သတင်း

KNU/KNLA – PC နှင့် စည်ပင် မြေယာအငြင်းပွားမှု ဝန်ကြီး ဦးအောင်မင်းထံ တင်ပြမည်

This article has been converted from Zawgyi One to Unicode

အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသည့် ကရင် လက်နက်ကိုင်အဖွဲ့ တဖွဲ့နှင့် ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် စည်ပင်သာယာရေး ကော်မတီ တို့ကြား မြေပိုင်ဆိုင်မှု အငြင်းပွားနေခြင်းကို သမ္မတရုံး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်း ထံသို့ တင်ပြမည် ဖြစ်ကြောင်း သတင်းရသည်။

ကရင်အမျိုးသား အစည်းအရုံး၊ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(ငြိမ်းချမ်းရေး ကောင်စီ) KNU/KNLA – PC နှင့် မြောက် ဒဂုံမြို့နယ် စည်ပင်သာယာရေး ကော်မတီ အကြား မြောက် ဒဂုံ မြို့နယ်အတွင်းရှိ မြေယာနှင့်ပတ်သက်ပြီး အငြင်းပွားနေခြင်း ဖြစ်သည်။

ပိုင်ဆိုင်မှု အငြင်းပွားနေသော မြေနေရာမှာ မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်တွင်ရှိပြီး ထိုမြေနေရာ၏ ၄ ဧက ကျော် အား KNU / KNLA – PC က ကျပ်သိန်း၂၈၀၀ ဖြင့် မူလလယ်ပိုင်ရှင်များထံမှ ၂၀၁၄ ခုနှစ် ဧပြီလတွင် ဝယ်ယူထားခဲ့ကြောင်း၊ ယခုအခါ ယင်းမြေ ကို အစိုးရက စီမံကိန်းမြေအဖြစ် သိမ်းဆည်းထားမူကြောင့် မြို့နယ် စည်ပင် နှင့် မြေပိုင်ဆိုင်မှု အငြင်းပွားရခြင်း ဖြစ်ကြောင်း KNU / KNLA – PC မှ ရန်ကုန်တိုင်း ဒေသကြီး စီးပွားရေး တာဝန်ခံ ဗိုလ်မှူး မိုက်ကယ်က ဧရာဝတီသို့ ပြောသည်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး အရင်က ဝန်ကြီး ဦးအောင်မင်းကို တင်ပြတာတော့ မရှိသေးဘူး။ အခုတော့ တင်ပြမယ်။ကျနော် တို့က ဥပဒေဘောင်ထဲ ဝင်လာတာဆိုတော့ ဒီကိစ္စကို ဥပဒေ အတိုင်း ဆောင်ရွက်သွားမယ်’’ဟုလည်း ဗိုလ်မှူး မိုက်ကယ်က ဆိုသည်။

မြေပိုင်ဆိုင်မှု အငြင်းပွားမှုနှင့် ပတ်သက်၍ KNU/KNLA – PC က သတင်းစာ ရှင်းလင်းပွဲတခုကို ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ် ၄၈ ရပ်ကွက်တွင် နိုဝင်ဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည်။

မြို့ရွာနှင့် အိုးအိမ်ဦးစီးဌာနက ၁၉၉၁/၁၉၉၂ ခုနှစ်တွင် အဆင့်မြင့် မြေကွက်များ ဖော်ထုတ်ရာ ဒဂုံမြို့သစ် မြောက်ပိုင်း ၄၈ ရပ်ကွက် ရှိ မြေလွတ်များကို သိမ်းဆည်းခဲ့ပြီး ယင်းမြေလွတ်များတွင် လုပ်ကိုင် စားသောက်နေသည့် လယ်သမားများအား အခြားနေရာများတွင် နေရာချထား ပေးခဲ့ကြောင်း၊ လက်ရှိတွင် တန်ဖိုးမျှတ အိမ်ရာ စီမံကိန်း ၂ ခု ပြုလုပ်ရန် အဆိုပါ မြေနေရာအား အသုံးပြုမည် ဖြစ်ကြောင်းလည်း သတင်းစာ ရှင်းလင်းပွဲတွင် ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန လမ်း၊ တံတားမှ လက်ထောက် ဌာနမှူး ဦးဇော်မောင်ထွေးက လည်း အဆိုပါ အငြင်းပွားမူ ဖြစ်ပွားနေသည့် မြေနေရာမှာ လက်ရှိ အကောင်အထည် ဖော်နေသည့် တန်းဖိုးမျှတ အိမ်ရာ စီမံကိန်း အပိုင်း ၁ နှင့် အပိုင်း၂ မြေနေရာများဖြစ်ပြီး ယင်းမြေများသည် ပလပ်မြေများ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

