ပယ်ချလိုက်တယ်။ အဲဒီကတည်းက ကျနော်တို့ NNER နဲ့အစိုးရနဲ့ ဆွေးနွေးမှုတွေ ရပ်သွားတယ်။ ကျနော်တို့ NNER ဆိုတာက ပြည်သူတွေရဲ့ သဘောထားကိုစုစည်းထား တာ။ အစိုးရရဲ့ သဘောထားက ပြည်သူလူထုရဲ့ အကြံဉာဏ်ကိုမယူဘူး။ သူတို့လုပ်ချင်တာ လုပ်မယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။

ဧရာဝတီ။     ။  အခု ပြည်ထောင်စုလွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ပညာရေးဥပဒေအပေါ် ဘယ်လိုမြင်ပါ သလဲ။ တကယ်လက်တွေ့ကျတဲ့ ဥပဒေလို့ မြင်ပါ သလား။

ဒေါက်တာသိန်းလွင်။     ။ အမျိုးသားပညာရေး ဥပဒေက နဂိုအတိုင်းပဲ ဖြစ်တဲ့အတွက် ဘာမှအောင်မြင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ စံနှုန်းနဲ့လည်း မကိုက်ညီဘူး။ လူ့အခွင့် အရေးနဲ့လည်း မကိုက်ညီဘူး။ လွတ်လပ်ခွင့်တွေ လည်း မရှိဘူး။ နောက်အသွင်ကူးပြောင်းတယ်လို့ သူတို့ပြောတယ်ဆိုရင် အသွင်ကူးပြောင်း ရေးကာလ ရဲ့တရားမျှတမှုရှိဖို့လိုတယ်။ တရားမျှတမှုလည်း မရှိ ဘူး။ ဒါကြောင့်ဒီပညာရေးစနစ်က အောင်မြင်မှာ မဟုတ်ဘူးလို့ ကျနော်ကပြောချင်တာ။

အစိုးရရဲ့ သဘောထားက ပညာရေး ဥပဒေမှ မဟုတ်ဘူး၊ အသစ်ပေါ်ထွက်လာတဲ့ မြေယာဥပဒေ၊ မီဒီယာဥပဒေ၊ အလုပ်သမားဥပဒေ၊ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေတွေအားလုံးဟာ ချုပ်ကိုင်တဲ့ ဥပဒေ တွေသာဖြစ်တယ်။ ဒါကြောင့် အစိုးရရဲ့သဘောထား က ကဏ္ဍတိုင်း၊ ကဏ္ဍတိုင်းမှာ သူတို့ချုပ်ကိုင်မယ် ဆိုတာကို ကျနော်တို့မြင်နေရပါတယ်။

ဧရာဝတီ။     ။  ဒီမိုကရေစီနိုင်ငံတခုဖြစ်ဖို့  ကြိုးစားနေတဲ့ နိုင်ငံမှာ ပညာရေးလွတ်လပ်ခွင့်ရဖို့ ဘယ်လောက်ထိ အရေးကြီးပါသလဲ။

ဒေါက်တာသိန်းလွင်။     ။ ပညာရေး လွတ်လပ်ခွင့်ဆိုတာ လူတိုင်းအကြံ ဉာဏ်ပါဖို့လိုတယ်။ တစုံတယောက်က သူ့စိတ်ကူး စိတ်သန်းနဲ့ ပေးတဲ့အမိန့်ကို လိုက်နာရမယ်ဆိုတာက သဘာဝမကျဘူး။ တစုံတယောက်ပဲဖြစ်စေ  အစိုးရတဖွဲ့ပဲဖြစ်စေ သူတို့လုပ်ချင်တာကို တိုင်းသူပြည် သားက လိုက်နာရမယ်ဆိုတာ ဒီမိုကရေစီမဟုတ်ဘူး။ ဒါအာဏာရှင်ပဲ။ ဒီမိုကရေစီဆိုရင် လူတိုင်းရဲ့ ပါဝင်မှုရှိဖို့လိုတယ်။ အကြံဉာဏ်လိုတယ်။ ဆရာတွေရဲ့ အကြံဉာဏ်လိုတယ်။ ကျောင်းသား တွေရဲ့ အကြံဉာဏ်လိုတယ်။ ပြည်သူလူထုရဲ့ အကြံဉာဏ် တွေနဲ့ ဆောင်ရွက်သင့်တယ်။ ဆုံးဖြတ်ချက်တိုင်းမှာ ပြည်သူလူထု ပါဝင်သင့်တယ်။ ကျောင်းသားတွေ ပါဝင်သင့်တယ်။ အဲဒါမှ ဒီမိုကရေစီနည်းကျတဲ့ လွတ်လပ်တဲ့ ပညာရေးစနစ်ဖြစ်မှာ။ ဒါက အရမ်းအရေးကြီးတယ်။

