“ကျောင်းသားတွေ လမ်းပေါ် ထွက်တယ်ဆိုတာ မထွက်မဖြစ် ထွက်လာရတာ”
This article has been converted from Zawgyi One to Unicode
အမျိုးသား ပညာရေး ဥပဒေမူကြမ်း ရေးဆွဲစဉ်က ပွင့်လင်းမြင်သာမှု မရှိခြင်း၊ ကျောင်းသား ပြည်သူများကို အမှန်တကယ် ကိုယ်စားပြုသည့် အဖွဲ့များအား ပါဝင်ခွင့် မပေးခြင်း၊ မူကြမ်းရေးဆွဲရေး အဖွဲ့များ ဆွေးနွေး သဘောတူထားသည့် အချက်များကို လက်မခံနိုင်ခြင်း စသည့် အချက်များကြောင့် ဝေဖန်ထောက်ပြ ကန့်ကွက်မှုများ ဖြစ်ပေါ်နေသည်။
ဝေဖန်ကန့်ကွက်နေသည့် ကြားမှပင် ပြီးခဲ့သည့် စက်တင်ဘာ ၃၀ ရက်၌ အမျိုးသား ပညာရေး ဥပဒေကို ပြည်ထောင်စု လွှတ်တော် က အတည်ပြုခဲ့သည်။
ထိုသို့ အတည်ပြုလိုက်ခြင်း အပေါ် ကျောင်းသား အပါအဝင် ဆရာ ဆရာမများ၏ သဘောဆန္ဒကို ရယူနိုင်ရန် နိုဝင်ဘာ ၁၂ ရက်က ရန်ကုန်တိုင်း နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထု အရေးပေါ် အစည်းအဝေးတရပ် ကျင်းပခဲ့သည်။
နှစ်ရက်တာ ကျင်းပသည့် အရေးပေါ် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရ အမျိုးသား ပညာရေး ဥပဒေကို လွှတ်တော်တွင် အရေးကြီး အဆိုတင်သွင်းပြီး ပြန်လည် ပြင်ဆင်ပေးနိုင်ရေးအတွက် ကျောင်းသားထု ၏တရပ်လုံးက ကျောင်းသားသပိတ် ဆင်နွဲရန် အများသဘော တူ ဆုံးဖြတ်ခဲ့သည်။
ထိုဆုံးဖြတ်ချက်အတိုင်း အမေရိကန် သမ္မတ အိုဘားမား ရန်ကုန်မြို့သို့ ရောက်ရှိလာသည့် နိုဝင်ဘာ ၁၄ ရက်တွင် ကျောင်းသားများက ရန်ကုန် မြို့တော်ခန်းမရှေ့၌ ထိုင်သပိတ် စတင် ဆင်နွှဲခဲ့သည်။
ကျောင်းသားသပိတ် ကာလအတွင်း ရန်ကုန်ပညာရေး တက္ကသိုလ်မှ ပါမောက္ခ ဒေါက်တာ အောင်သူနှင့် အောက်မြန်မာပြည် အဆင့်မြင့် ပညာရေးဌာနမှ ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က နိုဝင်ဘာ ၁၆ ရက်က လာရောက် တွေ့ဆုံသော်လည်း ကျောင်းသားတို့၏ လိုလားချက်များကို အသိအမှတ်ပြု ညှိနှိုင်းနိုင်ခြင်း မရှိကြောင်း သိရသည်။
ကျောင်းသားသပိတ် ဆန္ဒပြမှုအတွင်း ကျောင်းသားများ အနေဖြင့် ရှေ့ဆက်ပြီး မည်သို့ ဆောင်ရွက်သွားမည်ကို ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီအဖွဲ့ဝင်၊ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ်မှ ကိုမင်းသွေးသစ်ကို ဧရာဝတီ သတင်းဌာန အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်များကို ဖော်ပြလိုက်ပါသည်။
