နယူးယောက်တိုင်းမ် သတင်းစာက ၂၉ အောက်တိုဘာမှာ ဖော်ပြထားတဲ့ ”ဆန္ဒပြတာတွေ ဘယ်လိုပဲ ပြီးပါစေ၊ ဟောင်ကောင်ကတော့ ပြောင်းလဲသွားပြီ” ဆိုတဲ့ ဆောင်းပါးကို ဖတ်ဖြစ်တယ်။ ဆောင်းပါးက အောက်ပါအတိုင်းပါ။
”တလကြာတဲ့အခါ ဟောင်ကောင်က ဒီမိုကရေစီ ဆန္ဒပြသမားများဟာ အဲဒီနေရာမှာပဲ ပြန်ရောက်ရှိ နေတာကတော့ အံ့စရာကောင်းတယ်။ အရင်တလ ကျောင်းသားတစုက အစိုးရရုံးကြီးရှေ့က နေရာမှာ ဝင်စီးကတည်းက ”ထီးလှုပ်ရှားမှု”လို့ ခေါ်ခဲ့တာ။ ထင်ခဲ့ကြတာက ဗရုန်းဗရင်းဖြစ်မှာပဲ၊ တရုတ်ပြည်မ ကြီးက အကြမ်းဖက်နှိပ်နှင်းမှာပဲလို့။ ဒါပေတဲ့ ဒီမိုက ရေစီ အပြောင်းအလဲတွေအတွက် အညှိအနှိုင်းလုပ်ဖို့ ဝေးမြဲဝေးနေပေမယ့် ဟောင်ကောင်ရဲ့ တက်ြွကလှုပ် ရှားသူတွေဟာ အဲဒီမြို့ကြီးရဲ့ နိုင်ငံရေး ပထဝီအနေ အထားကိုတော့ အပြီးတိုင်ပြောင်းနိုင်ခဲ့ပြီ။ နဂိုက တော့ အဲဒီလှုပ်ရှားမှုကို ဗဟိုကို နေရာဝင်ယူခြင်း (Occupy central) လို့ခေါ်တယ်။ ဟောင်ကောင် နိုင်ငံရေးသမားတွေနဲ့ စီးပွားရေးသမားတွေက ဒီလို “လူထုက အာခံခြင်း” ဟာ ကသောင်းကနင်းတွေ ဖြစ်စေမယ်။ လုပ်ငန်းတွေကို ရပ်ကုန်စေလိမ့်မယ်လို့ ခန့်မှန်းကြတာပေါ့။ ဆန္ဒပြတာတွေရဲ့ အစပိုင်းတုန်း က မျက်ရည်ယိုဗုံးတွေသုံးလို့ ဆန္ဒပြသမားတွေနဲ့ ပုလိပ်တွေကြား ရုန်းရင်းဆန်ခတ် ဖြစ်တာလေးတွေ ကလွဲရင် “လှုပ်ရှားမှု” က ခြုံကြည့်ရင် မရိုင်းပျဘူးရယ်။”
” ဟောင်ကောင်ရဲ့ ဗဟိုအစိုးရရုံးကြီးရှေ့က ဟိုင်းဝေးလမ်းမကြီးဟာ ဆန္ဒပြသမားတွေရဲ့ စခန်းအဖြစ် ပြောင်းသွားတယ်။ ဒါပေမယ့် ဟားကုတ်လမ်း ပေါ်က ရွက်ဖျင်တဲ ရာပေါင်းများစွာထဲ လျှောက်သွားရတာ ဂီတပွဲတော်တခုထဲ ရောက်သွာသလို ခံစားရတယ်။ ညနေတိုင်းဆိုရင် ကျောင်းသား ဒါဇင်ပေါင်များစွာ ခုံတွေပေါ်မှာ အိမ်စာတွေလုပ်နေပြီး သူတို့နားမှာ ဆန္ဒပြခေါင်းဆောင်တွေက မိန့်ခွန်းတွေပြေ နေကြတယ်။”
