စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအပြီး ပေါ်ပေါက် လာသော လွှတ်တော်က ဆက်လက် ပြင်ဆင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယက သူရဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးအရ ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သော သူရဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ပြင်ဆင်မည်ဟု မကြာခဏပြောဆိုနေခဲ့ရာမှ နိုဝင်ဘာလ ၁၈ ရက်နေ့ နေပြည်တော်တွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှသာလျှင် ပြင်ဆင် နိုင်မည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
လက်ရှိအချိန်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မည်ဆိုပါက ယင်းဥပဒေအရ ပေါ်ပေါက်လာသော လွှတ် တော်၊ အစိုးရအဖွဲ့များ အပါအဝင် မဏ္ဍိုင်များ ဆက်လက်ရပ်တည်ရေး မဖြစ်နိုင်ကြောင်း၊ အခြေခံဥပဒေ ပြင်ဆင်ရေး လူထု ဆန္ဒခံယူပွဲကို ၂၀၁၅ မေလတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး ရလဒ်များကို ၂၀၁၅ ရွေးကောက်ပွဲအပြီး ပေါ်ပေါက် လာမည့် လွှတ်တော်က ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးရွှေမန်းက ဆိုသည်။
“ဒီသက်တမ်းမှာ ကြားပေါက် ခုနက ပြင်လိုက်တာကို ဆောင်ရွက်မယ်ဆိုရင် ဒီနေ့ ခင်းကျင်းထားတဲ့ အုပ်ချုပ်ရေးဆိုင်ရာ အခင်းအကျင်း ၊ ကျန်တဲ့ အခင်းအကျင်းတွေက အကုန် ပြောင်းလဲသွားပြီ ဆိုရင် ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ၂၀၁၅ ခုနှစ်မှာ ရွေးကောက်ပွဲ လုပ်မယ်။ ထွက် ပေါ်လာတဲ့ ရွေးကောက်ခံ ကိုယ်စားလှယ်တွေနဲ့ အတူပဲ ၊ လွှတ်တော် သက်တမ်း စတဲ့ နောက်ပိုင်းမှာ ခုနက ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်နိုင်တဲ့ ပြင်ဆင်ချက်တွေပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက် သွားမယ်” လို့ ဦးရွှေမန်းက ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးမှုများ ဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းတခု ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ယင်းနောက် လူထုဆန္ဒခံယူပွဲ ကျင်းပမည်ဖြစ်ပြီး လူထု ဆန္ဒခံယူပွဲ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီပေးစေလိုကြောင်း၊ အခြေခံဥပေဒ ပြင်ဆင်ရေးတွင် သမ္မတဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့၏ သဘောထားသည် အရေးကြီးကြောင်း ဦးရွှေမန်းက ဆက်လက်ပြောဆိုသည်။
“အားလုံးဝိုင်း အကူအညီ ပေးကြပါ။ ပြည်သူ့ဆန္ဒခံယူပွဲ လုပ်တယ်ဆိုတဲ့ ကိစ္စက အင်မတန် ခက်ခဲတဲ့ ကိစ္စတခု ဖြစ်ပါတယ်။ အဲဒီ အတွက်လည်း စနစ်တကျ ပြီးမြောက်အောင် ဥပဒေများ ပြဋ္ဌာန်းပြီး ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။ ထွက်ပေါ် လာမယ့် ပြည်ထောင်စု လွှတ်တော်က တင်သွင်းလာမယ့် ဥပဒေကြမ်းများကို နောက်တပတ် လွှတ်တော် အစည်းအဝေးမှာ ဆုံးဖြတ် အတည်ပြုမယ်။ အဲဒီအချက် ပေါ်လာတဲ့ ဥပဒေကြမ်းတွေကို တချို့ကိစ္စတွေက ပြည်သူ့ဆန္ဒ ခံယူရမယ်။ အဲဒါကို လာမယ့် ၂၀၁၅ မေလအတွင်းမှာ ဆောင်ရွက်မယ် ” ဟု ဦးရွှေမန်းက ပြောဆိုသည်။
၂၀၁၅ ရွေးကောက်ပွဲကိုမူ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ သတ်မှတ်ကျင်းပသွားမည်ဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အခြေခံဥပဒေ ပြင်ဆင်နိုင်မည်မဟုတ်ကြောင်း ၎င်းက ဆိုသည်။
“ပြည်သူ့ဆန္ဒခံယူပွဲ ပြီးပြီးချင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မှုတွေကို ဆောင်ရွက်လို့ မရဘူး။ ရွေးကောက်ပွဲ အပြီး ထွက်ပေါ်လာတဲ့ အဖြေ ပေါ်မူ တည်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီလို အချိန်ကိုက်ဝင်နိုင်အောင် အထူး ဝီရိယထား ဆောင်ရွက် နေပါတယ်” ဟု ဦးရွှေမန်းက ရှင်းပြသည်။
လတ်တလော လွှတ်တော်တွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD) လွှတ်တော်ကိုယ်စားလှယ်များအကြား အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများ ပေါ်ပေါက် လျက်ရှိပြီး ထိပ်တိုက်တွေ့ဆုံမှုများ ပေါ်ပေါက်လျက်ရှိသည်။