မေး။ ။ ကျောင်းသားတွေ အခုလို စုပေါင်းပြီး သပိတ်မှောက်ရတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါ။
ဖြေ။ ။ လွှတ်တော်က အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသား ပညာရေး ဥပဒေကို ကျနော်တို့ ကျောင်းသားတွေရဲ့ သဘောဆန္ဒ မပါဘဲနဲ့ အဓမ္မ အတည်ပြုလိုက်တဲ့ အတွက် ၊ ဒီဥပဒေကို အတည်ပြုပြီးတဲ့ ဥပဒေ ဖြစ်ပေမယ့် ပြန်ပြင်စေချင်တဲ့ အတွက် လွှတ်တော်နဲ့ အစိုးရ သိအောင်၊ သမ္မတ သိအောင်လို့ ဆန္ဒပြတာပါ။
နောက်ပြီး ကျနော်တို့က ဆန္ဒပြရင်းနဲ့ ပြည်သူလူထု သိအောင် အခု အတည်ပြု ပြဋ္ဌာန်းလိုက်တဲ့ ပညာရေး ဥပဒေဟာ ကျနော်တို့ ကျောင်းသားတွေ၊ ပြည်သူတွေရဲ့ ဆန္ဒမပါဘူး။ ဆရာတွေရဲ့ ဆန္ဒမပါဘူး။ အစိုးရက အတင်းအဓမ္မ အတည်ပြုလိုက်တဲ့ ဥပဒေသာ ဖြစ်တယ်ဆိုတဲ့ အကြောင်း ပြည်သူသိအောင်လို့ ကျနော်တို့ ဆန္ဒပြတာ ဖြစ်ပါတယ်။
မေး။ ။ ဆန္ဒပြ ကျောင်းသားတွေရဲ့ သပိတ်မှောက်နေတဲ့ အခြေအနေကို ဘယ်လောက်အထိ ရှေ့ဆက်သွားမယ်လို့ စီစဉ်ထားပါလဲ။
ဖြေ။ ။ ကျနော်တို့ ဖြစ်စေချင်တာ ဒီမိုကရက်တစ်ဘက်က လွှတ်တော် အမတ်တွေက လွှတ်တော်မှာ အရေးတကြီး အဆို တင်ပြီး ဒီပြဋ္ဌာန်းပြီးသား ဥပဒေကို ကျောင်းသားတွေက ဆန္ဒပြနေကြတယ်၊ ဒါကြောင့် ဘယ်လိုလမ်းကြောင်းနဲ့ ပြင်ဆင်မလဲဆိုတဲ့ အရေးကြီး အဆိုတင်ပြီးတော့ ဖြေရှင်းတာမျိုးကို လုပ်သင့်တယ်။ ကျနော်တို့က အဲဒီလို ဖြေရှင်းတဲ့ လမ်းကြောင်းနဲ့ ဒီဥပဒေ ပြင်ဆင်ရေးကို ကျနော်တို့ လိုချင်တယ်။
ကျနော်တို့ တင်ပြထားတဲ့ အချက် ၉ ချက် အတိုင်း ပြန်လည် ပြင်ဆင်ပေးဖို့ တောင်းဆိုတယ်။ အစိုးရဘက်က တစုံတရာ ကျနော်တို့ကို အကြောင်းမပြန်မခြင်း ကျနော်တို့ ဆန္ဒပြနေမယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ဆန္ဒပြနေတဲ့ ပုံစံတွေလည်း ပြောင်းကောင်း ပြောင်းသွားနိုင်တယ်။
မေး။ ။ ဘယ်လို ပုံစံမျိုးတွေ ပြောင်းလဲသွားမယ်၊ ဘယ်လို အရှိန်မြှင့်ပြီး လုပ်ဆောင်သွားမယ်ဆိုပြီး စီစဉ် ထားပါသလဲ။
ဖြေ။ ။ အရင်တုန်းက ပထမ ကျောင်းသားသပိတ်၊ ဒုတိယ ကျောင်းသားသပိတ်၊ တတိယ ကျောင်းသားသပိတ်တွေတုန်းက တနိုင်ငံလုံးမှာ ရန်ကုန်တက္ကသိုလ် တခုတည်းက စခဲ့တာပေါ့။ အခုတော့ ကျနော်တို့ခေတ်မှာ ပုံစံပြောင်းသွားပြီ။ နယ်တွေမှာ တက္ကသိုလ် တွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့က ရန်ကုန် အခြေပြု ဆန္ဒပြနေတာထက်စာရင် တခြားနယ်က ကျောင်းသားတွေလည်း၊ နယ်က ကျောင်းသား သမဂ္ဂတွေလည်း ကိုယ့်နေရာနဲ့ကိုယ် တပြိုင်တည်း ဆန္ဒပြဖို့ ကျနော်တို့ ထည့်သွင်း စဉ်းစားထားတာ ရှိတယ်။
အခု တနိုင်ငံလုံးက ကျောင်းသား ကိုယ်စားလှယ်တွေ ရန်ကုန်မှာ တနိုင်ငံလုံး ကျောင်းသားထု အရေးပေါ်အစည်းအဝေးကို တတ်ရောက်ဖို့ ရောက်လာတယ်။ ရောက်လာပြီး ဆုံးဖြတ်ချက်ချပြီး ရန်ကုန်မှာ ဆန္ဒ စပြနေတယ်။ ကျနော်တို့က အစိုးရကို ကျောင်းသားတွေ အနေနဲ့ တိုက်ပွဲ စခေါ်လိုက်တာပဲ။ အဲဒီတော့ နေရာအနှံ့မှာ တနိုင်ငံလုံး ဆန္ဒပြပွဲတွေ ဖြစ်လာအောင် ဆက်လက်ပြီး ကျနော်တို့ ကြိုးစားသွားမယ်။
မေး။ ။ ကျောင်းသားတွေ အခု တောင်းဆိုနေတာတွေကို အစိုးရက မဆောင်ရွက်ပေးဘူးဆိုရင် ဘာဆက်လုပ်သွားဖို့ ရှိပါလဲ။
ဖြေ။ ။ မလုပ်ဆောင်ပေးဘူး ဆိုရင်တော့ ကျနော်တို့လည်း ဆက်လက်ပြီး ဆန္ဒပြနေမှာပဲ။ ကျနော်တို့ အခု သပိတ်မှောက်လိုက် တယ်။ ကျနော်တို့ တောင်းဆိုချက်တွေ မရမခြင်း ဆန္ဒပြတဲ့ ပုံစံတွေ မျိုးစုံ ကျင့်သုံးသွားမယ်။ နောက်ဆုံး ဒီအစိုးရရဲ့ ပညာရေးအရ စာသင်နေရပေမယ့် ဒီပညာရေးက ကျနော်တို့ကို အောက်တန်း နောက်တန်းကျအောင် လုပ်တယ် ဆိုတာတော့ ရှိတဲ့နေရာ ရောက် တဲ့ နေရာမှာ ကျနော်တို့က ပြည်သူသိအောင် ပြောနေမှာပဲ။
သပိတ်မလှန်မခြင်း တောင်းဆိုချက်ရမှ သပိတ် လှန်မယ်။ ဒီသပိတ် မလှန်မခြင်းတော့ ကျနော်တို့က တဦးတယောက်ခြင်း ဖြစ်စေ၊ အစုအဖွဲ့လိုက် ဖြစ်စေ ဒီပညာရေး စနစ်က မကောင်းဘူးဆိုတာရယ်၊ ပြည်သူလူထု သိအောင်၊ ကျောင်းဆရာတွေ ဆရာမတွေရော၊ ကျောင်းသားတွေရော သိအောင် ကျနော်တို့က လုပ်နေဦးမှာပဲ။
မေး။ ။ အခု ဆန္ဒပြနေတဲ့ ကျောင်းသားတွေကို ၈၈ တုန်းကလို ဖြိုခွင်းလာမယ့် ပုံစံမျိုး ရှိလာရင်ရော။
ဖြေ။ ။ ကျနော်တို့က စိတ်ပိုင်းဖြတ်ပြီး ထွက်လာတာပါ။ ကျနော်တို့ကို ဖြိုခွင်းမယ်ဆိုရင် ကျနော်တို့ လက်ထဲမှာ လက်နက်ဆိုလို့ အပ်တို တချောင်းတောင် မပါတဲ့ အတွက် အစိုးရ ဖြိုခွင်းမယ်ဆိုလည်း ကျနော်တို့ ခံရမှာပဲ။ ဒါပေမယ့် တခု ရှိတယ်။ သူတို့တွေရဲ့ ရွေးချယ်တဲ့ လမ်းကြောင်းက ဒီအစိုးရ ဘာလဲ ဆိုတာကို ကျနော်တို့ သက်သေပြလို့ ရမယ်။