“လူတိုင်းတော့ ပွဲတော်ရောက်နေသလို မခံစားနိုင်ဘူးပေါ့။ အတားအဆီးတွေကြောင့် အသွားအ လာပျက်သွားတော့ တက္ကစီသမားတွေ၊ လက်လီဈေး သည်တွေ၊ စားသောက်ဆိုင်တွေက သူတို့ဝင်ငွေက လျော့ကုန်လို့ညည်းကြတယ်။ ဒါပေတဲ့ ဟောင်ကောင် ရဲ့ ငွေကြေးဈေးကွက် ဧရိယာကတော့ ပုံမှန်လည် တာပါပဲ။ စတော့ဈေးကစားသူတွေက ပြည်မကြီးက စီးပွားရေးနှေးကွေးတာကိုပဲ စိတ်ပူတယ်၊ ဟောင် ကောင်ကိုတော့ မပူကြပါဘူး။ ဟောင်ကောင်ငွေကြေး အာဏာပိုင်အဖွဲ့က ဘဏ်ခွဲတခုပဲ ပိတ်ရတယ်လို့ ကြေညာတယ်။”
“ဆန္ဒပြတာခဏနေမှာပါ။ ကြာရင် ဆန္ဒပြသမား တွေ စိတ်ဝင်စားမှု လျော့သွားမှာပါလို့ တွက်ကြတာ တွေလည်း မှားကုန်တယ်။ အစိုးရကပထမပိုင်းတုန်း က အားသုံးတာကိုး။ မျက်ရည်ယိုဗုံးသုံးတာရယ်၊ ကျောင်းသားတွေကို ခေါ်တွေ့မယ်လုပ်ပြီးမှပြန်ဖျက် တာရယ်၊ ပုလိပ်ကလက်ထိတ်ခတ်ခံထားရတဲ့ ဆန္ဒပြတဦးကို ရိုက်တဲ့ပုံတပုံကြောင့်ရယ်က လူအုပ်ကိုလမ်း ပေါ်ပြန်ရောက်စေတယ်။”
“အံ့အားသင့်စရာ နောက်တခုကတော့ တရုတ် ပြည်မကြီးက ဖြိုခွင်းလိုက်လို့ အမိန့်မထုတ်တာပဲ။ ကွန်မြူနစ်ပါတီက ပြည်ကြီးမှာ ဆန္ဒပြတာတွေကို သည်းခံလေ့ရှိတာ မဟုတ်ဘူး။ အစိုးရမီဒီယာက ဆန္ဒပြတာတွေကို ရှုတ်ချပြီး ပါတီခေါင်းဆောင်တွေက လှုပ်ရှားမှုကြီးကို သေသေချာချာ စောင့်ကြည့်တာ ထင်ရှားပေတဲ့ ယခုထိတော့ ဆန္ဒပြသမားတွေကို ထိခိုက်အောင်လုပ်မယ့်အစား လျစ်လျူရှုတဲ့ ဗျူဟာ ကို ကျင့်သုံးတယ်။”
” ဘေကျင်းဟာ လှုပ်ရှားမှုကြီးက တောင်းဆိုတာ တွေကို လိုက်လျောမယ်လို့ ပြင်ဆင်ထားပုံတော့မရ ဘူး။ ဆန္ဒပြသမားတွေတောင်းဆိုတဲ့ လူထုက ရွေးချယ်ခွင့်ကို ယခုထိတော့ မလိုက်လျောဘူး။ ဘေကျင်းဟာ ဟောင်ကောင်လူထု မကြိုက်တဲ့ လင်ချွန်ယင်းကိုပဲ ထောက်ခံတာပဲ။ တကယ်တော့ ဟောင်ကောင်နိုင်ငံရေးဟာ ဖြေရှင်းဖို့မလွယ်တဲ့ အခြေအနေမှာရောက်နေတာ။ လှုပ်ရှားမှုကြီးက သူ လိုတာရဖို့ မမျှော်လင့်နိုင်၊ အစိုးရကလည်းပေးဖို့မရှိ။ ဆန္ဒပြသမားတွေ သူတို့တဲတွေထဲမှာ နေနိုင်ကြပါ သေးတယ်။ နိုဝင်ဘာဆိုတော့ ရာသီဥတုကလည်း ကောင်းတာကိုး။ ဒါပေတဲ့ ဂလိုဘယ်မီဒီယာရဲ့ စိတ် ဝင်စားမှုက တခြားဘက်လှည့်သွား၊ လူတွေအနေနဲ့ လည်း ရိုးသွားရင် ဆန္ဒပြခြင်းရဲ့ အရေးကြီးမှုကို ဆုံးရှုံးသွားမယ့် အန္တရာယ်ရှိတယ်။”
