ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုတာ ပုံစံအမျိုးမျိုး ရှိနိုင်ပြီး တခုချင်းစီမှာ မတူညီတဲ့ အကျိုးကျေးဇူးတွေ ရှိနိုင်တယ်ဆိုတာကို ဒီမိုကရေစီအကြောင်း လေ့လာသူတွေက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးထားကြပါတယ်။ ပါလီမန်စနစ်၊ သမ္မတစနစ်၊ ပေါင်းစပ် သမ္မတစနစ်ဆိုပြီး နိုင်ငံရေးစနစ်ကြီး အဓိက ၃ မျိုးရှိရာမှာ တမျိုးစီက အုပ်ချုပ်ရေးကဏ္ဍနဲ့ ဥပဒေပြုကဏ္ဍကြား ဆက်နွယ်မှုကို သန်ရာသန်ရာ နည်းလမ်းတွေနဲ့ ပုံဖော်တည်ဆောက်ထားကြပါတယ်။ အဲဒီလို မတူညီတဲ့ ဆက်နွယ်မှုတွေ တခုစီမှာ အားသာချက်တွေ ဘယ်လိုရှိလာမလဲ၊ အားနည်းချက်တွေကရော ဘယ်လိုရှိနိုင်မလဲဆိုတဲ့ အပိုင်းကို အဓိကအာရုံစိုက်ပြီး ဆွေးနွေးထားကြတာ ဖြစ်ပါတယ်။ ဆွေးနွေးငြင်းခုံမှုတွေကနေ အဖိုးတန် နိုင်ငံရေးအမြင်တွေ ပေါ်ထွက်လာပေမယ့် ဘယ်စနစ်က အကောင်းဆုံးဖြစ်သလဲဆိုတာ ယတိပြတ် အဆုံးအဖြတ်ပေးနိုင်တဲ့ အဆင့်ကိုတော့ ရောက်မလာကြသေးပါ။
နိုင်ငံရေး အင်စတီကျူးရှင်းတွေက ဒီမိုကရေစီ ဖော်ဆောင်ရေးအပေါ် ဘယ်လို အကျိုးသက်ရောက်နေသလဲ ဆိုတာနဲ့ ပတ်သက်ပြီး စဉ်းစားပုံစဉ်းစားနည်း အသစ်၊ ပိုပြီးထိရောက်တဲ့ စဉ်းစားနည်းအသစ်ကို အခု အက်ဆေးမှာ တင်ပြသွားမှာ ဖြစ်ပါတယ်။ ခန့်အပ်တာဝန်ပေးတားတဲ့ ရာထူးတွေရဲ့ စွမ်းရည်နဲ့ လုပ်ပိုင်ခွင့်တွေကို စောကြော စစ်ဆေးသွားမယ် ဆိုပါတော့။ ဥပဒေပြုလွှတ်တော်တွေ ဘယ်လောက်အားကောင်း၊ မကောင်းဆိုတာနဲ့ အဲဒီလို အားကောင်းခြင်း၊ မကောင်းခြင်းက ဒီမိုကရေစီကို ဘယ်လောက်အထိ တွန်းအားပေးနိုင်သလဲ ဆိုတာကို အထူးအလေးပေး သုံးသပ်သွားမှာ ဖြစ်ပါတယ်။ အခုအထိ တွေ့ရှိထားရသမျှတွေကတော့ “အားကောင်းမောင်းသန် ဖြစ်နေတဲ့ ဥပဒေပြုကဏ္ဍက ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် ကောင်းကျိုးသက်သက်ကိုသာ ယူဆောင်လာမယ်” ဆိုတာပါပဲ။
