လက်ရှိ ပြဋ္ဌာန်းထားသည့် အမျိုးသား ပညာရေး ဥပဒေကို ကန့်ကွက် ဆန္ဒပြနေသော ကျောင်းသားများက အစိုးရအနေဖြင့် လာမည့် ရက် ၆၀ အတွင်း တုံ့ပြန်မှု တစုံတရာမရှိလျှင် နိုင်ငံတဝန်း ကျောင်းသား သပိတ်များ ဆင်နွှဲသွားမည်ဟု ယနေ့ ကြေညာချက် တစောင် ထုတ်ပြန်လိုက်သည်။
အမျိုးသား ပညာရေး ဥပဒေကို ဒီမိုကရေစီ စံချိန်စံညွှန်းနှင့် ပြည့်ဝသော ပညာရေးဥပဒေသစ်တခု အစားထိုးပေးရန် စသည့် ကျောင်းသား အခွင့်အရေးများကို တောင်းဆို ဆန္ဒပြမှု ၄ ရက်မြောက်ပြီ ဖြစ်သော်လည်း အစိုးရ အာဏာပိုင်များက မည်သည့် တုံ့ပြန်မှုမျှ မရှိသည့် အတွက် ကြေညာချက်ထုတ်ပြန် ရခြင်း ဖြစ်ကြောင်း သိရသည်။
ကန့်ကွက် ဆန္ဒပြရာတွင် ပါဝင်သော ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ကော်မတီဝင် မဖြိုးဖြိုးအောင်က“ကျမတို့ ဒီရက် ၆၀ အတွင်းမှာ သပိတ်ကို လှန်လိုက်တာ မဟုတ်ပါဘူး။ ကျမတို့ ကော်မတီ ၁၅ ဦး အဖွဲ့က နယ်ပေါင်းစုံ ဆင်းပြီးတော့ ကျောင်းသား၊ ပြည်သူတွေ ကြားထဲမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီး စည်းရုံးရေး ဆင်းနေမှာပါ။ ရက် ၆၀ အတွင်း အစိုးရဘက်က တုံ့ပြန်မှု မရှိဘူးဆိုရင် နယ်အားလုံးက ကျောင်းသားတွေပါ ပါဝင်လာမယ့် တနိုင်ငံလုံး ကျောင်းသား သပိတ်ကြီးကို ဆင်နွှဲသွားမှာပါ”ဟု ပြောသည်။
ယနေ့တွင် ကျောင်းသားများအနေနှင့် လမ်းမတော်၊ စံပြမှတ်တိုင်မှ စတင်၍ လမ်းလျှောက်ဆန္ဒပြခဲ့ကြပြီး ရန်ကုန်မြို့လယ်ရှိ မြို့တော် ခန်းမရှေ့တွင် ထိုင်သပိတ် ဆင်နွဲခဲ့ကြသည်။
ညနေပိုင်းတွင် ကျောင်းသားများက သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ပြီး သပိတ်မှောက် ကျောင်းသားများ၏ ရာဇသံပေး သဘော ထား ထုတ်ပြန်ချက် တစောင်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
ယင်းထုတ်ပြန်ချက်တွင် သပိတ်မှောက် ကျောင်းသားများအနေနှင့် ၄ ရက်မြောက် ဆန္ဒပြတောင်းဆိုနေသော်လည်း အစိုးရဘက်မှ မည်သည့် တာဝန်ရှိသူ တဦးတယောက်မျှ လာရောက်ညှိနှိုင်းခြင်းမျိုး မရှိသေးသည့်အတွက် လက်ရှိ တိုက်ပွဲဝင်လျက် ရှိသည့် တိုက်ပွဲ ပုံသဏ္ဌာန်ကို ပြောင်းလဲပြီး သပိတ်တိုက်ပွဲကို အရှိန်အဟုန်မြှင့် တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ကြောင်း ပါဝင်သည်။
ကျောင်းသားများသည် နိုဝင်ဘာ ၁၇ ရက်မှ စ၍ ရက်ပေါင်း ၆၀ အတွင်း အစိုးရ တာဝန်ရှိသူများက သပိတ်မှောက် ကျောင်းသားများအား လာရောက်စေ့စပ်ညှိနှိုင်းခြင်း တစုံတရာ မရှိဘူးဆိုလျှင် လက်ရှိပြုလုပ်နေသော သပိတ်မှောက်ဆန္ဒပြမှု ပုံစံထက် ပိုမိုပြင်း ထန် သော၊ ပိုမိုကြီးမားသော သပိတ်တိုက်ပွဲများကို ဆင်နွဲသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သပိတ်မှောက် ကျောင်းသားများကို နိုဝင်ဘာ ၁၆ ရက်နေ့က ရန်ကုန်တက္ကသိုလ် ပါမောက္ခ ဒေါက်တာ အောင်သူ၊ အောက်မြန်မာပြည် အဆင့်မြင့် ပညာရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး စသည့် တာဝန်ရှိသူတချို့ လာရောက်ညှိနှိုင်းခဲ့သော်လည်း ယင်း တာဝန်ရှိသူများသည် သက်ဆိုင်ရာအစိုးရမှ လာရောက်ညှိနှိုင်းရန် တာဝန်ပေးခြင်းမျိုး မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လာရောက်ညှိနှိုင်းချင်း ဖြစ်သည့်အတွက် ကျောင်းသားများက လက်မခံခဲ့ကြောင်း ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုမင်းသွေးသစ် က ပြောသည်။