အကယ်၍ ကျနော်တို့ကို အရင်အစိုးရ နည်းအတိုင်းပဲ အကြမ်းဖက် ဖြိုခွင်းတယ် ဆိုရင်တော့ သေချာတယ်၊ ဒီအစိုးရက နဂို အာဏာရှင်စနစ် အာဏာရှင်ဉာဉ် မကုန်သေးတဲ့ အစိုးရလို့ နိုင်ငံတကာကို ပြောလို့ရတယ်။ ဒါဟာ အကောင်းဆုံး သက်သေပဲ။ နောက်တချက်က အစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေး လမ်းစဉ်ကို တကယ်သွားတယ် ဆိုရင် ကျနော်တို့နဲ့ ညှိနှိုင်းတာတွေ လုပ်ရမယ်။ ပြည်သူ မလိုလားတဲ့ အချက်တွေ ပြုပြင်ပေးရမယ်။ ဒါဆို ဒီအစိုးရက ပြောင်းလဲရေးကို ဦးတည် နေတယ်ဆိုတဲ့ဟာကို ကျနော်တို့ ယုံမယ်။ လောလောဆယ် ဒီအစိုးရကို ကျနော်တို့ လုံး၀ မယုံဘူး။ အာဏာရှင်တပိုင်း အစိုးရလို့ပဲ သတ်မှတ်ထားတယ်။
မေး။ ။ အခုလို ဆန္ဒပြ နေကြတာကို ကျောင်းသားတွေရဲ့ မိဘတွေက လိုက်မလာကြဘူးလား။ ကျောင်းသားတွေမှာ ဘယ်လို အခြေအနေမျိုးရှိလဲ။
ဖြေ။ ။ ဒီဆန္ဒပြတဲ့ ကျောင်းသားတွေမှာ အိမ်တွေက ဖုန်းဆက်ပြီးတော့ ပြန်မလာရင် အိမ်ပေါ်က ဆင်းဆိုလို့ တချို့ ကျောင်းသားတွေ အိမ်ပေါ်က ဆင်းလိုက်ရတာမျိုး ရှိတယ်။ တချို့တွေက အပြင်မှာ စာပြနေတယ်။ ကျူရှင်က အထုတ်ခံလိုက်ရတာတွေ ရှိတယ်။ ဂိုက်သင်နေတဲ့ အိမ်တွေက မိဘတွေဆို ဆန္ဒပြတဲ့ အထဲမှာ ပါလို့ဆိုပြီး လက်မခံတော့တာတွေ ရှိတယ်။ တချို့ကျတော့ မိဘတွေ အတင်း လာခေါ်တယ်၊ ပြန်မလိုက်သွားတဲ့ အတွက် မိဘတွေက စိတ်ဆိုးနေတာတွေ ရှိတယ်။
ဆန္ဒပြကျောင်းသား တယောက်ချင်းစီမှာတော့ သူ့ အခက်အခဲတွေနဲ့သူ ရှိနေကြတာတွေ အများကြီးပဲ။ အဲဒီအပေါ်မှာ ကျနော်တို့ ကျောင်းသား တယောက်ချင်းစီက စိတ်ပိုင်းဖြတ်ပြီး ထွက်လာတာဖြစ်တော့ သူတို့ကို အတတ်နိုင်ဆုံး ကျနော်တို့ ကူညီပေးမယ်။ နေရေး စားရေး အခက်အခဲ ရှိတယ်။ တချို့ ဖျားနေကြတာ ရှိတယ်။ ဖျားနေရင်းနဲ့ပဲ တည်းခို တဲ့ ဘုန်းကြီးကျောင်းမှာ မနေဘဲ လိုက် လာတယ်။ တချို့တွေက လမ်းလျှောက်တာများလို့ ဖနောင့်ပေါက် နေတာတွေ ရှိတယ်။ အခက်အခဲတွေကတော့ အများကြီးပါ။ ဒါပေမယ့် ကျနော်တို့က ဆက်သွားမယ်ဆိုတဲ့ ယုံကြည်ချက်တွေ ရှိတဲ့အတွက် ဆက်သွားကြ မှာပါ။