အခြေခံဥပဒေတွေက အဓိကအားဖြင့် ၃ မျိုး ၃ စား ရှိရာမှာ တမျိုးစီမှာလည်း သူ့ဟာနဲ့သူ ထောက်ခံသူတွေ ရှိပါတယ်။ သူတို့တွေအသီးသီးစီရဲ့ ထောက်ခံပြောဆိုမှုတွေကို ဒီနေရာမှာ ကျည်းချုံးပြီး အရင်ဆုံးတင်ပြပါမယ်။ ပါလီမန်စနစ်မှာ အစိုးရကို ဥပဒေပြုလွှတ်တော်ထဲက တချို့အစိတ်အပိုင်းတွေနဲ့ ပေါင်းစပ်ဖွ့ဲစည်းထားပြီး အုပ်ချုပ်ရေး အာဏာတွေကို ဝန်ကြီးချုပ်က စွဲကိုင်ကျင့်သုံးပါတယ်။ သူက လွှတ်တော်ကို တာဝန်ခံ ဖြေကြားရပါတယ်။ သမ္မတရာထူးကို ထည့်သွင်းခန့်အပ်မထားတာလည်း ရှိသလို ထည့်သွင်းထားတယ် ဆိုရင်တောင်မှ အဆောင်အယောင် သဘောမျိုး၊ ဟန်ပြသဘောမျိုးလောက်သာပဲ ဖြစ်ပါတယ်။ သမ္မတလက်ထဲမှာ အုပ်ချုပ်ရေးအာဏာ အစစ်အမှန်တွေ ထည့်ထားတဲ့ စနစ်မျိုးကို ပါလီမန်စနစ်သမားတွေက သံသယကြီးကြီး ထားကြပါတယ်။ အမြင့်ဆုံး အုပ်ချုပ်ရေးအာဏာကို စွဲကိုင်ထားသူ ဝန်ကြီးချုပ်နဲ့ သူ့ရဲ့ အစိုးရအဖွဲ့က ဥပဒေပြုကဏ္ဍအပေါ်မှာ အမြဲတမ်း မှီခိုနေရအောင် လုပ်ထားတဲ့စနစ်ကိုပဲ ပါလီမန်သမားတွေက ချီးမွမ်းပြောဆိုကြပါတယ်။ ဝန်ကြီးချုပ်တယောက်အနေနဲ့ ဘယ်လောက်တောင်မှပဲ လုပ်ပိုင်ခွင့်အာဏာတွေ များပြားပြည့်စုံနေပါစေ၊ လွှတ်တော်က သဘောတူကြည်ဖြူတဲ့ အတိုင်းအတာအထိသာ အုပ်ချုပ်ခွင့်ရနေပြီး လွှတ်တော်တွင်း လူများစုရဲ့ ထောက်ခံမှုကိုသာ မရနိုင်တော့ဘူးဆိုရင် ဝန်ကြီးချုပ်ကို ဖြုတ်ချဖယ်ရှားနိုင်ပြီလို့လည်း ပါလီမန်သမားတွေက တခုတ်တရ ပြောကြပါသေးတယ်။ ပါလီမန်စနစ်က ပြုလွယ် ပြောင်းလွယ်တာကြောင့် မနှစ်သက်စရာကောင်းတဲ့ ဝန်ကြီးချုပ်တွေနဲ့ အစိုးရတွေကို အချိန်တိုအတွင်းမှာ ဖယ်ရှားနိုင်ပါတယ်။ သမ္မတစနစ်မှာတော့ ရာထူးတာဝန် ထမ်းဆောင်ရတဲ့ ကာလကို အတိအကျ သတ်မှတ် ပေးထားတာကြောင့် မပြောင်းလဲနိုင်လောက်အောင် တင်းကျပ်နေတတ်ပါတယ်။ အရည်အချင်းမရှိတဲ့ ဒါမှမဟုတ် ပြည်သူကို ဒုက္ခပေးတဲ့ သမ္မတတွေကို ပြည်သူတွေက အချိန်အကြာကြီး ခါးစည်းပြီး ခံနေရနိုင်တယ်လို့လည်း သမ္မတစနစ်နဲ့ ပါလီမန်စနစ်မှာကို နှိုင်းယှဉ်ပြောဆိုကြပါသေးတယ်။
သမ္မတစနစ်ဘက်ကနေလည်း ထောက်ခံပြောဆိုသူတွေ ရှိပါသေးတယ်။ အဲဒီစနစ်မှာ သမ္မတကို တိုက်ရိုက် ရွေးကောက်တင်မြှောက်ရပြီး အစိုးရအဖွဲ့ကိုတော့ သမ္မတက ရွေးချယ်ခန့်အပ်ပါတယ်။ အစိုးရအဖွ့ဲက သမ္မတကို တာဝန်ခံရပြီး သမ္မတမှာ ထိရောက်အားကောင်းတဲ့ လုပ်ပိုင်ခွင့်တွေ အခွင့်အရေးတွေ ရှိပါတယ်။ သမ္မတစနစ်ဘက်ကနေ ရပ်ခံပြောဆိုသူတွေက အာဏာခွဲဝေရေးကို အလေးပေးပြောကြပါတယ်။ အဲဒီလို အာဏာခွဲဝေထားတာကြောင့် သမ္မတနဲ့ လွှတ်တော်ဆိုတဲ့ သီးခြား အာဏာအစုအဝေးတွေ ပေါ်လာပြီး တခုချင်းစီကလည်း သူတို့ကိုယ်ပိုင် ယုံကြည်ထောက်ခံမှု (Legitimacy) ကို ရွေးကောက်ပွဲတွေနဲ့ ရထားပြီးသားပါ။ ဒါကြောင့် ရယ်ဒီကယ် ခြေလှမ်းတွေကို မှားယွင်းပြီး မလှမ်းနိုင်တော့ဘူးလို့ ဆိုပါတယ်။ လူထုတရပ်လုံးကနေ တင်မြှောက်လိုက်တဲ့ သမ္မတက ဥပဒေပြု လွှတ်တော်ထက်စာရင် တမျိုးသားလုံးရဲ့ ဆန္ဒကို ပိုကောင်းကောင်း ကိုယ်စားပြုပေးနိုင်တယ်လို့လည်း သူတို့က ထပ်ပြီး ညွှန်းဆိုပါတယ်။ သမ္မတဆိုတာ နိုင်ငံရေးဆန္ဒတွေကို တစုတစည်းတည်း ကိုယ်စားပြုထားသူဖြစ်လို့ ဥပဒေပြု လွှတ်တော်ထက်စာရင် ဆုံးဖြတ်ချက်တွေကို လျင်လျင်မြန်မြန် ချမှတ်လုပ်ဆောင်နိုင်တယ်လို့လည်း ဆိုပါတယ်။
ပေါင်းစပ်သမ္မတစနစ် (တခါတလေမှာတော့ ဒွန်တွဲ ဒါမှမဟုတ် ရောစပ်) မှာ သမ္မတစနစ်ရဲ့ ကြန်အင်လက္ခဏာတွေနဲ့ ပါလီမန်စနစ် ကြန်အင်လက္ခဏာတွေကို ပေါင်းစပ်ထားပါတယ်။ ဝန်ကြီးချုပ်နဲ့ အစိုးရတဖွဲ့လုံးကို သမ္မတနဲ့ လွှတ်တော်တွေက ချုပ်ကိုင်ထားပါတယ်။ ပူးတွဲချုပ်ကိုင်ထားတာလည်း ဖြစ်နိုင်သလို အပြိုင်အဆိုင် ချုပ်ကိုင်ကြတာလည်း ဖြစ်နိုင်ပါတယ်။ ပါလီမန်စနစ်နဲ့ သမ္မတစနစ်ရဲ့ ကြန်အင်လက္ခဏာတွေ ပါဝင်နေတာကြောင့် ၂ ခုစလုံးရဲ့ အကျိုးကျေးဇူတွေကို ခံစားနိုင်တယ်လို့ ပေါင်းစပ်သမ္မတစနစ်ကို ထောက်ခံသူတွေက ပြောပါတယ်။ သမ္မတစနစ်မှာလိုပဲ အာဏာတွေကို ခွဲဝေထားတာကြောင့် ပေါင်းစပ်သမ္မတစနစ်မှာ လွှတ်တော် ဒါမှမဟုတ် သမ္မတတယောက်က အာဏာတွေ ပရမ်းပတာ အသုံးမချလာနိုင်အောင် ကာကွယ်ပေးပါတယ်။ သမ္မတစနစ်မှာလိုပဲ သမ္မတကို တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့စနစ် ဖြစ်တာကြောင့် အမြင့်မားဆုံး အာဏာ ရထားတဲ့ အုပ်ချုပ်သူကို ရွေးချယ်ရာမှာ ပြည်သူတွေရဲ့ အသံတွေ ပြတ်ပြတ်သားသား ကျယ်ကျယ်လောင်လောင် ပါဝင်လာပါတယ်။ ဒါပေမယ့် အစိုးရအပေါ် လွှတ်တော်က ကျော်လွန်လုပ်ပိုင်ခွင့် အနည်းငယ်ကို ပေးထားတာလည်း ရှိတာကြောင့် သမ္မတတယောက်က အထက်စီးကနေ ပိုင်စိုးပိုင်နင်း လုပ်တာတွေ သိပ်မဖြစ်အောင် ကာကွယ်ပေးထားပါတယ်။