“ဒီနေရာတွေက ကျနော် တာဝန်ကျတုန်းကတည်းက ပလပ်မြေဖြစ်တယ်။ နောက်ပြီး ဒီနေရာက တန်းဖိုးမျှတ အိမ်ရာ ဆောက်ဖို့ အပိုင်း ၂မြေနေရာလည်း ဖြစ်တယ်။ လက်ရှိ နေတဲ့ ကျူးကျော်တွေကို ထောက်ပံကြေး ၁၀ သိန်း ပေးတာကို ကျနော်က ဘာလိုလို လုပ်သလို အသံတွေ ထွက်နေတယ်။ ၁၀သိန်း ဆိုတာက ကော်မတီက ပေးတာ’’ဟု ဦးဇော်မောင်ထွေး က ပြောဆိုသည်။

ယခုနေရာကို စီမံကိန်းနေရာဟု မြို့နယ်စည်ပင်က ပြောဆိုရာ မည်သည့် စီမံကိန်း ဖြစ်ကြောင်းကို အသေးစိတ် ရှင်းပြခြင်း မရှိကြောင်း ၊ အငြင်းပွားနေသည့် မြေနေရာတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ရန် တဲဆောက်လုပ်ထားရာ ယင်းတဲကိုလည်း လာရောက် ဖျက်ဆီးသွားကြောင်း ဗိုလ်မှူးမိုက်ကယ်က ပြောပြသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်၍ KNU/KNLA – PC မှ ပြောရေးဆိုခွင့်ရှှိသူ ဗိုလ်ကြီး စောအောင်ထူး အား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ ၎င်းအနေဖြင့် ယင်းကိစ္စအား မသိရှိကြောင်း၊ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြေဝယ်ယူမူကိုလည်း ဌာနချုပ်သို့ တင်ပြလာခြင်း မရှိသေးကြောင်း ပြောဆိုသည်။

“ဒီပြဿနာက ကျနော် မသိသေးဘူး။ စီးပွားရေး တာဝန်ခံတွေကလည်း သူတို့နဲ့ သက်ဆိုင်တဲ့ လူကြီးတွေကို တင်ပြကြတာ။ ဒါနဲ့ ပတ်သက်ပြီး ဌာနချုပ်ကိုတော့ ဘာမှ တင်ပြထားတာ မရှိသေးဘူး။ ပြန်ပြီးတော့ လူကြီးတွေကို မေးရဦးမယ်’’ဟု ဗိုလ်ကြီး စောထူး အောင်က ဆိုသည်။

မြောက်ဒဂုံမြို့နယ်တွင် မြို့သစ် စီမံကိန်း စတင်ခဲ့ချိန်မှစ၍ နေထိုင်ခဲ့သူ ၄၈ ရပ်ကွက် ဒေသခံ ဦးသန်းအေးကလည်း“အရင်ကတော့ ဒါက ပလပ်မြေပါ ။ ၁၉၉၀ ခုနှစ် လောက်မှာ U.9 ဆိုပြီး အဆင့်မြင့် မြေကွက်တွေ ဖော်ထုတ်မယ်ဆိုလို့ ဒီနေရာမှာ လုပ်ကိုင် စားသောက် တဲ့ လယ်သမား တွေကို ရွှေ့ခိုင်းခဲ့တယ်။ အခြားနေရာမှာ မြေပြန်ချပေးခဲ့တယ်။ ပြီးတော့ အဲဒီနေရာမှာ ကျူးကျော် အိမ်ထောင်စု ၅၈ ခုလောက်နေခဲ့တယ်။ ၄၈ ခု ကိုတော့ ပြောင်းရွှေ့ ထောက်ပံ့စရိတ် ၁၀သိန်းစီ ပေးခဲ့တယ်လို့ သိရတယ်။ အခု တော့ အိမ်ထောင်စု ၉ ခု လောက်ပဲ ကျန်တော့တယ်’’ဟု ပြောဆိုသည်။

Loading