မေး။ ။ လက်ရှိ သပိတ်မှောက် ကျောင်းသားတွေရဲ့ စားဝတ်နေရေး၊ နေရေးထိုင်ရေးကို ဘယ်လို စီစဉ်ထားပါလဲ။
ဖြေ။ ။ ကျနော်တို့မှာ ပြည်သူတွေ လာလှူတဲ့ ဆေးတွေ ရှိတယ်။ အဲဒီ ဆေးတွေနဲ့ ကျနော်တို့ သုံးနေတယ်ပေါ့။ ဆေးခန်းပြထားရတာတွေတော့ မရှိဘူး။ အစားအသောက်က ကျနော်တို့ ဆန္ဒပြနေတဲ့ အချိန်မှာ ကျနော်တို့ကို လာလှူတဲ့ ဟာတွေ ရှိတယ်။ အခုလောလောဆယ် အဲဒီ ပိုက်ဆံတွေနဲ့ ညနေဘက် အစားအစာကို ကျနော်တို့ မှာပြီးတော့ စားနေကြတယ်။ အဲဒီ ဘဏ္ဍာငွေတွေနဲ့ပဲ ကျနော်တို့ ရှေ့ဆက်နေပါတယ်။
မေး။ ။ အခုလိုမျိုး ကျောင်းသားတွေ လမ်းပေါ်ထွက်နေတာကို တချို့က ဝေဖန်ကြတယ်။ ကျောင်းထဲမှာ နေပြီး စာသင်ရမယ့် ကလေးတွေက လမ်းပေါ် ထွက်နေကြတယ်လို့ ဆိုတယ်။ အဲဒီ အပေါ်မှာ ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့က ကျောင်းမှာ အေးအေးဆေးဆေး စာသင်ချင်ပါတယ်။ ဒါပေမယ့် ကျောင်းခန်းထဲမှာ အေးအေးဆေးဆေး စာသင်ပြီးတော့ ဘွဲ့တခု ရလာလို့ ဒီဘွဲ့ဝတ်စုံက သူနဲ့တန်တဲ့ အလုပ်တခု မရဘူးဆိုရင် ကျနော်တို့ ကျောင်းခန်းထဲမှာ အေးအေး ဆေးဆေး စာသင်နေလဲ အလကားပဲ။ ဒါ ကျနော်တို့ရဲ့ ခံယူချက်။ အဲဒီတော့ ကျောင်းခန်းထဲမှာ အေးအေးဆေးဆေး စာသင်တဲ့ ကျောင်းသားတွေ လမ်းပေါ် ထွက်တယ်ဆိုတာ မထွက်မဖြစ် ထွက်လာရတာ။
ကျနော်တို့ သမ္မတရုံးကိုရော၊ ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်တို့ကိုပါ ဒီအမျိုးသား ပညာရေး ဥပဒေအရ ဒီလို ဒီလို အကြောင်းကြောင့်မို့ ဆိုတဲ့ အကြောင်းအချက်တွေနဲ့ ကျနော်တို့ စာတင်ထားတာ ရှိတယ်။ သမ္မတရုံးနဲ့ ညှိနှိုင်းတာ ရှိတယ်။ တကယ်တမ်း ဥပဒေမူကြမ်း ထွက်လာတဲ့ အခါမှာ အဲဒီဥပဒေမှာ ကျနော်တို့ တောင်းဆိုတဲ့ အချက်တွေ လုံးဝမပါဘူး။
အခမဲ့ ပညာရေးကို အခု အစိုးရက မူလတန်းမှာ သတ်မှတ်ထားတယ်။ ကျနော်တို့က အလယ်တန်းအထိ သတ်မှတ်စေချင်တယ်။ ဘာကြောင့်လည်း ဆိုတော့ တနိုင်ငံလုံးရဲ့ သုံးစွဲငွေရဲ့ ၂ ရာခိုင်နှုန်းကိုပဲ ပညာရေး အတွက် သုံးပြီး ကာကွယ်ရေးမှာ တနှစ်တနှစ်ကို သုံးဆယ် ရာခိုင်နှုန်းကျော် သုံးတယ်။ အဲဒါကို မကြိုက်ဘူး။ ကျနော်တို့ ပြည်သူတွေ ထမ်းလိုက်တဲ့ အခွန်က လူအချင်းချင်း သတ်နေတဲ့ ဒီစစ်ပွဲမှာ သုံးတာကို ကျနော်တို့ လုံးဝမလိုလားဘူး။ ကျနော်တို့ လူမျိုးတွေကို ပညာတတ်အောင် သင်ပေးတဲ့ ပညာရေး ကဏ္ဍမှာပဲ ပိုပြီး သုံးစေချင်တယ်။
