စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးအတွက် နိုဝင်ဘာလ ၁၃ ရက်နေ့ ကစလို့ ပြည်ထောင်စုလွှတ်တော်တွင်းမှာ အကြိတ်အနယ် ဆွေးနွေးမှုတွေစတင်ခဲ့ပြီး၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ဖို့ စိတ်အား ထက်သန်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ အခြေခံ ဥပဒေကို ကာကွယ် စောင့်ရှောက် မယ်လို့ ကြွေးကြော်နေတဲ့ တပ်မတော်သားလွှတ်တော် ကိုယ်စား လှယ်တွေ လွှတ်တော်မှာ ထိပ်တိုက် တွေ့ဆုံမှုတွေ ဖြစ်ပေါ် နေပါတယ်။
လွှတ်တော်ကိုယ်စားလှယ် ၃၁ ဦးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင် အထည်ဖော်မှုကော်မတီက အောက်တိုဘာလ ၂၀ ရက်နေ့မှာ အခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဆွေးနွေးမှု အစီရင်ခံစာ တရပ်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီအစီအရင်ခံစာမှာ NLD နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက အခြေခံ ဥပဒေ ပြင်ဆင်ရေး နဲ့ပတ်သက်တဲ့ သဘောထားတွေ အတော်ကြီး ဆန့်ကျင်ကွဲလွဲနေတာ တွေ့ရ ပါ တယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့ပြဋ္ဌာန်းချက် အတော်များများကို NLD က ပြင်ဆင်လိုကြောင်း တင်ပြချိန်မှာ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေက မပြင်ဆင်ဖို့ တင်ပြတဲ့အပြင် လက်ရှိ အခြေအနေကို နောက် ပြန် ဆုတ်သွား စေနိုင် တဲ့ ပြဋ္ဌာန်းချက်အသစ်တွေကိုပါ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေက ပြဋ္ဌာန်း ဖို့ ကြိုးစားလာပါတယ်။
အထူးသဖြင့် NLD က ပြင်ဆင်ဖို့ စိတ်အားထက်သန်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ အတားအဆီး ဖြစ်နေတဲ့ ပုဒ်မ ၅၉ (စ) နဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခရာကျတဲ့ ပုဒ်မ ၄၃၆ မပြင်ဆင်ဖို့ တပ်မ တော် ဘက်က ပွင့်ပွင့် လင်းလင်းထုတ်ဖော်ပြောဆိုပြီး ဒီအချက်တွေ ပြင်ဆင်လိုက်ရင် မြန်မာ နိုင်ငံ တော်ကြီး ပြိုကွဲပျက်စီး သွားနိုင်တယ် လို့ လွှတ်တော်ထဲမှာ ထုတ်ဖော် ပြောဆို လာပါတယ်။ တဖက်မှာလည်း တပ်မတော်က လွှတ်တော် ကို ဖျက်သိမ်းပြီး စစ်အုပ်ချုပ် ရေး ကြေညာနိုင်တဲ့ ပြဋ္ဌာန်းချက် အသစ်တွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အတွင်း မှာ ထည့်သွင်းဖို့ ပြဋ္ဌာန်းဖို့ လွှတ်တော်ကို တင်ပြ လာပါတယ်။
နိုဝင်ဘာလ ၁၇ ရက်နေ့ ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ စစ်တပ်ဘက်က ဗိုလ်မှူးချုပ်သက်ထွန်းအောင်၊ ဗိုလ်မှူးချုပ်တင်စိုး၊ ဗိုလ်မှူးကြီးဌေးနိုင်၊ ဗိုလ်မှူးကြီး မြင့်ကိုကို၊ ဗိုလ်မှူးကြီး ခင်စိုး တို့ဆွေးနွေးခဲ့ပြီး NLD ဘက်က ထန်းတပင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ထွန်း၊ လက်ပံတန်း မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် ၄ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် တို့ အပါအဝင် အခြားနိုင်ငံရေးပါတီမှ လွှတ်တော်အမတ် ၄ ဦးတို့ ဆွေးနွေး ခဲ့ကြပါတယ်။