“ဘယ်လိုပဲဖြစ်ပါစေ အခု ထီးလှုပ်ရှားမှု (Umbrella movement) မှာ အောင်မြင်တာတွေအများ ကြီးရှိတယ်။ ဟောင်ကောင်လူငယ်ထု အစိတ်အပိုင်း တခုဟာ ပြောရဲဆိုရဲတယ်၊ စည်းလုံးတယ်၊ ပိုင်းဖြတ် မှုရှိတယ်လို့ ကမ္ဘာကိုပြတယ်။ ဆုံးဖြတ်ချက်တွေကို ဘယ်လိုပဲပြပါစေ သူတို့ရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေ ကို အနာဂတ်ခေါင်းဆောင်တွေကတော့ စဉ်းစား ရတော့မယ်။”
စာရှုသူများခင်ဗျား။ အချက်သုံးချက် ကျနော် သတိပြုမိတာလေးတွေကို ဖောက်သည်ချချင်ပါ တယ်။ (၁) ဆန္ဒပြတာတွေကြောင့် ကသောင်းကနင်း ရုန်းရင်းဆန်ခတ်တွေ ဖြစ်မယ်လို့ သာမန်အားဖြင့် ကျနော်တို့တွေးလေ့ရှိကြတယ်။ အဲဒါမမှန်ဘူး။ လူဆိုး လူမိုက်တွေသုံးပြီး တမင်တကာ ဖျက်လိုဖျက်ဆီး မလုပ်ရင် စနစ်ကျတဲ့ ဆန္ဒပြတာတွေကြောင့်တော့ အကြီးအကျယ်ထိခိုက်တာ မရှိတန်ဘူးလို့ တွေးတော ရမှာ ဖြစ်ပါတယ်။ (၂) ဒုတိယအချက်က လူထုလှုပ်ရှားမှုတွေ ဆန္ဒပြတာတွေဟာ အလဟဿမဖြစ်ပါဘူးဆိုတဲ့ အချက်ပဲ။ ဟောင်ကောင်က ထီးလှုပ်ရှားမှုဟာ ဟောင်ကောင်ရဲ့ နိုင်ငံရေးဖြစ်စဉ်ပေါ်မှာ အကျိုး သက်ရောက် ကျန်ခဲ့မှာပဲလို့ နိုင်ငံရေးအကဲဖြတ်တွေက အကဲဖြတ်တယ်။
MAO သီဝရီဆိုတာ ကျနော်ဖတ်ဖူးတယ်။ Mobilization Action Plan ဆိုတဲ့ သီဝရီပဲ။ လူထုလှုပ်ရှားမှုတွေကို အဆင့်တွေခွဲပြီး ဘယ် အဆင့်မှာ ဘာလုပ်သင့်သလဲဆိုတာကို ဟောတဲ့ သီဝရီပဲ။ လှုပ်ရှားမှုမှန်သမျှဟာ အောက်ပါအဆင့် တွေ ဖြတ်သန်းရတာချည်းပဲတဲ့။
(၁) သာမန်အခြေအနေ
(၂) ပြောင်းလဲရတော့မယ်လို့ သိသာအောင် ဆိုးလာတဲ့အခြေအနေ
(၃) အခြေအနေက ရင့်မှည့်လာပြီ
(၄) ပြောင်းလဲမှုကို စတင်ဖော်ဆောင်ပြီ။ (Take-off Stage) ပျံတက်မယ့်အဆင့်လို့ခေါ်တယ်။
(၅) ရှုံးသွားပြီ သို့မဟုတ် ရှုံးပါပြီကွာလို့ ခံစား ရတဲ့အဆင့်
(၆) လူထုကတော့ သိသွားတဲ့အဆင့်
(၇) အောင်မြင်မှုရပြီ
(၈) ထပ်မံရင်ဆိုင်ရမှု အသစ်များအဆင့်