အခု ဥပဒေ ထွက်လာတယ်။ တနိုင်ငံလုံး ဘတ်ဂျက်ရဲ့ ဘယ်နှစ်ရာခိုင်နှုန်း သုံးပါမယ် ဆိုတာကို အတိအကျ မပြောဘူး။ ကျနော်တို့က ဘတ်ဂျက် အတိအကျ လိုချင်တယ်။ ဘတ်ဂျက် ဘယ်လောက် ရာခိုင်နှုန်း ပညာရေးမှာ သုံးပါမယ်ဆိုတဲ့ အတိအကျ လိုချင် တယ်။ အဲဒီအချက်တွေကြောင့် ကျနော်တို့ ဒီလိုဆန္ဒပြ သပိတ်မှောက်တာတွေ လုပ်ရတာ ဖြစ်တယ်။
ကျနော်တို့ ကျောင်းခန်းထဲမှာ အေးဆေးစာသင်ပြီး ရလာတဲ့ ဘွဲ့နဲ့ နိုင်ငံတကာမှာ အိမ်ဖော် သွားလုပ်တာတွေ၊ သူများနိုင်ငံမှာ ရွှေ့ပြောင်း အလုပ်သမား၊ တရားမဝင် အလုပ်သမား သွားလုပ်တာ တွေ့ရတော့ ကျနော်တို့က အောက်တန်းစားဟာ အောက်တန်းစားပဲ။ ဒီပညာရေးနဲ့ ကိုယ့်နိုင်ငံကလည်း နိုင်ငံတကာ အလယ်မှာ မျက်နှာဖော်နိုင်မှာ မဟုတ်ဘူး။
အဲဒီတော့ ပညာတတ် လူတန်းစားလို့ ပြောပြီးတော့ ပြည်သူရှေ့က ဦးမဆောင်ဘူး ဆိုလို့ရှိရင်၊ ကျနော်တို့လည်း ဖောက်ပြန်တဲ့ အတွေးအခေါ် ရှိနေလို့ရှိရင် အစိုးရနဲ့ အတူတူပဲ။ နောက်ပြီး ဘာမှ ထုတ်မပြောဘဲ ငြိမ်နေတာက အစိုးရရဲ့ သဘောကို လိုက်နေတာနဲ့ အတူတူပဲ။ ဒါကြောင့် ကျနော်တို့က အခုလို လမ်းပေါ်ထွက် ဆန္ဒပြရတာပဲ။
မေး။ ။ ဆန္ဒပြ ကျောင်းသားတွေရဲ့ မိဘတွေကို ဒီကျောင်းသားတွေ ကိုယ်စား ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ကျနော်တို့ ဆန္ဒပြနေတဲ့ ထိုင်သပိတ်မှာ မိဘတွေက ကိုယ့်သားသမီးကို လာခေါ်တာတွေ ရှိတယ်။ ကျနော်တို့ ရှင်းပြပါတယ်။ ကျနော်တို့မှ မလုပ်ရင် ကျနော်တို့ရဲ့ ညီတွေ၊ ညီမတွေ ကျနော်တို့ရဲ့ နောက်မျိုးဆက်တွေ၊ ဒါတွေက မြောင်းထဲ ရောက်နေတဲ့ တိုင်းပြည်ရဲ့ ပညာရေး စနစ်အတိုင်းပဲ ထွက်လာမှာပဲ။ အရှေ့တောင် အာရှမှာတောင် ဒုတိယ ပညာရေး အဆင့်အနိမ့်ဆုံး ဖြစ် နေတယ်။
အဲဒီတော့ ကျနော်တို့က ဒီပညာရေး စနစ်ကို ကမ္ဘာ့နိုင်ငံတွေက ဘွဲ့လက်မှတ်ကို အသိအမှတ် မပြုဘူးဆိုရင်တောင် အရှေ့တောင် အာရှနိုင်ငံတွေက ကျနော်တို့ရဲ့ ပညာရေး ဘွဲ့လက်မှတ်ကို အသိအမှတ်ပြုတဲ့ အထိ ကြိုးစားသွားမှာပါ။ အဲဒီတော့ မိဘတွေကို ကျနော်တို့ရဲ့ နောက်မျိုးဆက် အတွက် ရင်းရတာဖြစ်တဲ့ အတွက် ဒီလိုမျိုး ကိုယ့်သားသမီးကို မခေါ်ဖို့ အရမ်းစိတ်မပူကြဖို့ ကျနော်တို့ ပြောပြချင်ပါတယ်။