နိုင်ငံရေးစနစ်တွေကို ခွဲခြားပြောဆိုရာမှာ ပါလီမန်စနစ်၊ သမ္မတစနစ်၊ ပေါင်းစပ်သမ္မတစနစ် ဆိုပြီးတော့ပဲ ၃ မျိုး သက်သက်ကို ခွဲခြားပြနေတာ မဟုတ်ပါ။ အုပ်စုတွေကို ပိုပြီး အဓိပ္ပာယ် ပေါ်လွင်အောင် ဖွင့်ဆိုခွဲခြားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ တချို့က “ဝန်ကြီးချုပ်-သမ္မတ” စနစ် (Premier-Presidential) နဲ့ “သမ္မတ-ပါလီမန်” (President-Parliamentary) စနစ်ပါ ရှိသေးတယ်ဆိုပြီး အခြေခံဥပဒေအပေါ် မူတည် ခွဲခြားပါသေးတယ်။
ဒါပေမယ့် “ဝန်ကြီးချုပ်-သမ္မတ” စနစ်နဲ့ “သမ္မတ-ပါလီမန်” စနစ်ဆိုပြီး ခွဲခြားမှုတွေက ဘယ်လောက်တောင်ပဲ အသုံးဝင်ပါစေ အာဏာရဲ့ တည်နေရာဗဟိုချက် ဘယ်နေရာမှာ ရှိတယ်ဆိုတာကို ပြောမပြနိုင်ပါ။ တကယ်တော့ အာဏာရဲ့တည်နေရာကို သိဖို့က နိုင်ငံရေးမှာ အရေးကြီးပါတယ်။ ဥပမာ အမေရိကန်ပြည်ထောင်စု မက္ကဆီကိုနိုင်ငံနဲ့ ဥဇဘက်ကစ္စတန် နိုင်ငံတွေက သမ္မတစနစ် ဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ပြည်ထောင်စု ကွန်ဂရက်လွှတ်တော်မှာ အားလုံး လေးစားကြောက်ရွံံ့ရတဲ့ သြဇာအာဏာတွေ ရှိပါတယ်။ မက္ကဆီကန် ကွန်ဂရက်လွှတ်တော်မှာတော့ သိပ်မရှိဘဲ ဥဇဘက်ကစ္စတန်ရဲ့ မားဂျလစ် လွှတ်တော်ကတော့ လုံး၀ သြဇာအာဏာ မရှိပါ။ ရုရှား၊ ကာဇက်စတန်၊ ပိုလန်နဲ့ မွန်ဂိုလီးယား နိုင်ငံတွေကတော့ ပေါင်းစပ်သမ္မတစနစ် ဖြစ်တယ်လို့ သူတို့အစိုးရတွေ ကိုယ်တိုင်က ပြောပါတယ်။ ဒါပေမယ့် ရုရှားနဲ့ ကာဇက်စတန် သမ္မတတွေမှာ လုပ်ပိုင်ခွင့်အာဏာတွေ အမှန်တကယ်ရှိပြီး လွှတ်တော်တွေကတော့ ဘေးထွက်ထိုင်နေရပါတယ်။ ပိုလန်နဲ့ မွန်ဂိုလီးယား နိုင်ငံတွေမှာတော့ သမ္မတတွေကို လွှတ်တော်တွေက ထိန်းချုပ်ထားပြီး လွှတ်တော်တွေကပဲ တနိုင်ငံလုံးအရေးကို စီရင်ဆုံးဖြတ်နေပါတယ်။