ဧရာဝတီ။     ။  မြန်မာနိုင်ငံမှာ ပညာရေး မူဝါဒအသစ်တွေကို အကောင်အထည်ဖော်ဖို့ဆိုရင် ဘယ်လိုအတားအဆီးတွေ၊ အခက်အခဲတွေရှိနေသလဲ။

ဒေါက်တာသိန်းလွင်။     ။ အတားအဆီးက အစိုးရရဲ့ ဗဟိုချုပ်ကိုင်တဲ့ ပညာရေးစနစ်ပဲ။ အဲဒါကအတားအဆီးပဲ။ အဲဒီ အတားအဆီးကို ဖယ်ရှားလိုက်နိုင်မှ ပြည်သူလူထု ဆန္ဒနဲ့ ကိုက်ညီတဲ့ ပညာရေးစနစ်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်တယ်။

ဧရာဝတီ။     ။  မြန်မာနိုင်ငံက  သင်ရိုးညွှန်းတမ်းတွေက ခေတ်မမီတော့တဲ့ သင်ရိုးညွှန်းတမ်းတွေလို့ ပညာရှင် တချို့က ထောက်ပြကြတယ်။ ဘယ်လိုသင်ရိုး ညွှန်းတမ်းတွေဖြစ်အောင် ပြောင်းလဲဖို့လိုပါသလဲ။

ဒေါက်တာသိန်းလွင်။     ။ သင်ရိုးညွှန်းတမ်းတွေကို ဗဟိုကချုပ်ကိုင်ထားတယ်။ မှန်တယ်။ ဖတ်စာအုပ်တွေကိုလည်း ဗဟိုက ချုပ်ကိုင်ထားတယ်။ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ မကိုက်ညီဘူး။ ဒါကြောင့်ပြုပြင်ဖို့လိုတယ်။ သင်ရိုး ညွှန်းတမ်းက သူ့ဒေသအလိုက် ဖွံ့ဖြိုးတဲ့၊ သူ့ကျောင်း အလိုက် ဖွံ့ဖြိုးတဲ့ သင်ရိုးညွှန်းတမ်းမျိုး ဖြစ်သင့် တယ်။

ဧရာဝတီ။     ။  မြန်မာနိုင်ငံရဲ့ ပညာရေးအတွက်သုံးစွဲဖို့ ပညာ ရေးကဏ္ဍက တောင်းခံထားတဲ့ ဘဏ္ဍာငွေပမာဏက ပညာရေး ပြုပြင်ပြောင်းလဲမှုမှာ သုံးစွဲဖို့ လုံလောက်မှု ရှိတယ်လို့ မြင်ပါသလား။

ဒေါက်တာသိန်းလွင်။     ။ အခုတောင်းခံထားတဲ့ ပညာရေးအတွက် ငွေက လုံးဝ မလုံလောက်ဘူး။ ပညာရေးအတွက် ငွေကြေးက နိုင်ငံတကာမှာ ထားတဲ့စံက တနိုင်ငံလုံး အသုံးစရိတ်ရဲ့ ၂၀ ရာခိုင်းနှုန်းမှာရှိရမယ်။ ဒါချမ်းသာတဲ့ နိုင်ငံဖြစ်ဖြစ်၊ ဘယ်နိုင်ငံပဲဖြစ်ဖြစ် ကမ္ဘာ့ကုလ သမဂ္ဂက ထားတဲ့စံ။ အရင် အစိုးရ လက်ထက်က ၁ ရာခိုင်နှုန်းလောက်ရှိတယ်။ အခုအစိုးရလက်ထက်မှာ နည်းနည်းတိုးလာတော့ ၄ ရာခိုင်နှုန်းလို့ ကြားတယ်။ ဒါလည်း မလုံလောက်ဘူး။

တိုးလာတဲ့ ဘတ်ဂျက်ကလည်း ကျောင်းသား တွေရဲ့ ပညာသင်ကြားမှုကို ထိရောက်ဖို့ ဆောင်ရွက် တယ်ဆိုတာ မတွေ့ရဘူး။ ကျနော်တို့တွေ့နေတာ ကျောင်းသားတွေအတွက် အကျိုးရှိတဲ့စာသင်ခန်း တွေတိုးချဲ့ဖို့၊ သင်ထောက်ကူ ပစ္စည်းတွေတိုးချဲ့ဖို့၊ ကျောင်းသားတွေအားလုံး သင်ကြားနိုင်ဖို့ ဆောင် ရွက်တာ မတွေ့ရဘူး။ ဆရာတွေသင်တန်း လုံလုံ လောက်လောက်ရဖို့ ဆောင်ရွက်တာမတွေ့ဘူး။ အဲဒီအတွက် ပညာရေးအသုံးစရိတ် တိုးလာတာမထိ ရောက်ဘူးလို့ ကျနော်မြင်တယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading