မြို့ပိုင်မြေကွက်ကို ကိုယ်ကျိုး အတွက်ရောင်းစား ခဲ့သည်ဟု ဆိုပြီး ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့် မြို့နယ် အုပ်ချုပ်ရေး မှူးနှင့် မြေစာရင်းဌာနမှူး တို့ကို အစိုးရက အရေးယူပေးရန် ကန်ကြီးထောင့် ဒေသခံ ၃၀၀ ကျော်က ယမန်နေ့က ဆန္ဒပြကြသည်။
ရပ်ကွက်စာကြည့်တိုက်၊ ဆေးခန်းနှင့် ကလေးကစားကွင်းတို့ တည်ဆောက်ရန် လျာထားသည့် မြို့မြေကွက် အမှတ် C – 205 ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်နှင့် မြေစာရင်းဌာနမှူး ဦးဌေးရီတို့၏ဇနီးများက အကွက်ရိုက်၍ ကျပ်သိန်း ၉၆၀ ဖြင့် ရောင်းစားခဲ့ကြကြောင်း၊ မြို့ခံများက နိုင်ငံတော်သမ္မတထံ ဝိုင်းဝန်း တိုင်တန်းသည့်အခါ မြေကွက်ဝယ်ထားသူများကို ငွေပြန်အမ်းခဲ့ပြီး ရောင်းမှားဝယ်မှားအဖြစ် သတ်မှတ်ခဲ့မှု အပေါ် မကျေနပ်သည့်အတွက် ယခုကဲ့သို့ ဆန္ဒဖော်ထုတ်ခြင်းဖြစ်ကြောင်း မြို့မိမြို့ဖ ဦးတင်ဦးက ဧရာဝတီ ကို ပြောသည်။
“မြို့မြေကွက်တွေကို ကိုယ်ကျိုးအတွက် ရောင်းစားခဲ့တဲ့ ဦးမြင့်စိန်နဲ့ ဦးဌေးရီတို့ကို အရေးယူပေးဖို့ အခုလိုဆန္ဒပြရခြင်း ဖြစ်ပါတယ်။ ရောင်းစားခဲ့ကြောင်းကိုလည်း ဦးမြင့်စိန်က စက်တင်ဘာလ ၇ ရက်က တိုင်းအစိုးရဝန်ကြီး ဒေါ်ခင်စောမူ ဦးဆောင်လုပ်တဲ့ အစည်း အဝေးမှာ ဝန်ခံထားပါတယ်။ ရောင်းစားထားတဲ့ သိန်း ၉၆၀ ကိုလည်း ပြန်အမ်းပါမယ်။ ဒီမြေကွက်ကိုလည်း မထိတော့ပါဘူးလို့ ပြော တယ်။ အများပိုင်မြေကို ရောင်းစားပြီးမှ ရောင်းမှားဝယ်မှားဆိုပြီး လျှောချတာကို လက်မခံပါဘူး။ နိုင်ငံတော်အနေနဲ့ ဥပဒေအရ အရေးယူ ပေးဖို့ တောင်းဆိုပါတယ်”ဟုလည်း ၎င်းက ပြောဆိုသည်။
ဦးမြင့်စိန်နှင့် ဦးဌေးရီတို့ ပူးပေါင်း ရောင်းစားသည်ဟု ရပ်မိရပ်ဖများက စွပ်စွဲထားသည့် မြေကွက်သည် ရန်ကုန်-ပုသိမ် ကားလမ်း ဘေး ကန်ကြီးထောင့်မြို့ အမှတ် ၃ ရပ်ကွက်တွင် တည်ရှိပြီး အကျယ် ဝ.၈၀ ဧက ရှိသည်ဟု ဆိုသည်။
ယင်းမြေကွက်များမှာ ကန်ကြီးထောင့်မြို့နယ် တာဝန်ရှိသူများက လယ်သမားများထံမှ ၁၉၉၄ ခုနှစ်တွင် သိမ်းယူထားခဲ့ခြင်းဖြစ်ပြီး မြေသိမ်းမှုလျော်ကြေးအဖြစ် မူလပိုင်ရှင်လယ်သမားများကို မြေကွက်အစား ပြန်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။
လျော်ကြေးပေးကာ မြို့ပြစီမံကိန်းမြေအဖြစ် သိမ်းဆည်းထားသည့် မြေကွက်များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဌာနမှူးတို့၏ ဇနီးများက မူလပိုင်ရှင်လယ်သမားများကို ငွေကျပ် သိန်း ၈၀ ပေးအပ်၍ ယခုနှစ်ဆန်းပိုင်းတွင် ပြန်လည်ဝယ်ယူခဲ့ပြီး အလျားပေ ၄၀ x အနံ ပေ ၇၀ ရှိသည့် အကွက်ပေါင်း ၁၉ ကွက် ဖော်ထုတ်ခဲ့ကြောင်း မြို့ခံများက ပြောသည်။