ဒါကြောင့်မို့ ဒီမိုကရေစီစနစ် လည်ပတ်နေတဲ့အပေါ် အစိုးရစနစ် အမျိုးမျိုးတွေက ဘယ်လို အကျိုးကျေးဇူးပြုနေ (နိုင်ငံရေးတည်ငြိမ်မှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနဲ့ တခြားကောင်းမွန်တဲ့ အရာတွေ စသဖြင့်) ဆိုတာကို နားလည်နိုင်ဖို့ဆိုရင် ယေဘုယျ သဘောခွဲထားတဲ့ အခြေခံဥပဒေတွေထက် ကျော်လွန်ကြည့်မြင်ပြီး အင်စတီကျူးရှင်းတွေကို ပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို တိတိကျကျ လေ့လာတိုင်းထွာဖို့ လိုလာပါပြီ။ အဲဒီလို တိုင်းထွာနိုင်ဖို့ဆိုရင် ကျနော်တို့မှာ ပိုပြီးတိကျတဲ့ ပြည့်စုံတဲ့ ပေတံတွေ ရှိရမှာပါ။ အခြေခံဥပဒေတွေ ဘယ်လိုပဲ အမျိုးမျိုးကွဲပြားနေပါစေ၊ အဲဒီ အခြေခံဥပဒေတွေကနေ ပေါ်ပေါက်လာတဲ့ ဥပဒေပြုလွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို တိုင်းတာနိုင်အောင် ကိရိယာ အသစ်တလက်ကို အခု ဒီအက်ဆေးမှာ ပေးသွားပါမယ်။ ဥပဒေပြုလွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေကို ကိန်းဂဏန်း အချက်အလက်တွေ ကိုးကားပြီး တကမ္ဘာလုံး အတိုင်းအတာနဲ့ တင်ပြသွားပါမယ်။ ဒါ့အပြင် ဥပဒေပြု လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ကွဲပြားသွားတာကြောင့် ဒီမိုကရေစီနဲ့ ဘယ်လိုနီးကပ် သွားလဲ ဘယ်လိုဝေးကွာသွားလဲ ဆိုတာတွေကိုပါ ဆန်းစစ် တင်ပြသွားမှာ ဖြစ်ပါတယ်။
ကမ္ဘာ့ နေရာဒေသ အားလုံးမှာရှိတဲ့ ဥပဒေပြုလွှတ်တော်တွေကို သုတေသနပြုထားပေမယ့် ဒီအက်ဆေးမှာတော့ ကွန်မြူနစ်ခေတ်လွန် နိုင်ငံတွေကိုပဲ အာရုံစိုက်လေ့လာထားပါတယ်။ အဲဒီနိုင်ငံတွေက အစိုးရစနစ် အပြောင်းအလဲကို တပြိုင်နက်တည်း လိုလိုလောက် လုပ်ဆောင်ခဲ့တာဖြစ်ပေမယ့် အခြေခံဥပဒေတွေက အာဏာတွေကို ဘယ်လို ခွဲဝေမလဲဆိုတာအပေါ် သက်ဆိုင်ရာ နိုင်ငံအသီးသီးဆီမှာ အမျိုးမျိုး ကွာခြားနေကြပါတယ်။ ဒါ့အပြင် အစိုးရစနစ် အပြောင်းအလဲ ဖြစ်ပြီးနောက်ပိုင်း ဒီမိုကရေစီ ဖော်ဆောင်ရေးမှာလည်း တနိုင်ငံနဲ့တနိုင်ငံ ကွာခြားနေ၊ များပြား စုံလင်နေပါတယ်။ ဒါကြောင့် အခြေခံဥပဒေ ပြဌာန်းချက်တွေက ဒီမိုကရေစီ ဖောင်ဆောင်ရေးအပေါ် ဘယ်လို အကျိုးသက်ရောက်နေတယ် ဆိုတာကို လေ့လာဖို့အတွက်ဆိုရင် ပညာရှင်တွေအတွက် ကွန်မြူနစ်ဟောင်း ဒေသတွေက အကောင်းဆုံး ဓာတ်ခွဲစမ်းသပ်ခန်း ဖြစ်နေပါတော့တယ်။
တိုင်းတာရေး နည်းစနစ်အသစ်များ
ဥပဒေပြုလွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာကို တိုင်းတာနိုင်ဖို့ရာအတွက် ကျနော်နဲ့ လုပ်ဖော်ကိုင်ဖက် တယောက်တို့က လွှတ်တော်အာဏာ အညွှန်းကိန်း (Parliamentary Powers Index – PPI) ကို ပြုစုထားပါတယ်။ သမ္မတနဲ့ ဗျူရိုကရေစီ စနစ်တစ်ခုလုံးအပေါ် လွှတ်တော်က ဘယ်လောက် အတိုင်းအတာအထိ စောင့်ကြည့်ထိန်းချုပ်နိုင်သလဲ၊ သမ္မတရဲ့ ထိန်းချုပ်မှုကနေ လွှတ်တော်က ဘယ်လောက် အတိုင်းအတာအထိ ကင်းလွတ်နေသလဲ၊ ပါလီမန်ကို အထူးလုပ်ပိုင်ခွင့် ပေးထားတဲ့ ကဏ္ဍနဲ့နယ်ပယ်တွေ ရှိသလား၊ လွှတ်တော်တွေ အသုံးပြုနိုင်တဲ့ အရင်းအမြစ်တွေ အပါအဝင် အကြောင်းအရာ ၃၂ မျိုးပေါ်ကို အခြေခံပြီး အညွှန်းကိန်းကို ပြုစုထားပါတယ်။
လေ့လာမှုလုပ်ရာမှာ ဟုတ်/မဟုတ် ဖြေခိုင်းပြီး အဆိုပြုချက်တွေအတွက် “ဟုတ်တယ်”လို့ အဖြေပေးရင် သက်ဆိုင်ရာလွှတ်တော်က လုပ်ပိုင်ခွင့်အာဏာ ကြီးမားတယ်လို့ အဓိပ္ပာယ်ရပါတယ်။ (အဆိုပြုချက်တိုင်း ဘေးမှာ ဟုတ်/မဟုတ်ကို အမှတ်အသား လုပ်ပေးရတာလို့လည်း စဉ်းစားနိုင်ပါတယ်။) “ဟုတ်တယ်” ဆိုတဲ့ အဖြေတွေ များလေလေ အဲဒီနိုင်ငံရဲ့ ဥပဒေပြုလွှတ်တော်မှာ လုပ်ပိုင်ခွင့်အာဏာတွေ များလေလေလို့လည်း ဆိုနိုင်ပါတယ်။ “ဟုတ်တယ်” ဆိုတဲ့အဖြေ အရေအတွက်နဲ့ စုစုပေါင်း မေးခွန်းတွေ အရေအတွက်ကို “စား” ကြည့်ပြီး လွှတ်တော်အာဏာ အညွှန်းကိန်းကို တွက်ချက်ပါတယ်။
တိုင်းတာတွက်ချက်ရာမှာ အဖြေတွေ ပိုမိုတိကျပြည့်စုံအောင်ဆိုပြီး နိုင်ငံတွေ အမျိုးမျိုးမှာရှိတဲ့ ကျွမ်းကျင်သူတွေကိုလည်း မေးခွန်းတွေ မေးမြန်းကာ သဘောထား တောင်းခံကြည့်ပါတယ်။ သက်ဆိုင်ရာ နိုင်ငံတခုချင်းစီအတွက် ပြုစုထားတဲ့ အဆိုပြုချက် ၃၂ ခုထဲက တခုချင်းစီအတွက် ကျွမ်းကျင်သူတွေကို မေးခွန်းတွေမေးထားပြီး နိုင်ငံတခုချင်းစီအတွက် အနည်းဆုံး ကျွမ်းကျင်သူ ၅ ယောက်လောက်က တုံ့ပြန်ဖြေကြားထားပါတယ်။ အကြောင်းအရာ တခုစီနဲ့ ပတ်သက်ပြီး ကျွမ်းကျင်သူတွေကြားမှာ သဘောထားတွေ ကွဲလွဲနေမယ်ဆိုရင် အများစုသဘောထားကို ရယူပြီး အတည်ပြုပါတယ်။ ဖြေကြားမှုတွေက တိကျသေချာမှု ရှိမရှိဆိုတာကို သိရအောင် သက်ဆိုင်ရာနိုင်ငံတွေရဲ့ အခြေခံဥပဒေတွေနဲ့လည်း တိုက်ဆိုင် စစ်ဆေးကြည့်ပါတယ်။ မေးထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပညာရှင်တွေရဲ့ တုံ့ပြန်မှုတွေက ဟိုဘက်သည်ဘက် ညီတူမျှတူ ကွဲပြားနေပြီး အခြေခံဥပဒေကလည်း အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး တိတိကျကျ ပြောမထားတဲ့ ရှားရှားပါးပါး ဖြစ်ရပ်တွေလည်း ရှိလာပါတယ်။