ကျနော်တို့ဆီက ရွှေဝါရောင် လှုပ်ရှားမှုဟာ အရှုံးလို့ တွက်ချင်တွက်ကြပေတဲ့ အဲဒီ သီဝရီနဲ့ တိုက်ကြည့်ရင် ရှုံးတာမဟုတ်ဘဲ အဆင့် (၆) ရောက် သွားတာပဲ။ တကယ်တော့ လူထုကသိသွားပြီ။ လူထု ရဲ့သိမှု (Public Opinion) မှာ အုပ်စိုးသူရဲ့ရက်စက် ကြမ်းကြုတ်မှုဟာ ဖုံးဖိမရအောင် ပေါ်သွားတာပဲ။ အုပ်စိုးသူရဲ့ “ဆရာ ဒကာ အစီအစဉ်” ကတော့ ပျက်သွားတာပဲလို့ အကဲဖြတ်နိုင်တယ်။ လိုချင်တာ တော့မရပေတဲ့ ရွှေဝါရောင်ဟာ အချည်းနှီး အလဟ ဿမဖြစ်ဘူး။ အဲသလိုတွက်နိုင်တယ်။ ရွှေဝါရောင် ကြောင့် အုပ်စိုးသူ အီလစ်တွေရဲ့လိပ်ပြာဟာ မသန့် တော့ဘူး။ ဒါနဲ့ပဲ နောက်ဆက်တွဲ ပြောင်းလဲမှုလေး တွေလုပ်ဖို့ ကြိုစားရတော့တယ်။ အဲဒါ အမှန်ပဲ မဟုတ်လား။
(၃) တတိယအချက်က ဟောင်ကောင်က ထီး ဆန္ဒပြပွဲကို ဘေကျင်းကတော့ အဓမ္မနှိမ်နင်းမှာပဲလို့ စိုးရိမ်ကြတာပါ။ ဒုတိယ တီယန်နန်မင် ဖြစ်မှာပဲလို့ ထင်ကြတယ်။ ဒါပေတဲ့ မဖြစ်ဘူး။ ယခုတခါ တရုတ် တွေကမရိုင်းဘူး။ ယဉ်တယ်၊ ညင်သာတယ်ခင်ဗျ။
လူထုလှုပ်ရှားမှုတွေအကြောင်းရေးတဲ့ စာအုပ် တအုပ်မှာ “၂၀ ရာစု ပထမရာစုဝက်မှာ လူထုလှုပ် ရှားမှုတွေဟာ နိုင်ငံရေးတည်ငြိမ်မှုအတွက် စိုးရိမ် စရာဖြစ်တယ်လို့ ယူကြတယ်။ ဒါပေတဲ့ ၁၉၆၀ ခုနှစ် တွေကတည်းက လူထုလှုပ်ရှားမှုတွေမှာ လူတွေပါဝင် ခြင်းဟာ သာမန်ဖြစ်ရိုးဖြစ်စဉ်ပဲ။ ဒီမိုကရေစီနိုင်ငံရေး စနစ်မှာ လိုအပ်တဲ့ကိစ္စပါပဲလို့တောင် မြင်လာကြပါ တယ်” လို့ ဖတ်ရတယ်။
လူထုလှုပ်ရှားမှုတွေကို “လူစုလူဝေးရဲ့ အပြု အမူ” လို့ ယူကြပြီး “လူအုပ်ရဲ့ စိတ်အခြေအနေ(Crowd Psychology) ဟာ ဘယ်လိုနေမလဲလို့ပဲ တွက်ကြတယ်။ လူတဦးချင်းဟာ လူအုပ်ကြီးထဲ ရောက်သွားရင် ကျိုးကြောင်းဆင်ခြင်စိတ် ပျောက် သွားပြီး လူအုပ်ကြီးကိုခေါင်းဆောင်တဲ့ လူတွေ နောက်ကို ကျွဲအုပ်၊ နွားအုပ်ကြီးလို လိုက်ကြမှာပဲ။ လူစုလူဝေး ဖြစ်တတ်တဲ့ အပြုအမူ (Collective Behavior) ဟာ လူအုပ်ကြီးကို ထြွကသောင်းကျန်းတဲ့ လူစု၊ ရုန်းရင်းဆန်ခတ်ဖြစ်မယ့်လူစု ဖြစ်သွားစေလိမ့်မယ်။ ဒါကြောင့် လူထုလှုပ်ရှားမှုတွေဟာ နိုင်ငံရေး စနစ်တခုရဲ့ တည်ငြိမ်မှုကို အန္တရာယ်ပြုမယ်တဲ့။
