မြန်မာနိုင်ငံ သံလွင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် ရေကာတာများ တည်ဆောက်ရာတွင် ငွေ ကြေး အထောက်အပံ့ ပေးနေသည့် ကုမ္ပဏီကြီးများထဲမှ တခုသည် ၎င်း၏ ရည်ရွယ်ချက်များ အောင်မြင် နိုင်ရန် အတွက် “ဖိနှိပ် ချုပ်ချယ်မှုများနှင့် ပွင့်လင်းမြင်သာမှု အကန့်အသတ်များ ရှိနေသည့်” နိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ် နေသည်ဟု စွပ်စွဲမှုများနှင့် ကြုံတွေ့နေရသည်။
ပြည်တွင်းတွင် လုပ်ငန်းများ ဆောင်ရွက်ရန် အကျပ်အတည်းများ ရှိနေသည့် ထိုင်းနိုင်ငံမှ Electricity Generating Authority of Thailand (EGAT) က မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံများကို သဘာဝ ပတ်ဝန်း ကျင် ဆိုင်ရာ ထိခိုက်နစ်နာမှုများ ရှိနိုင်သည့် မြစ်ရေလှောင်တမံ များမှတဆင့် ထိုင်းနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးသည့် နိုင်ငံများ အဖြစ် အသုံးပြုရန် ဆန္ဒရှိနေသည်ဟု အမေရိကန် အခြေစိုက် NGO တခုဖြစ် သည့် International Rivers က ဧရာဝတီသို့ ပြောသည်။
EGAT သည် လာအိုနိုင်ငံ Xayaburi ရှိ မဲခေါင်မြစ်ပေါ်တွင် ရေအားလျှပ်စစ် ထုတ်လုပ်မည့် အငြင်းပွားဖွယ်ရာ အဖြစ်ဆုံး ဆည်တခု တည်ဆောက်ရန် ငွေကြေးထောက်ပံ့နေသည်။ ထိုဆည်ကို မဲခေါင် မြစ်အောက်ပိုင်း နိုင် ငံများ ဖြစ်သည့် ကမ္ဘောဒီးယားနှင့် ဗီယက်နမ် နိုင်ငံများနှင့် မြစ်ကမ်းတလျှောက်တွင် ရှိနေသည့် ထိုင်းပြည် သူများက ငါးများပျက်စီး ဆုံးရှုံးရမည်ကို စိုးရိမ်ပြီး ဆန့်ကျင်ကန့်ကွက် နေကြသည်။
“ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ပွင့်လင်းမြင်သာမှု ကန့်သတ်ချက်တွေ ရှိနေတဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ လုပ်ငန်းတိုး ချဲ့ဖို့ ဒီ လျှပ်စစ် လုပ်ငန်းကြီး လုပ်နေတဲ့နည်းလမ်းက ထိန်းချုပ်မှုတွေနဲ့ တာဝန်ခံမှု ရှိဖို့ လိုအပ်တယ်ဆိုတာ ကျနော်တို့ကို ထင်ထင်ရှားရှား ပြသနေပါတယ်” ဟု International Rivers မှ ထိုင်းနိုင်ငံ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်သူ Pianporn Deetes က ပြောသည်။
အဆိုပါ သတိပေးမှုသည် သံလွင်မြစ် ဖြတ်သန်း စီးဆင်းရာ ကရင်ပြည်နယ် အတွင်းမှ အစိုးရက ကျော ထောက် နောက်ခံ ပေးထားသည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) နှင့် ကရင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အကြား စစ်ရေး အရ တင်းမာမှုများနှင့် တိုက်ပွဲအချို့ ပေါ်ပေါက်လာချိန်တွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲများ ဖြစ်ပွားရခြင်း၏ အရင်းအမြစ်မှာ နေပြည်တော်အစိုးရက ဆည် အမြောက်အမြား တည်ဆောက် ရန် စီစဉ်ထားသည့် ဒေသများကို လုံခြုံရေး အရ ထိန်းချုပ်ရန် အားထုတ်လာခြင်း ကြောင့် ဖြစ်သည်ဟု ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO ၏ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး နာဒါးမြက ပြောကြောင်း Salween Watch အဖွဲ့၏ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။
အဆိုပါအဖွဲ့သည် သံလွင်မြစ်ကို ထိန်းသိမ်း စောင့်ရှောက်ရေး လှုပ်ရှားဆောင်ရွက် နေသည့် နိုင်ငံတကာ NGO တခု ဖြစ်သည်။
EGAT သည် သံလွင်မြစ် တလျှောက်တွင် တည်ဆောက်ရန် အဆိုပြုထားသည့် ဆည် အမြောက်အမြား အနက်မှ အကြီးဆုံး တခုဖြစ်သည့် ဟတ်ကြီးဆည် အတွက် အဓိက ငွေကြေးထောက်ပံ့ နေသည့် အဖွဲ့ဖြစ် သည်။ ဟတ်ကြီး ဆည်မှ လျှပ်စစ်ဓာတ်အား ၁၃၀ဝ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။
ထိုပမာဏသည် တနိုင်ငံလုံး အတိုင်းအတာဖြင့် ၄၅၀ဝ မဂ္ဂါဝပ်ခန့်သာ ထုတ်လုပ် ပေးနေနိုင်သည့် မြန်မာနိုင်ငံ အတွက် အတော် ထိရောက်မှု ရှိသည့် ပမာဏ ဖြစ်သည်။ သို့သော်လည်း လက်ရှိ ပြုလုပ်ထားသည့် သဘော တူညီချက်များ အရ ဟတ်ကြီးမှ ထုတ်လုပ်သည့် ဓာတ်အား အများစုကို ထိုင်းနိုင်ငံသို့ တင်ပို့ပေး ရမည် ဖြစ်သည်။
“သံလွင်မြစ်မှာ EGAT လုပ်ခဲ့တာက ထိုင်းစွမ်းအင် စီမံကိန်းတွေကို ထိုင်းနိုင်ငံ အပြင်ဘက် အိမ်နီးချင်း နိုင်ငံ တွေဆီကို ပို့ဖို့ ရည်ရွယ်ချက်ရဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ ထိုင်းပြည်သူတွေနဲ့ အရပ်ဘက် အဖွဲ့အစည်း တွေ ရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်မှုကြောင့် သူတို့ ဒါတွေကို ထိုင်းနိုင်ငံအတွင်းမှာ လုပ်ဖို့ မလွယ်ကူတဲ့ အတွက် ဖြစ်ပါတယ်” ဟု Earth Rights International မှ ဥပဒေ အကြံပေးတဦး ဖြစ်သည့် Songkrant Pongboonjum က ဧရာဝတီသို့ အောက်တိုဘာ လကုန်ပိုင်းတွင် ပြောကြားခဲ့သည်။
“EGAT က စီမံကိန်း ၂ ခုလုံး အတွက် အဓိက ရှယ်ယာ ပိုင်ဆိုင်သူဖြစ်ပြီး ထွက်ရှိတဲ့ လျှပ်စစ်ဓာတ်အား အများစု ကိုလည်း ထိုင်းနိုင်ငံကိုပဲ တင်ပို့မှာ ဖြစ်တဲ့ အတွက် လာအိုနိုင်ငံက Xayaburi ရေအားလျှပ်စစ် ဆည်နဲ့ မြန်မာနိုင်ငံက ဟတ်ကြီးဆည်တို့ဟာ အခြေခံအားဖြင့် ထိုင်းစီမံကိန်းတွေပဲ ဖြစ်ပါတယ်။ သူတို့ ဂရုစိုက်တာက သူတို့ အတွက် ခုခံတားဆီးမှု အနည်းဆုံး ရင်ဆိုင်ရမယ့် နေရာမှာ ရင်းနှီးမြှုပ်နှံဖို့ ပါပဲ” ဟု Songkrant Pongboonjun က ပြောသည်။
မြန်မာစစ်တပ်က နယ်ခြားစောင့် တပ်ဖွဲ့ (BGF) များကို အသုံးချနေပြီး စီမံကိန်းများ စတင်နိုင်ရန် နယ်မြေ ရှင်းလင်းရေး အတွက် အထောက်အကူများလည်း ပေးနေသည်ဟု ဗိုလ်မှူးကြီး နာဒါးမြက ပြောသည်။
