မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့တဲ့ အမေရိကန် သမ္မတ အိုဘားမားဟာ သူရဲ့ခရီးစဉ် အတွင်း ရန်ကုန် တက္ကသိုလ် စိန် ရတု ခန်းမမှာ မြန်မာလူငယ်တွေနဲ့ အာဆီယံ လူငယ်ခေါင်းဆောင်တွေကို ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ပြီး လူငယ်တွေရဲ့ မေးမြန်းပြောဆိုချက်တွေကို ဂရုတစိုက် ပြန်လည် ဖြေကြားပေးခဲ့ပါတယ်။
သမ္မတ အိုဘားမားဟာ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့ရဲ့နိုင်ငံကို ဦးဆောင်မှု ပေးနေသလို ကမ္ဘာကြီးကိုပါ ဦးဆောင်မှု ပေးနိုင်လို့ မြန်မာလူငယ်တွေက အားကျမိတယ်လို့ ဧရာဝတီကို ပြောပါတယ်။
အဲဒီ တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ မြန်မာလူငယ်တွေက အိုဘားမားကို အားကျပြီး သူ့လို နိုင်ငံခေါင်းဆောင် တယောက် ဖြစ်ချင် တယ်လို့လည်း ပြောဆိုကြပါတယ်။
သမ္မတ အိုဘားမားရဲ့ စကားပြောကောင်းမှု၊ နိုင်ငံကို ဦးဆောင်နိုင်မှု၊ ပြည်သူနဲ့ နီးစပ်မှု၊ အမေရိကန်ကို သာမက ကမ္ဘာ့နိုင်ငံများကိုပါ ဦးဆောင် လွှမ်းမိုးနိုင်မှု၊ ကမ္ဘာ့ရေးရာများကို ချဉ်းကပ်ဖြေရှင်းရာ၌ ထိုးထွင်းအမြင်ရှိမှုတွေက အားကျစရာ အချက်တွေ ဖြစ်တယ်လို့ မြန်မာ လူငယ်တွေက ဆိုကြပါတယ်။
“အိုဘားမားကို အားကျတယ်။ အားကျတာက အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ ပဋိပက္ခတွေကို ကိုင်တွယ်နိုင်လို့ပါ”လို့ ရန်ကုန်မြို့ရှိဒဂုံတက္ကသိုလ်မှာ အင်္ဂလိပ်စာ ဘာသာ အဓိကနဲ့ ပထမနှစ် တက်ရောက်နေတဲ့ မဆုဝေလင်းက ပြောပါတယ်။
တွေ့ဆုံပွဲမှာ သမ္မတ အိုဘားမားကလည်း မြန်မာနိုင်ငံမှာ လူငယ်တွေရဲ့ အားကိုယူပြီး တိုင်းပြည်တိုးတက် မြင့်မားအောင် ဆောင်ရွက် ဖို့၊ လူငယ်တွေဟာ လူ့အသိုင်းအဝိုင်း တခုလုံးကို ကိုင်လှုပ်နိုင်စွမ်း ရှိတဲ့အတွက် မြန်မာ လူငယ်တွေ အနေနဲ့ ကမ္ဘာ့လူငယ်တွေနဲ့ပါ အတူတကွ ပူးပေါင်းပြီး တိုးတက်အောင် ဆောင်ရွက်ဖို့ တိုက်တွန်း ပြောဆိုသွားပါတယ်။
ရန်ကုန် ဆေးတက္ကသိုလ် (၁) မှာ ပထမနှစ် တက်ရောက်နေတဲ့ အေးပြည့်ညီညီက“အိုဘားမားလို နိုင်ငံကို ဦးဆောင်နိုင်တဲ့ တော်ပြီး ထက်မြက်တဲ့သူ ဖြစ်အောင် ကြိုးစားမယ်။ သူလို လုပ်ဆောင်နိုင်မယ်ဆိုရင် ကိုယ့်အိပ်မက်တွေလည်း တကယ်ဖြစ်လာမှ”လို့ ပြောပါတယ်။
သမ္မတ အိုဘားမား ကူညီလို့ရှိရင် မြန်မာနိုင်ငံ ပညာရေးစနစ် ပိုမိုကောင်းမွန်လာနိုင်ပြီး လူငယ်တွေ အတွက်လည်း အကျိုး ရှိနိုင် တယ်လို့လည်း သူက ပြောဆိုပါတယ်။