အဲဒီဆွေးနွေးမှုမှာ ပုဒ်မ ၅၉ (စ) နဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ မပြင်ဆင်ရေးနဲ့ ပတ်သက်လို့ စစ်တပ်အမတ်တွေနဲ့ NLD ကိုယ်စားလှယ် တွေအကြား ထိပ်တိုက် အပြန်အလှန် တင်ပြဆွေးနွေးခဲ့ကြပါတယ်။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးချုပ်သက်ထွန်းအောင်၊ ဗိုလ်မှူးချုပ်တင်စိုးတို့က အခြေခံဥပဒေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍကို မပယ်ဖျက်ဖို့နဲ့ အခြေခံဥပေဒ ပြင်ဆင်ရာမှာ ပြဋ္ဌာန်းထားတဲ့ မူဘောင် အတွင်း က ပဲ ပြင်ဆင်ဖို့ သတိပေးခဲ့ပါတယ်။
ပြည်သူ့လွှတ်တော် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ဗိုလ်မှူးကြီးဌေးနိုင်ကတော့ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ဆိုးကျိုးတွေဆီကိုပဲ ဦးတည်မယ်လို့ ခပ်တင်းတင်းပဲ ပြောဆိုသွားပါတယ်။
“ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ တိုးတက်မှု ထင်သာမြင်သာရှိအောင် မဆောင်ရွက်နိုင်ခြင်း၊ နိုင်ငံရေး အင်အား စု များ ရင့်ကျက်မှုအားနည်းခြင်း၊ ပြည်သူများ ဥပဒေနှင့် စည်းကမ်းလိုက်နာမှုအားနည်းခြင်း၊ ဒီမိုကရေစီ ကို အကြောင်းပြပြီး ပြည်သူကို အသုံးချနေခြင်းတို့က ဒီမိုကရေစီစနစ်ကို ကူးပြောင်းရေး လုပ်ငန်း စဉ်များ တည်ငြိမ် ချောမွေ့မှုကို အန္တရာယ် ရှိနေဆဲအခြေအနေအဖြစ် တွေ့ရှိရမှာဖြစ်ပါတယ်။ ဒါ့အပြင် အစုအဖွဲ့တို့ရဲ့ လိုအင်ဆန္ဒ၊ အစွဲအလမ်း၊ အယူအဆများကို ဦးစားပေးပြီးတော့ အလောတကြီးပြင်ဆင်ဖို့ ကြိုးပမ်းမယ်ဆိုရင် ကောင်းကျိုးထက် ဆိုးကျိုးကို ဦးတည် နေပါတယ်” လို့ ဗိုလ်မှူးကြီးဌေးနိုင်က သတိပေးပါတယ်။
နိုင်ငံတော်သမ္မတအရည်အချင်းကန့်သတ်ချက်ဖြစ်တဲ့ ပုဒ်မ ၅၉ (စ) ကို ပြင်ဆင်မယ်ဆိုရင် မြန်မာနိုင်ငံက စစ်တလင်း ဖြစ်သွား နိုင်တဲ့အခြေအနေရှိတဲ့အပြင် အင်အားကြီးနိုင်ငံတွေရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို ခံရနိုင်တယ်လို့ ဗိုလ်မှူးကြီး ဌေးနိုင်က ဆက်လက်သတိပေးပါတယ်။
ပုဒ်မ ၅၉ (စ) မှာ နိုင်ငံတော်သမ္မတဖြစ်လာမယ့်သူက မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိရဲ့ မိဘ တပါးပါးက သော် လည်း ကောင်း ၊ မိမိရဲ့ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိရဲ့ တရားဝင် သားသမီးတဦးဦးသော်လည်း ကောင်း၊ ထိုတရားဝင်သားသမီးတဦးဦးရဲ့ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ နိုင်ငံခြားအစိုးရရဲ့ ကျေးဇူး သစ္စာ တော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြား အစိုးရရဲ့ လက်အောက်ခံ ဖြစ်သူ သို့မဟုတ် တိုင်းတပါးရဲ့ နိုင်ငံသား ဖြစ်သူ မဖြစ်စေရ လို့ ပြဋ္ဌာန်းထားပြီး ဗြိတိန်နိုင်ငံသား သား ၂ ဦးရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် အဲဒီ ပြဋ္ဌာန်းချက်က သမ္မတ ဖြစ်ခွင့်မရှိအောင် တားဆီးထားပါတယ်။