“ကရင်ပြည်သူတွေက ရေအားလျှပ်စစ် စီမံကိန်းတွေကို မထောက်ခံကြဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ အတွက် အကျိုးအမြတ် မရှိဘူးလို့ ခံစားကြရလို့ ပါပဲ”ဟု သူကဆိုသည်။
ဘန်ကောက်ရှိ စစ်တပ် ဦးဆောင်သည့် အစိုးရက ဈေးနှုန်းကြီးမြင့်သည့် သဘာဝဓာတ်ငွေ့ အပေါ် တိုင်းပြည်က အလွန်အမင်း မှီခိုနေရခြင်းနှင့် ပတ်သက်၍ စိုးရိမ်မှု ရှိနေသောကြောင့် EGAT အနေဖြင့်
အခြားသော စွမ်းအင် အရင်းအမြစ်များ ရှာဖွေရေး အတွက် ဖိအားများ ရှိနေသည်။
ထိုင်းနိုင်ငံ၏ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး အတွက် သဘာဝဓာတ်ငွေ့ကို ၇၀ ရာခိုင်နှုန်းခန့် သုံးစွဲနေပြီး ၎င်းတို့ထဲမှ ၂၅ ရာခိုင်နှုန်းခန့်ကို မြန်မာ နိုင်ငံမှ တင်သွင်းနေရခြင်း ဖြစ်သည်။ လာမည့် ၂ နှစ်ကျော်တွင် မုတ္တမပင်လယ်ကွေ့တွင် ထိုင်းနိုင်ငံ အစိုးရပိုင် PTTEP ကုမ္ပဏီက တာဝန်ယူ ဆောင်ရွက်နေသည့် ဇောတိက သဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထုတ်လုပ်မှု အပြည့်အဝ ရရှိလာသည့် အချိန်တွင် ဓာတ်ငွေ့တင်သွင်းမှုက တိုးလာဦးမည် ဖြစ်သည်။
လာအိုအစိုးရနှင့် သဘောတူညီမှုများ အရ မဲခေါင်မြစ်ရှိ Xayaburi ဆည်မှ ထုတ်လုပ်သည့် လျှပ်စစ်ဓာတ် အား၏ ၈၀ ရာခိုင်နှုန်း ကျော်ကို EGAT က ဝယ်ယူမည် ဟုသိရသည်။ အဆိုပါဆည်မှ လျှပ်စစ် ဓာတ်အား ၁၂၈၀ မဂ္ဂါဝပ်ထုတ်လုပ် ရန် စီစဉ်ထားသည်။
သို့သော်လည်း Xayaburi ဆည်သည် ရေစီးဆင်းမှုကို အဟန့်အတား ဖြစ်စေပြီး သိန်းနှင့်ချီသော ပြည်သူများ အစားအစာ အတွက် မှီခိုအားထားနေရသည့် ငါးများ ရွှေ့ပြောင်းဝင်ရောက်မှုနှင့် ပေါက်ပွားမှုကို ထိခိုက်စေ လိမ့်မည်ဟု ဆန့်ကျင် ကန့်ကွက် နေသူများက ပြောကြသည်။
ဗြိတိန်နိုင်ငံမှ အကဲဖြတ် လေ့လာရေး အဖွဲ့အစည်းတခု ဖြစ်သည့် Maplecroft က လာအိုနိုင်ငံတွင် ပြုလုပ်ခဲ့ သည့် စီးပွားရေး စွန့်စားရမှု ဆိုင်ရာ လေ့လာမှုတခုက နိုင်ငံရေး စနစ်နှင့် စီးပွားရေးကြားတွင် ပျံ့နှံ့နေသော အကျင့်ပျက် ခြစားမှုကို မီးမောင်းထိုးပြခဲ့သည်။
မြန်မာနိုင်ငံတွင် ဖြစ်နေသကဲ့သို့ သဘာဝအရင်းအမြစ် ထုတ်ဖော်ယူခြင်းကြောင့် သဘာဝ ပတ်ဝန်းကျင် အတွက် ဖိအားများ ရှိလာသော်လည်း တိုင်းပြည် အတွင်းတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုကို ဖိနှိပ် ကန့်သတ်မှု တခု ရှိနေသည်။
“လာအို နိုင်ငံက အခြေခံ လူ့အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေး ဆိုင်ရာ ညွှန်းကိန်းတွေ အများစုမှာ အားနည်းစွာ ဆောင်ရွက်ခဲ့ပါတယ်” ဟု Maplecroft က ပြောသည်။