အဲသလို အယူအဆနဲ့ အီလစ် အုပ်စိုးသူတွေက လူထုလှုပ်ရှားမှုတွေကို ကြည့်ကြတာများတာပဲ။ အဲဒီ ကာလက အီလစ်တွေဟာ လူထုရဲ့ အပြုအမူတွေကို မယုံကြည်ကြလို့ပဲ။
ဒါပေတဲ့ ၁၉၆၀ ကျော်ကတည်းက လူထုလှုပ် ရှားမှုတွေအပေါ်မှာ အကောင်းရှုမြင်တာတွေ ရှိလာ တာက လူတွေဟာ စဉ်စားပြီးမှလုပ်တာတဲ့။ Rational Choice ကိုဆိုလိုတာပါ။ စိတ်ပျက်လက်ပျက် ဖြစ်လို့ မကျေနပ်လို့ ရုတ်တရက် ဝင်ပါတာထက် ဒီ စွန့်စားရတဲ့ကိစ္စ အချိန်ကုန် အင်အားကုန်တဲ့ကိစ္စမှာ ပါဝင်ဆင်နွှဲတာဟာ၊ ပါဝင်သင့်လို့ဝင်ပါတာ၊ ဝင်ပါဖို့ ထိုက်တန်လို့ လူမှုရေး၊ နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာမယ်ထင်လို့ လူတွေပါကြတာပါတဲ့။
တဦးချင်းဆိုရင် အားလည်းမရှိဘူး။ နိုင်ငံရေး အစီအစဉ်ကြီးကနေ ဝေးနေပြီး ကိုယ်လိုချင်တဲ့ အပြောင်းအလဲက မရနိုင်ဘူးလို့မြင်ကြပြီး လှုပ်ရှားမှု ထဲပါကြတာ။ လှုပ်ရှားမှုထဲပါရင် လူဟာ အားရှိလာ လို့တဲ့။ တချို့ လူထုလှုပ်ရှားမှုဟာ တော်လှန်ပြောင်း လဲဖို့ဖြစ်ချင်ပေတဲ့ တချို့ကျတော့လည်း ပြုပြင် ပြောင်းလဲဖို့ (Reform) ကိုပဲ ရည်စူးကြတာမို့ လူထု လှုပ်ရှားမှုတွေဟာ လူ့အဖွဲ့အစည်းရဲ့ ရေရှည်ခိုင်မြဲမှု ကိုတောင် ဖြစ်စေတာပါတဲ့။ ပညာရှင်တွေ အားလုံးလိုလိုက ဆန္ဒပြတာတွေ၊ လှုပ်ရှားမှုတွေဟာ “စိတ်လှုပ်ရှားမှု အခြေခံတွေ” (Emotional Reaction) ဆိုတာထက်ပိုတဲ့ဟာတွေလို့ သဘောတူကြပါတယ်။
တရုတ် အုပ်စိုးသူကြီးတွေရဲ့ ဟောင်ကောင်က “ထီးလှုပ်ရှားမှု” အပေါ် ကိုင်တွယ်တာက အံ့စရာဗျ။ ရှေးမကျဘူး။ ကျနော်တို့ဆီမှာတော့ လမ်းပေါ်ထွက် တာကို တော်တော်လေးအဆိုးမြင်တုန်းပဲ။ အဲ ရှေးကျတုန်းပဲ။ (Negative Conception of Social Movement ) ရှေးကျနေလို့ မတော်တော့ဘူးရယ်လို့ ကျနော်က အဆိုတင်သွင်းချင်ပါတယ်။
(မောင်မြတ်ထင်သည် နိုင်ငံရေးနှင့် လူမှုရေးဆိုင်ရာ တွေးခေါ်မျှော်မြင်ရေး ဆောင်းပါးများကို ရေးသားနေသော ရန်ကုန်အခြေစိုက် စာရေးဆရာဖြစ်သည်။)