မြန်မာနိုင်ငံသို့ ကက်သလစ် ခရစ်ယာန်သာသနာ ရောက်ရှိ အခြေချခြင်း နှစ် ၅၀၀ ပြည့်အထိမ်းအမှတ်ပွဲတော်ကို လာမည့် နိုဝင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ စိန့်မေရီကာသီဒြယ် ဘုရားကျောင်းတွင် ကျင်းပမည်ဖြစ်သည်။
လွန်ခဲ့သည့် ၁၆ ရာစုခန့်က အိန္ဒိယသမုဒ္ဒရာအတွင်း စွန့်စားသွားလာကာ ကူးသန်း ရောင်းဝယ်နေသည့် ဥရောပတောင်ပိုင်းသား
ပေါ်တူဂီ လူမျိုးများနှင့်အတူ ဗရင်ဂျီ ခေါ် ကက်သလစ် ခရစ်ယာန်သာသနာ မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။
ထို နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်ပွဲတော်ကို မူလက ပုပ်ရဟန်းမင်းကြီး ဖရန်စစ် လာရောက် ချီးမြှင့်ရန် ရှိသော်လည်း ယခု အခါ လာရောက်နိုင်ခြင်း မရှိတော့ဟု သိရသည်။
မြန်မာနိုင်ငံ ကက်သလစ် ဆရာတော်များအဖွဲ့ချုပ် အတွင်းရေးမှူး ဖာသာ မောရစ်က“ပုပ်ရဟန်းမင်းကြီး မလာဖြစ်ဘူး၊ ဘာကြောင့် လဲဆိုတော့ ပုပ်ရဟန်းမင်းကြီးက ဗာတီကန်နိုင်ငံမှာ အကြီးအကဲလေ၊ ကျနော်တို့ မြန်မာနိုင်ငံက အကြီးအကဲ သမ္မတက ဖိတ်မှ လာနိုင်မှာဖြစ်သလို၊ ပုပ်ရဟန်းမင်းကြီး လုံခြုံရေးကိစ္စကိုလည်း မြန်မာဘက်က တာဝန်ယူရမယ်ဆိုတော့ အခက်အခဲရှိမယ့်သဘော ကြောင့် ထင်ပါတယ်”ဟု ဆိုသည်။
ထိုကြောင့် ပုပ်ရဟန်းမင်းကြီး ကိုယ်စား အာရှတိုက် ကက်သလစ် ဆရာတော်ကြီးများ အဖွဲ့ ဥက္ကဋ္ဌ တက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။
အနုပညာရှင် ကိုဖရက်ဒီက“အားလုံးကတော့ ပုပ်ရဟန်းမင်းကြီး လာမလားဆိုပြီး မျှော်လင့်ကြတာပေါ့၊ ဒီတခေါက်ရောက်မလာနိုင် ပေမယ့်၊ နောင်ဆိုရင် ကျနော်တို့ မြန်မာနိုင်ငံကို ရောက်လာနိုင်မယ်လို့ ယုံကြည်နေမိတယ်”ဟု ပြောသည်။
ယခုကျင်းပမည့် နှစ် ၅၀၀ ပြည့် အထိမ်းအမှတ်ပွဲကို မြန်မာနိုင်ငံတဝန်းရှိ ကက်သလစ် ခရစ်ယာန်ဘာသာဝင် ၅ သောင်း ခန့်က လာ ရောက်ရန် စာရင်းပေးသွင်းထားပြီး ဝတ်ပြုပွဲများ၊ စီတန်းလှည့်လည်ခြင်းများ၊ တိုင်းရင်းသားရိုးရာအက ဖျော်ဖြေပွဲများ၊ ကက်သလစ် ဘာသာဝင် အနုပညာရှင်များဖြစ်သည့် နွဲ့ယဉ်ဝင်း၊ ချစ်သုဝေ၊ ချမ်းချမ်း၊ နေနေ၊ ဂျေးမီ၊ ဆိုင်းနော်၊ အနဂ္ဂ၊ သံသာဝင်း၊ ဖရက်ဒီ တို့အပြင် ဖြူဖြူကျော်သိန်း၊ နီနီခင်ဇော် စသည့် အဆိုတော်များလည်း သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း၊ ဖျော်ဖြေပွဲကို ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့် ပြသနိုင်ရင် စီစဉ်နေကြောင်း သိရသည်။