“ပုဒ်မ ၅၉ (စ) နဲ့ပတ်သက်လို့ အခြေခံဥပဒေ ပြင်ဆင်ရေးကော်မတီဝင် ၃၁ ဦးရှိတဲ့အနက် မူလအတိုင်းထားရှိဖို့ ကော်မတီ ဝင် ၂၁ ဦးက ထောက်ခံ အတည်ပြုထားတဲ့ ပုဒ်မဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတဖြစ်မယ့်သူရဲ့သားသမီးက နိုင်ငံခြား သား ဖြစ်ပြီးတော့ ဒီနိုင်ငံခြားသားသည် နိုင်ငံခြားမှာ သာမန် အရပ်သား ဖြစ်စေ (သို့မဟုတ်) မြန်မာနိုင်ငံကို ဆန့်ကျင်တဲ့ အဖွဲ့ ဝင်တဦးဖြစ်စေ (သို့မဟုတ်) အကြမ်းဖက် အဖွဲ့အစည်း ဝင်ဖြစ်နေသည် (သို့မဟုတ်) ဘာသာ ရေး အစွန်းရောက် အဖွဲ့ ဝင် တဦး ဖြစ်နေသည်(သို့မဟုတ်) နိုင်ငံကြီးငယ်တခုမှာ အရေးပါတဲ့ လူတဦး ဖြစ်နေ လို့ရှိလျှင် ကျနော် တို့နိုင်ငံက စိုးရိမ် ဖွယ်ရာအခြေအနေဖြစ်သွားနိုင်ကြောင်း ကျနော် တို့စဉ်းစားရပါ့မယ်” လို့ ဗိုလ်မှူးကြီးဌေးနိုင်က ဆိုပါတယ်။
NLD ကတော့ ဒေါ်အောင်ဆန်း စုကြည် သမ္မတဖြစ်ဖို့ တားဆီးနေတဲ့ သမ္မတ အရည်အချင်းကန့်သတ်ချက် ပုဒ်မ ၅၉ (စ) ကို မပြင်ဆင်ဘူးဆိုရင် ဒီမိုကရေစီ စနစ်နဲ့ မကိုက်ညီတဲ့အပြင် နိုင်ငံသားတွေရဲ့ တန်းတူအခွင့်အရေးနဲ့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာစာတမ်းကို ချိုးဖောက်တာဖြစ်တယ်လို့ ထောက်ပြ ပြောဆိုပါတယ်။
“၁၉၄၇ ခုနှစ် အခြေခံဥပဒေမှာတုန်းက သမ္မတရဲ့ အရည်အချင်းသတ်မှတ်ချက်က မိမိကိုယ်တိုင် သော်လည်း ကောင်း၊ မိမိရဲ့ မိဘနှစ်ပါးသော်လည်းကောင်း ပြည်ထောင်စုမြန်မာနိုင်ငံအတွင်းမှာ မွေးဖွား ခဲ့တဲ့ နိုင်ငံသား ဖြစ်ရမယ်။ လွှတ်တော် အမတ်ဖြစ်ရန် သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့လည်း ပြည့်စုံရမယ်လို့ ရှင်းရှင်း လင်းလင်း ဖော်ပြထား တာ ဖြစ်ပါ တယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ မိမိကိုယ်တိုင် သော်လည်း ကောင်း၊ မိမိဇနီး၊ ခင်ပွန်းကိုရော၊ သား သမီး သမက်ချွေးမများကို ထပ်ဖြည့်လိုက်တာကို တွေ့ရပါတယ်။ ဒါက နိုင်ငံသား တဦး တန်းတူ အခွင့်အရေး ဆုံးရှုံးတာ၊ လွတ်လပ်စွာ ရွေးကောက်တင်ခံ ပိုင်ခွင့်ဆုံးရှုံးတာ ဖြစ်တဲ့ အပြင် ပုဂ္ဂိုလ်ရေး တဦးတယောက်အပေါ် ရည်ရွယ်ပြီး ပိတ်ပင် လိုက်တဲ့ သဘောရောက်ပါတယ်။ ဒါက ပြည်သူ များရဲ့ ရွေးချယ်ပိုင်ခွင့် အခွင့်အရေးကို ပိတ်ပင်တာ လည်း ဖြစ် ပါတယ်။ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကြေညာ စာတမ်း အပိုဒ် ၂၁ မှာ လူတိုင်းတွင် မိမိနိုင်ငံ၏ အစိုးရအဖွဲ့အစည်းကို တိုက်ရိုက် ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ် သည့် ကိုယ်စားလှယ်များမှတဆင့် ပါဝင်ဆောင်ရွက်ခွင့် ရှိရမယ်ဆိုတဲ့ အချက်နဲ့လည်း အခု ပြဋ္ဌာန်းထားတဲ့ ပုဒ်မ ၅၉ (စ) နဲ့လည်း ကွဲလွဲနေပါတယ်” လို့ NLD လက်ပံတန်းမြို့နယ် ပြည်သူ့ လွှွတ်တော် ကိုယ်စား လှယ် ဦးကျော်မင်းက ဆိုပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အဓိက အခရာအကျဆုံးဖြစ်တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးမှာလည်း NLD နဲ့ စစ်တပ် အကြား သဘောထားအကြီးအကျယ်ကွဲလွဲလျက်ရှိပါတယ်။