သို့သော်လည်း လာအိုနိုင်ငံတွင် Xayaburi ဆည် ရပ်တန့်ရေးကို အနည်းငယ်သာ ဆောင်ရွက်နိုင်သည့် အချိန်တွင် “မဲခေါင်ကို ကယ်တင်ကြ” ဆိုသည့် ခေါင်းစဉ်အောက်တွင် ဆန့်ကျင်ကန့်ကွက်သူများ ပူးပေါင်း ထားသည့် နိုင်ငံတကာ အဖွဲ့တခုက ဆည်တည်ဆောက်မှုတွင် EGAT ၏ ငွေကြေးထောက်ပံ့မှုကို ဆိုင်းငံ့ထား ပေးရန် ထိုင်းနိုင်ငံ တရားရုံးမှ တားမြစ်မိန့် ရရှိရန် ကြိုးစားနေသည်။
အဆိုပါ ပူးပေါင်းအဖွဲ့က EGAT သည် မဲခေါင်မြစ် တလျှောက်တွင် နေထိုင်ကြသည့် ထိုင်းပြည်သူများနှင့် ညှိ နှိုင်း ဆွေးနွေးရန် ပျက်ကွက်ခဲ့ပြီး ဘေးကင်း လုံခြုံမှုဆိုင်ရာ စံနှုန်းများကို လျစ်လျူရှုခဲ့သည်ဟု စွပ်စွဲခဲ့သည်။
နောက်ဆုံး အကဲဖြတ်လေ့လာမှု တခုတွင် တရုတ် အစိုးရပိုင် Sinohydro Corporation သည် EGAT နှင့် ပူးပေါင်း၍ ဟတ်ကြီးဆည် စီမံကိန်းကို ဆက်လက် ဆောင်ရွက်ရန် မြန်မာအစိုးရထံမှ ခွင့်ပြုချက် ရရှိထားပြီး ဖြစ်သည်ဟု Salween Watch အဖွဲ့က ဖော်ပြခဲ့သည်။
သံလွင်မြစ်ပေါ်တွင် ဆည်များ တည်ဆောက်ရေး အတွက် ပထမဆုံး ဆွေးနွေးမှုကို ၁၉၉၀ နှစ်များ အကုန် ပိုင်းခန့်တွင် ပြုလုပ်ခဲ့သည်။
“သံလွင် စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ သတင်းအချက် အလက်တွေ ပြည်သူလူထုကို ထုတ်ဖော်ပြောဆိုတာ အလွန် နည်းခဲ့ပါတယ်။ တိုင်းရင်းသား ပြည်နယ်တွေမှာ မတည်ငြိမ်မှုတွေ ရှိနေတာကြောင့်လည်း သတင်း အချက်အလက် စုစည်းဖို့ လွတ်လပ်စွာ အားထုတ်မှုတွေကို အတားအဆီး ဖြစ်စေခဲ့ပါတယ်” ဟု Salween Watch အဖွဲ့က ပြောသည်။
EGAT ၏ သံလွင်စီမံကိန်းနှင့် ပတ်သက်သည့် လက်ရှိ ပါဝင်နေမှုများကို ရှင်းပြပေးနိုင်ရန် ဘန်ကောက် မြို့ရှိ EGAT ရုံးသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားချက်မရရှိခဲ့ပါ။ ဖုန်းခေါ်ဆိုမှုများသည် ရုံးတွင်းလိုင်း ပြောင်းပေးခြင်းများ ပြုလုပ်နေစဉ် အကြိမ်ကြိမ် ပြုတ်ကျခဲ့ရသည်။
“လာအိုနိုင်ငံထဲက မဲခေါင်မြစ်မှာ ရှိတဲ့ Xayaburi ဆည်က လျှပ်စစ်ဓာတ်အား ဝယ်ယူရာမှာ EGAT ရဲ့ ပါဝင် မှုကို ဆန့်ကျင် တရားစွဲဆိုမှုနဲ့ ကြုံတွေ့လိုက်ရတာက EGAT အနေနဲ့ ဒီလုပ်ရပ်တွေကို နောက်ဆက်တွဲ အကျိုးဆက်တွေ မရှိဘဲ ဆက်လုပ်လို့ မရနိုင်ဘူး ဆိုတာကို ပြသနေပါတယ်” ဟု International Rivers မှ Pianporn Deetes က ဧရာဝတီသို့ ပြောသည်။
“ကုမ္ပဏီ (EGAT) အနေနဲ့နိုင်ငံခြားမှာလုပ်ငန်း လုပ်တဲ့အခါ ထိုင်းနိုင်ငံရဲ့ ဥပဒေတွေနဲ့ ကိုက်ညီမှုရှိဖို့ မကြာ မီမှာ လိုအပ်လာနိုင်တဲ့ အတွက် သူတို့ရဲ့ အလေ့အထတွေကို ပြန်လည်စစ်ဆေးဖို့ လိုပါတယ်” ဟု သူက ဆိုသည်။ ။