တိုင်းရင်းသားတွေရဲ့ အခွင့်အရေးတွေကို ပိတ်ဆို့ထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မပြင်ပါက လက်နက်ကိုင် တိုင်းရင်း သားတွေနဲ့ အစိုးရ အကြား ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေဟာ အောင်မြင်ဖို့ လမ်းမမြင်ဘူးလို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) က ပြောဆိုလိုက်ပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ရင် အန်ကယ်တို့နဲ့ ဆွေးနွေးနေတဲ့ အနေအထားက တိုးတက်မှု မရှိနိုင်ဘူးလို့ မြင်တယ်။ သမ္မတ ဦးသိန်း စိန် လက်ထက်မှာ ကျနော်တို့ နိုင်ငံကြီး အပြောင်းအလဲ လုပ်မယ်။ ဒီမိုကရေစီ အသွင်ကို ဖန်တီးမယ် ဆိုတာလည်း ဖြစ်မှာ မဟုတ် ဘူးဗျ”လို့ UNFC ဒု ဥက္ကဋ္ဌနဲ့ နိုင်ဟံသာက ဧရာဝတီကို ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေဟာ တိုင်းရင်းသားတွေအတွက် စစ်မှန်တဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ အမျိုးသား တန်းတူ ရေး နဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စတာတွေကို ပိတ်ဆို့ထားတဲ့အတွက် တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးကို တည်ဆောက်နိုင်မှာ မဟုတ် ဘူးလို့လည်း နိုင်ဟံသာက ပြောဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အဓိက ပုဒ်မ တခု ဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အတွက် ကြိုးပမ်းနေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း နိုင်ဟံသာက ထောက်ခံလိုက်ပါတယ်။
ဒါပေမယ့် NLD အမတ်တွေတင်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး အဆိုကို နိုဝင်ဘာ ၁၃ ရက်က ပြုလုပ်တဲ့ ပြည်ထောင်စု လွှတ်တော်မှာ တပ်မတော်သား ကိုယ်စားလှယ်တွေက အတိအလင်း ကန့်ကွက်ခဲ့ပါတယ်။
“၄၃၆ ပြင်နိုင်မှ ကျန်တဲ့ အချက်တွေကို ပြင်ဖို့ လွယ်သွားမယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာကလည်း တပ်မတော်ကို အခွင့်အာဏာ အများကြီး ပေးထားတဲ့ ဖွဲ့စည်းပုံ ဖြစ်တယ်။ စစ်အာဏာရှင် စနစ်ကို အသိအမှတ် ပြုထားတဲ့ ဖွဲ့စည်းပုံ ဖြစ်တယ်။ ဒါကို မပြင်နိုင်သမျှတော့ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကိုလည်း ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး”လို့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင် တဦးလည်း ဖြစ်တဲ့ နိုင်ဟံသာက ဆိုပါတယ်။
NCCT နဲ့ အစိုးရ အကြား တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးလက်မှတ် ထိုးပြီးသွားလို့ နိုင်ငံရေး ဆွေးနွေးပွဲ အဆင့် ရောက်ရင် တိုင်းရင်းသားတွေဘက်က ၂၀၀၈ အခြေခံ ဥပဒေ ပြင်ဆင်ရေးအတွက် ထိပ်တိုက် ပြောဆိုသွားမှာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
နိုဝင်ဘာလ ၉ ရက်က နေပြည်တော်မှာ နိုင်ဟံသာ ဦးဆောင်တဲ့ UNFC အဖွဲ့ဝင်တွေဟာ အစိုးရဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင် တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းဖော်ဆောင်ရေး(UPWC) အဖွဲ့ တာဝန်ရှိသူတွေနဲ့ အလွတ်သဘော တွေ့ဆုံပြီး တပ်မတော် အနေနဲ့ UNFC အပေါ် အမြင်လွဲမှားနေမှုတွေ၊ မပြေမလည် ဖြစ်နေသေးတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး (NCA Single Tex) အပေါ် နှစ်ဦးနှစ်ဘက် ဖြေလျှော့ရေး ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
UNFC အဖွဲ့ဝင်တွေဟာ ရန်ကုန်မြို့မှာ စည်းလုံးညီညွှတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ (UNA) နဲ့ ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူအဖွဲ့အစည်းတို့နဲ့လည်း သီးခြားစီ တွေ့ဆုံဆွေးနွေး ခဲ့ကြတယ်လို့ နိုင်ဟံသာက ပြောပါတယ်။
ဒါ့အပြင် ရှေ့မတိုးနိုင်ဘဲ ရပ်ဆိုင်းနေခဲ့ရတဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲတွေကို အခုလကုန်ပိုင်း ဒါမှမဟုတ် ဒီဇင်ဘာ လဆန်းပိုင်းမှာ UPWC နဲ့ NCCT တို့အကြား ပြန်လည် ဆွေးနွေးကြမယ်လို့လည်း သိရပါတယ်။