ပုဒ်မ ၄၃၆ မှာ အခြေခံဥပဒေမှာ အရေးကြီးတဲ့ ပြဋ္ဌာန်းချက်တွေကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ် အားလုံးရဲ့ ၇၅ ရာခိုင်နှုန်းက ပြင်ဆင်ဖို့ သဘောတူလက်ခံပြီး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပလို့ ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူအားလုံးရဲ့ ထက်ဝက်ကျော် ဆန္ဒမဲနဲ့သာ ပြင်ဆင်ရမယ်လို့ ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။
စစ်တပ် လွှတ်တော်ကိုယ်စားလှယ် တွေက အခြေခံ ဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ဖိ့ု မလိုဘူးလို့ ပြောဆိုပြီး မြန်မာ နိုင်ငံ ရဲ့ နိုင်ငံရေးလိုအပ်ချက်အရ ပေါ်ထွန်းလာတဲ့ ၂၀၀၈ အခြေခံ ဥပဒေက ပြည်သူတွေကို ထိခိုက်မှု တစုံတရာ မရှိဘူး လို့ ဆိုပါတယ်။
“တပ်မတော်ဘက်က မပြင်ရင် ဘာမှ ပြင်လို့မရဘူးဆိုပြီးလည်း တချို့တွေက စွပ်စွဲကြပါတယ်။ တပ်မတော်သား ကိုယ်စား လှယ်တွေက ၂၅ ရာခိုင်နှုန်းသာဖြစ်ပါတယ်။ သို့သော်လည်း လွှတ်တော်ထဲမှာ ပြည်ထောင်စု ကြံ့ခိုင် ရေး နဲ့ ဖွံ့ဖြိုးရေး ပါတီက ၅၄ ရာခိုင်နှုန်းကျော်ရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီရာခိုင်နှုန်းကို ကြည့်ခြင်း အားဖြင့် ကျနော်တို့ တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ်တွေက အဓိက ကျတယ်လို့ ဆိုနေရင်တော့ တရားမျှတမှုမရှိဟု ယူဆရမှာဖြစ်ပါတယ်” လို့ ဗိုလ်မှူးကြီးဌေးနိုင်က ပြောပါတယ်။
NLD ကတော့ ပုဒ်မ ၄၃၆ ကို ပြင်ဆင်သင့်ပြီး “ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက် တင်မြှောက် ခံထားရတဲ့ ကိုယ်စားလှယ်အားလုံးရဲ့ သုံးပုံ နှစ်ပုံက ပြင်ဆင်ဖို့ သို့မဟုတ် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အားလုံးရဲ့ ထက်ဝက်ကျော်က ပြင်ဆင်ဖို့ သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအထမြောက်ပါက ဆန္ဒမဲပေးသူ ဦးရေရဲ့ ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြင်ဆင် သင့် တယ်” ဆိုပြီး ပြင်ဆင်ပြဋ္ဌာန်းဖို့ တောင်းဆိုထားပါတယ်။
“ပုဒ်မ ၄၃၆ ပြင်ဆင်ရေးနဲ့ပတ်သက်လို့ ပြည်သူ ၅ သန်းရဲ့ အသံကို အလေးထားရမှာဖြစ်လို့ နိုင်ငံသူ နိုင်ငံသား အကျိုးကိုကြည့်ပြီး ပြင်ဆင်ပေးပါ” လို့ NLD လက်ပံတန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက ဆိုပါတယ်။
NLD နဲ့ စစ်တပ် လွှတ်တော်အမတ်တွေ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ထိပ်တိုက်တွေ့ဆုံမှုတွေ ရှိနေပေ မယ့် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီကတော့ NLD ကိုလည်း မထောက်ခံသလို၊ စစ်တပ် ကိုလည်း ဆန့်ကျင်တာမျိုး မလုပ်ဘဲ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက် လို့ ခပ်အေးအေး အနေ အထားပဲရှိနေတာမို့ NLDရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး တောင်းဆိုမှုတွေက လက်တွေ့ ဖြစ်လာဖို့ မလွယ်ဘူးလို့ လွှတ်တော်ကိုယ်စားလှယ်တချို့က သုံးသပ်ပြောဆိုပါတယ်။