အမျိုးသား လူငယ် ကွန်ဂရက်က မဖွေးယုမွန်ကမူ“အိုဘားမား အစိုးရက မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အပြောင်းအလဲထက် ဒီမှာ ရင်းနှီးမြှပ်နှံမှုတွေလုပ်ဖို့ ဦးစားပေးနေတာမျိုးတော့ မဖြစ်သင့်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဖို့၊ ၂၀၁၅ မှာ ရွေးကောက်ပွဲ ဖြစ်ဖို့ကို သူ့အနေနဲ့ ဘယ် လောက် တွန်းအားပေးနိုင်မလဲ ဆိုတာကို ပိုပြီးတော့ စိတ်ဝင်စားတယ်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာ လူငယ်တွေရဲ့ အသိအမှတ်ပြု ခံရမှုက အရမ်းကို နည်းနေသေးပြီး အခုလည်း နိုင်ငံရေးမှာ လူငယ်တွေရဲ့ ပါဝင်နိုင်မှုက နည်းနေသေးတယ်လို့ သူက ဆက်ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး စိန်ခေါ်မှုတခုက ပညာရေးစနစ်ကို ဘယ်လို ပြန်လည် ထူထောင်မလဲဆိုတာနဲ့ လူငယ်တွေရဲ့ အခွင့် အလမ်းတွေကို အစိုးရနဲ့ အဖွဲ့အစည်းတွေက ရှာဖွေပေးဖို့ လိုတယ်လို့ သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။
“အိုဘားမား ပြောခဲ့တဲ့ အထဲမှာ Change ဆိုတဲ့ စကားကို အရမ်းကြိုက်တယ်။ သူပြောခဲ့တဲ့ အတိုင်းပဲ အမေရိကန်ကို တကယ် Change လုပ်ခဲ့တယ်။ သူလုပ်နိုင်ခဲ့သလိုပဲ မြန်မာနိုင်ငံမှာလည်း အပြောင်းအလဲတွေ ဖြစ်စေချင်တယ်။ အိုဘားမား ကူညီမယ် ဆိုရင် လူငယ်တွေ အတွက် အခွင့်အလမ်းတွေ ရလာနိုင်တယ်။ ကျမတို့ နိုင်ငံမှာက ပညာတတ်ပေမယ့် အခွင့်အလမ်း မရှိတာမျိုးတွေ ရှိတယ်”လို့ အင်္ဂလိပ်စာ အဓိကနဲ့ ဘွဲ့ရထားတဲ့ မအေးသီတာထွန်းက ပြောပါတယ်။
တက္ကသိုလ် ကျောင်းသူတဦးဖြစ်တဲ့ မမြင့်မြင့်ဦးကလည်း“ကျမတို့ ပညာရေး ကောင်းကောင်း လိုချင်တယ်။ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ များများ လိုချင်တယ်။ အဲဒါဆိုရင် မြန်မာပြည်လည်း တိုးတက်လာမယ်လို့ ထင်တယ်”လို့ ပြောဆိုပါတယ်။
အမေရိကန် ပြည်ထောင်စုမှာ ပြည်သူတွေက ကိုယ်ကြိုက်တဲ့ သမ္မတကို ကိုယ်တိုင် ရွေးချယ်ခွင့် ရှိတဲ့အတွက် အဲဒီလို နိုင်ငံရေး စနစ်မျိုး မြန်မာနိုင်ငံမှာ ဖြစ်စေချင်တယ်လို့ တက်ရောက်လာကြတဲ့ လူငယ်တွေက ဆိုပါတယ်။
ရေကြောင်းပညာ တက္ကသိုလ်မှာ စတုတ္ထနှစ် တက်ရောက်နေတဲ့ ကိုထက်အောင်လှိုင်ကတော့“မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်လို လူထု ခေါင်းဆောင်တွေ ရှိပါတယ်။ သူလို လူမျိုးကို သမ္မတ ဖြစ်စေချင်တယ်”လို့ ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုက အရှေ့တောင်အာရှ နိုင်ငံတွေဆီက လူငယ် ၅၀၀ ကို ခေါင်းဆောင်မှု ပညာတွေ အပြင် အတွေးအခေါ် ပညာရပ်တွေ လေ့လာဖို့ အမေရိကန်က ဖိတ်ခေါ်မှာဖြစ်ပြီး အမေရိကန်မှာရှိတဲ့ အကောင်းဆုံး တက္ကသိုလ်တွေမှာ ပညာသင်ကြားခွင့် ပေးမယ်လို့ သမ္မတ အိုဘားမားက ကတိပြု ပြောဆိုသွားပါတယ်။
သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံကို အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ တက်ဖို့ နိုဝင်ဘာ ၁၂ ရက်က စတင်ရောက်ရှိပြီး နိုဝင်ဘာ ၁၄ ရက်မှာတော့ တက္ကသိုလ် စိန်ရတု ခန်းမမှာ အရှေ့တောင်အာရှ လူငယ်များ ဦးဆောင်မှု အစီအစဉ်အရ လူငယ်တွေနဲ့ တွေ့ဆုံ ခဲ့ တာ ဖြစ်ပါတယ်။