ကက်သလစ် သာသနာသည် ၁၄၉၈ ခုနှစ် ဗာစ်ကိုဒဂါးမား အိန္ဒိယတိုက်ငယ်ကို ရှာဖွေတွေ့ရှိချိန်မှစကာ အာရှတိုက်ရှိ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ မကာအို စသည့်နိုင်ငံများသို့ ပင်လယ်ရေကြောင်း စွန့်စားသွားလာသူ ပေါ်တူဂီတို့နှင့်အတူ ရောက်လာခြင်း ဖြစ်သည်။
၁၅၀၅ ခုနှစ်က ဟံသာဝတီ(ပဲခူး)ရောက် အီတလီကုန်သည် တဦးက ဟံသာဝတီ ဘုရင်ထံတွင် ပေါ်တူဂီစစ်သား ၁၀ဝ၀ ခန့် လစာ ရိက္ခာနှင့် အမှုထမ်း နေကြောင်း မှတ်တမ်း တင်ခဲ့ဖူးသည်။
တချိန်တည်းမှာပင် ကက်သလစ် ခရစ်ယာန် ဘာသာဝင် ပေါ်တူဂီတို့ သံလွင်မြစ်ဝှမ်းရှိ မုတ္တမ(Mataban)၊ ဧရာဝတီ မြစ်ဝကျွန်းပေါ်ရှိ ပုသိမ် (Cosmin) နှင့် ရခိုင်ပြည်နယ် မြောက်ဦး စသည့် ခေတ်ပြိုင် မြို့ပြနိုင်ငံများတွင် ဝင်ထွက်ကာ ကူးသန်းရောင်းဝယ်ရင်း အမှုထမ်း အခြေချနေထိုင် ခဲ့ကြ၏။
ဘုရင့်နောင် မင်းတြားကြီးလက်ထက် ဟံသာဝတီ၊ အင်းဝ၊ မိုးညှင်း၊ မဏိပူရ၊ မုတ္တမ၊ ရှမ်းကုန်းမြင့်၊ ဇင်းမယ်(ချင်းမိုင်)၊ အယုဒ္ဓယ၊ လင်းဇင်း စသည့် မြို့ပြ နိုင်ငံများကို တိုက်ခိုက်သိမ်း ပိုက်ကာ ဟံသာဝတီ အင်ပါယာ ထူထောင်ရာ၌ ပေါ်တူဂီတို့သည် အရေးပါသည့် ကြေးစားစစ်သားများ ဖြစ်လာကြသည်။
၁၆၀၀ ပြည့်နှစ် ပေါ်တူဂီလူမျိုး ဖိလစ် ဒီဗရစ်တို(ငဇင်္ကာ)သံလျင်ကို အုပ်ချုပ်ခွင့်ရသည့်အခါ ပေါ်တူဂီ အမြောက်အများ သံလျင်တွင် အခြေချခဲ့ သည်။
သံလျင်ကျဆုံးပြီးနောက် အနောက်ဘက်လွန်မင်းက ကက်သလစ်ဘာသာဝင် ပေါ်တူဂီများကို အင်းဝသို့ ဖမ်းဆီးခေါ်ဆောင်သွား ခဲ့ပြီး နောက်ပိုင်းတွင် ချင်းတွင်းမြစ်နှင့် မူးမြစ်ကြားသို့ ပို့ဆောင်၍ ဗရင်ဂျီရွာကြီးများအဖြစ် တည်ထောင်ပြီး ခရစ်ယာန်ဘာသာ ကို လွတ် လပ်စွာ ကိုးကွယ်စေခဲ့သည်။
ထို့ကြောင့် ယနေ့တိုင် ချမ်းသာ၊ ချောင်းရိုး၊ မုံလှ၊ ချောင်းဦး၊ နဘက်၊ မေဂွန် စသည့် ကက်သလစ် ခရစ်ယာန် ရွာကြီးများကို တွေ့နိုင် သည်။
နောက်ပိုင်းတွင် ဘုန်းတော်ကြီး ပေါလ်အန်ဗီရိုစ် ဘီဂန်းဒက် ကဲ့သို့သော သာသနာပြု ဆရာတော်များကြောင့် ကက်သလစ် ခရစ် ယန် ဘာသာသည် မြန်မာနိုင်ငံတဝန်း ပျံ့နှံ့ခဲ့သည်။