အဆိုပါ မြေကွက်များကို တကွက်လျှင် ကျပ်သိန်း ၈၀ ဖြင့် ပြီးခဲ့သည့် ဇူလိုင်လနှင့် သြဂုတ်လအတွင်း ပြန်လည် ရောင်းချခဲ့ရာ အကွက်ပေါင်း ၁၂ ကွက် ရောင်းခဲ့ပြီး ကျပ်သိန်း ၉၆၀ ရရှိခဲ့ကြောင်း၊ တိုင်တန်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် မြေကွက်ကိစ္စကို ရောင်းမှားဝယ် မှားဟု သတ်မှတ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်း ဌာနမှူးတို့၏ ဇနီးများက မြေဝယ်သူများကို ငွေပြန်အမ်းခဲ့ကြောင်း မြို့ခံများက ဆိုသည်။
“သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကိုတောင် ငွေကျပ် ၇၂ သိန်းနဲ့ အရေးယူခဲ့တယ်ဗျာ။ အခုက မြို့နယ်အုပ်ချုပ် ရေးမှူးနဲ့ မြေစာရင်း ဦးစီးမှူးက လုပ်ထားတာက သိန်း ၉၀၀ ကျော် ဖြစ်နေတယ်။ ကိုယ်ကျိုးအတွက် လုပ်တယ် ဆိုတာလည်း အားလုံးထင်ရှားနေတယ်။ ဒါကို ရောင်းမှား ဝယ်မှားဆိုပြီး အရေးမယူဘဲနေတာကို မကျေနပ်ဘူး။ ခိုးပြီးပြန်ပေးလို့ လွတ်ကြေးဆိုရင် အကုန် သူခိုးဖြစ်ကုန်မှာပေါ့။ ဒီလိုသာ အရေးမယူဘဲလွှတ်ပေးနေရင် တရားဥပဒေစိုးမိုးမှုဆိုတာ ဘယ်လိုမှ မရှိနိုင်ဘူး”ဟု ပါဝင်ဆန္ဒပြခဲ့သူ ကန်ကြီးထောင့်မြို့နယ် လိပ်ကမ္ဘာ ကျေးရွာမှ ကိုအောင်အောင် က ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးတွင် ၂၀၁၄ ခုနှစ်အတွင်း၌ အစိုးရဌာနဆိုင်ရာများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့နှင့် တရားရေးဌာနမှ တရားသူကြီးတို့ကို ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပွားခဲ့ပြီးနောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြေစာရင်းဌာနမှူးတို့ကို ဒေသခံပြည်သူများက ဆန္ဒဖော်ထုတ်ခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးဖြစ်သည်။
ဆန္ဒပြသူများသည် “C – 205 မြေကွက်ကိစ္စ စုံစမ်းဖော်ထုတ် အရေးယူပေး”၊ “အကျင့်ပျက်ဝန်ထမ်းများ ပပျောက်ရေး”၊ “တရားဥပဒေအောက် တန်းတူညီမျှရှိရေး”၊ “တရားဥပဒေ စိုးမိုးရေးနှင့် ပွင့်လင်းမြင်သာမှု ရှိရေး”၊ “ပြည်သူ့မျက်နှာမကြည့်၊ ပြည်သူ့အသံနားမထောင်သူများ အလိုမရှိ” စသည့်ပိုစတာများ ကိုင်ဆောင်ကာ ကန်ကြီးထောင့်မြို့နယ် မြို့မဈေးအနီးမှ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြေစာရင်းရုံးနှင့် အစိုးရ ဌာနဆိုင်ရာရုံးများအနီး လှည့်လည်ဆန္ဒပြခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က လယ်သမားများ၏ သဘောတူညီချက်ဖြင့် မြေကွက်များ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး တိုင်ကြားခြင်း၊ တရားစွဲဆိုခြင်းများ ရှိလာပါက အထောက်အထား ပြည့်စုံစွာဖြင့် ဖြေရှင်းသွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ဧရာဝတီ၏ မေးမြန်းမှုကို ပြောဆိုထားသည်။
ဦးမြင့်စိန်သည် ကန်ကြီးထောင့်မြို့နယ် အုပ်ချုပ်ရေးမှူး တာဝန်ကို ၂၀၁၂ ခုနှစ် နှစ်ကုန်ပိုင်းက စတင် ထမ်းဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။