ဆန္ဒပြကျောင်းသားများသည် ယင်းဆန္ဒပြခဲ့ကြသည့် လေးရက်အတွင်း ရန်ကုန်မြို့၏ အထင်ကရ နေရာများ ဖြစ်သည့် ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းမှ ဖြိုချခံခဲ့ရသည့် ကျောင်းသားသမဂ ္ဂအဆောက်အအုံနေရာ၊ ကျောင်းသားများကို ဖြိုခွင်းခံခဲ့ရသည့် တံတားနီ နေရာ၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၏ ဂူဗိမာန် နေရာနှင့် ရွှေတိဂုံဘုရားပေါ်သို့ တက်ရောက်ခဲ့ကြသည်။
ယနေ့ နံနက်ပိုင်းက ကျောင်းသားများ တည်းခိုရာ သင်္ကန်းကျွန်း မြို့နယ် ဓမ္မပီယ ဘုန်းတော်ကြီးကျောင်းကို လုံထိန်းရဲ အင်အားများသုံးပြီး ကင်းချထားကြောင်း သိရသည်။
“မနက်က ကျနော်တို့ တည်းခိုတဲ့ နေရာကနေ ထွက်လာလို့ မရဘူးဆိုတာက ကျနော်တို့အနောက်ကို လိုက်နေတဲ့ ကျောင်းသားတွေရဲ့ လုံခြုံရေး အခြေအနေကြောင့်ပါ။ ကျနော်တို့ကို ခဏ၊ ခဏ ခြိမ်းခြောက်တဲ့ပုံစံ အရိပ်အယောင်တွေ လာပြတာ ရှိတယ်။ ရန်ကုန် တက္ကသိုလ်ထဲမှာ ဆိုရင် လုံထိန်းကား ၅ စီးနဲ့ ကျနော်တို့ ရှေ့မှာ တုတ်တွေ၊ ဒိုင်းတွေ ကိုင်ပြီး လုပ်ပြနေတာတွေ ရှိတယ်”ဟု ကိုမင်းသွေးသစ်က ပြောသည်။
၎င်းက ဆက်ပြီး“ဒီနေ့ဆိုရင်လည်း ကျနော်တို့ တည်းတဲ့ ဘုန်းကြီးကျောင်းရဲ့ ဘေးပတ်ဝန်းကျင်မှာ လုံထိန်းကားတွေ လာချထား တာတွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့က အဲဒါ အစည်းအဝေးလုပ်တယ်။ ကျောင်းသားထုရဲ့ အသံကိုပဲ လိုချင်တယ်။ ဒီနေ့ အန္တရာယ် ရှိနိုင်မယ်ဆိုရင် ထွက်မှာလား မထွက်ဘူးလား အခု ဒီလိုအခြေအနေတော့ ရှိတယ်ဆိုပြီး အစည်းအဝေးထိုင်ကြတယ်။ ကျောင်းသားတွေက အကုန်လုံး အန္တရာယ် ရှိရင်လည်း ထွက်ပါမယ်လို့ ပြောလို့ ကျနော်တို့ ထွက်လာကြတာပါ။ အဲဒါကြောင့် အစည်း အဝေး ထိုင်နေလို့ အချိန်နောက်ကျသွားတာပါ”ဟုလည်း ပြောဆိုသည်။
ပထမရက် ဆန္ဒပြပွဲများကလည်း ကျောင်းသားများ ဆန္ဒပြလမ်းလျှောက်ရာ မြို့နယ်နှစ်ခုမှ အာဏာပိုင်များက လာရောက် တားမြစ်မှုများ ပြုလုပ်ခဲ့သေးကြောင်း၊ ထို့နောက် နိုဝင်ဘာ ၁၆ ရက်(အမျိုးသားနေ့)က ရွှေတိဂုံဘုရားပေါ်သို့ သပိတ်မှောက် ကျောင်းသားများ တက်ရောက်ခဲ့သည့်အချိန်တွင်လည်း ရွှေတိဂုံဘုရားဂေါပက အဖွဲ့က လာရောက်တားမြစ်ခဲ့ကြောင်း ကိုမင်းသွေးသစ်က ပြောသည်။
နိုဝင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက် ၂ ရက်ကြာ ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် နာရေးကူညီမှု အသင်း(ရန်ကုန်) ရုံးချုပ်တွင် ကျင်းပ ခဲ့သည့် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးမှ ဆုံးဖြတ်ချက်များအရ အမျိုးသား ပညာရေး ဥပဒေ ပြဌာန်းချက် အပါအဝင် ကျောင်းသားထု၏ အခွင့်အရေးများကို ပြန်လည်တောင်းဆိုမည့် ကျောင်းသား သပိတ်တခု ဖော်ဆောင်သွားရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် ကျောင်းသားထု လှုပ်ရှားမှုများကို ဦးဆောင်နိုင်ရန် အဖွဲ့ဝင် ၁၅ ဦးပါ ဒီမိုကရေစီ ပညာရေးအတွက် ဦးဆောင် လှုပ်ရှားမည့် ကော်မတီ တရပ်ကို ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
လွှတ်တော်အဆင့် အမျိုးသား ပညာရေး ဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီနှင့် သမ္မတရုံးမှ ဦးဆောင်သည့် လက်တွေ့ကျသော ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီ နှစ်ခုက ရေးဆွဲတင်ပြခဲ့သည့် အမျိုးသား ပညာရေး ဥပဒေမူကြမ်းပါ အချက်များအပေါ် ကျောင်းသားသမဂ္ဂများက ပြင်းပြင်းထန်ထန် ကန့်ကွက်နေသည့်ကြားမှ စက်တင်ဘာလ ၃၀ ရက်တွင် ပြည်ထောင်စု လွှတ်တော်က အမျိုးသား ပညာရေး ဥပဒေကို အတည်ပြုခဲ့ခြင်း ဖြစ်သည်။