အဲဒီလို အခြေအနေမျိုးတွေမှာတော့ နောက်ဆုံး တိကျတဲ့အဖြေကို ထုတ်မပေးနိုင်ခင် ကျွမ်းကျင်သူတွေနဲ့ နောက်တကျော့ ဆွေးနွေးကြည့်ပါတယ်။ ကျနော်တို့ရဲ့ စီမံကိန်းဖြစ်တဲ့ ဥပဒေပြုလွှတ်တော်များ၏ လုပ်ပိုင်ခွင့် လေ့လာစစ်တမ်း (Legislative Powers Survey – LPS) ကို ၂၀၀၂ ခုနှစ်မှာ စတင်ခဲ့ပြီး အခု (၂၀၀၆) အထိလည်း ဆက်လက် လုပ်ဆောင်နေဆဲပါ။ ကွန်မြူနစ် ခေတ်လွန်နိုင်ငံတွေ [ဘော့စနီးယား၊ ယူဂိုဆလားဗီးယား (ဆားဗီးယားနဲ့ မွန်တေနီဂရိုး) တာ့ခ်မန်နစ္စတန် မပါ] နဲ့ ပတ်သက်တဲ့ ပြည့်စုံတဲ့ သတင်းအချက်လက်တွေကို ၂၀၀၅ ခုနှစ် အကုန်လောက်ကစပြီး ကျနော်တို့မှာ ရှိထားပါပြီ။ ပထမ ၂ နိုင်ငံမှာ နိုင်ငံရေးတည်ငြိမ်မှု တော်တော်လေး ကင်းမဲ့နေပြီး နိုင်ငံခြားကနေ ဝင်ရောက်စွက်ဖက်တာ ခံထားရပါတယ်။ တတိယမြောက် နိုင်ငံမှာတော့ ဥပဒေပြုလွှတ်တော် မရှိသေးတာကြောင့် သူတို့ ၃ နိုင်ငံကို လေ့လာစစ်တမ်းကောက်တဲ့ စီမံကိန်းကနေ ဖယ်ထုတ်ထားတာပါ။
လေ့လာထားတဲ့ နိုင်ငံတွေမှာ ကွန်မြူနစ်ခေတ်လွန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို စတင်ကျင့်သုံးတဲ့ အချိန်မှစပြီး လွှတ်တော်တွေရဲ့ လုပ်ပိုင်ခွင့်အာဏာတွေက တသမတ်တည်း ပုံသေဖြစ်နေတာတော့ မဟုတ်ပါ။
အမ် စတီဗင် ဖစ်ရှ်စ် (M. Steven Fish) သည် ကာလီဖိုးနီးယားတက္ကသိုလ် (ဘာကလေ) တွင် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဖြစ်သည်။ ယခုအက်ဆေးထဲတွင် ပါဝင်သော အချက်အလက်များကို သူနှင့် မက်သယူး ကရိန်းအိတ်ခ် (Matthew Kroenig) တို့ ပူးတွဲရေးသားသော The Legislative Powers Survey and the Parliamentary Powers Index: A Global Study of the Powers of National Legislatures (၂၀၀၆ ခုနှစ်ထုတ်) စာအုပ်ထဲမှ ယူထားခြင်းဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)