အခြေခံ ဥပဒေ မပြင်နိုင်သေးတဲ့အပေါ် အမြင်များ

ကျော်ခ

This article has been converted from Zawgyi One to Unicode

Want create site? Find Free WordPress Themes and plugins.

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းများကို ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ အပြီး နောက်အစိုးရ လက်ထက်ကျမှသာ ပြုလုပ်မယ် လို့ ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက နိုဝင်ဘာ ၁၈ ရက်နေ့ နေပြည်တော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံပြီး တရားဝင် ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးကို စစ်ဗိုလ်ချုပ်ဟောင်းများ ကသာ ဆက်လက် ထိန်းချုပ် ဦးဆောင်သွားနိုင်ဖို့ စိတ်ကြိုက် ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ စစ်မှန်တဲ့ ဒီမိုကရေစီ စနစ်ကို မသွားနိုင်တဲ့ ယင်း အခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ရေး ပြည်တွင်း ပြည်ပ အတိုက်အခံ အင်အားစုများ အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းကပါ တိုက်တွန်း တောင်းဆိုမှုတွေ ပြုလုပ်နေချိန်မှာ သူရ ဦးရွှေမန်းက အခုလို ပြောဆိုတာ ဖြစ်ပါတယ်။

အဆိုပါ ၂၀၀၈ အခြေခံ ဥပဒေကို မပြင်ဆင်ဘဲ ၂၀၁၅ မှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ် ဆိုပါက လူထုအပေါ် ဘယ်လို ရိုက်ခတ်မှုတွေ ရှိလာနိုင်မလဲ၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပေါ် သက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ ဆိုတဲ့ အမြင် သဘော ထား တွေကို ပြည်တွင်း၊ ပြည်ပ နယ်ပယ် အသီးသီးမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေကို ဧရာဝတီ သတင်းထောက် ကျော်ခက ဆက်သွယ်မေးမြန်းထား ပါတယ်။

ဦးအောင်မျိုးမင်း
ဒါရိုက်တာ
ညီမျှခြင်းမြန်မာ (Equality Myanmar)

ကျနော့် အနေနဲ့ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ကို အရင် လုပ်သင့်တယ် လို့ ယူဆပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အားနည်းချက်တွေ ရှိနေတယ်။ အဲဒီ အားနည်းချက်ကို အခြေခံပြီးမှ ပေါ်ပေါက်လာမယ့် နောက် ထပ် အစိုးရအသစ် တခုအနေနဲ့ ဆိုရင်တော့ ထပ်ပြင်ဖို့ အချိန်တွေ ထပ်လိုသွားလိမ့်မယ်။

အဲဒါကြောင့် အခုရှိနေတဲ့ အခြေအနေတွေကို အမြန်ဆုံး ပြုပြင်ပြောင်းလဲမှု လုပ်ပေးပြီးတော့မှ ပြည်သူလူထု လိုလားတဲ့ အတိုင်း ဆောင်ရွက်ပေး သင့်တယ်။ ပြင်ဆင်ပြီးတော့မှ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ အညီ နောက်ထပ် အစိုးရသစ်ကို ဒီမိုကရေစီနည်းကျ ပြည်သူ့ဆန္ဒနဲ့ ကိုက်ညီတဲ့ အစိုးရကို ရွေးချယ်နိုင်မှာ ဖြစ်တယ်။ အခုလို လုပ်လိုက်တာကို ကျနော် သဘောမကျပါဘူး။ အထူးသဖြင့် ဒီဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြောင်းလဲရမယ့် အချက်တွေ၊ သမ္မတ ဖြစ်ခွင့်အတွက် လုပ်ဆောင်ဖို့ လိုနေတဲ့ အပိုင်းတွေ ပါနေတယ်။ ဒီဟာတွေကို အပြောင်းအလဲကို လိုလားနေတဲ့ အချိန်မျိုးမှာ မပြောင်းလဲခြင်းဟာ နောက်ထပ် အချိန်ကိုက်၊ အချိန်ဆွဲတယ်ဆိုတဲ့ သဘောမျိုးလည်း သက်ရောက်နေတာ တွေ့ရပါတယ်။

ပြည်သူလူထု လိုလားနေတဲ့ အတိုင်း မပြောင်းလဲတာ ကိုက ပြည်သူလူထုရဲ့ အသံကို နားမထောင်ခြင်း ဆိုတာကို ပြနေတာ ဖြစ် တယ်။ နောက်တခုက ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်ပြီးတော့ သံသယတွေ ဖြစ်လာပါတယ်။

တခုခုဆို အချိန်ဆွဲတဲ့ ကိစ္စ၊ နောက်တခု အချိန်ကိုက်ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလမ်းစဉ်ကို ဆန့်ကျင်နေ တဲ့ အဖြစ်အပျက်တွေက လက်ရှိအစိုးရက အမှန်တကယ် အတိုင်း ပြောဆိုတာ ပါလား။ တကယ် စိတ်ရင်း စေတနာ ရော ရှိပါရဲ့လား။ ပြုပြင် ပြောင်းလဲမှုတွေ ကရော တကယ်တမ်း ရည်ရွယ်ပြီးတော့ လုပ်ဆောင်တာလား၊ ဒါမှ မဟုတ် နိုင်ငံကို အရင်အတိုင်း ပြန်သွားဖို့ ဦးတည်ပြီးတော့ လုပ်ဆောင်နေတာလား ဆိုတဲ့ မေးခွန်းတွေက အများကြီး မေးစရာဖြစ်လာပါတယ်။

ကျနော်တို့ မေးခွန်းတွေ ရှိသလို နိုင်ငံတကာ ကလည်း မေးခွန်းတွေ ရှိလာမှာ ပါဘဲ။ အဲဒါမျိုးဆိုရင်တော့ ရှေ့ကို သွားမယ့် အစား နောက်ကို ပြန်ဆုတ်နိုင်တဲ့ လမ်းကြောင်းတွေ ဘက်ကို ပြန်ပြီး ဦးတည်နေတာကို တွေ့နေရတယ်။

ဒေါ်တင်တင်ညို
အထွေထွေ အတွင်းရေးမှူး
အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)

ကျမတို့ အနေနဲ့ ကတော့ အစကတည်းက ဒီဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်မယ်၊ မပြင်ဘူး ဆိုတာ လက်ရှိအာဏာရ ပါတီနဲ့ စစ်တပ်မှာပဲ အပြည့်အဝ ရှိတာလေ၊ သူတို့ ပြင်ချင်ပြင်မယ်၊ မပြင်ချင် မပြင်ဘူး ဆိုတဲ့ အနေအထားမျိုးက ကျမတို့ မြင်ထားပြီးသားပဲ။

ဒါပေမယ့်လည်း ဘာပဲဖြစ်ဖြစ် ၈၈ ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ NLD ပါတီတို့က တနိုင်ငံလုံး အတိုင်းအတာနဲ့ ကမ်ပိန်း (လှုပ်ရှားမှု) တွေ လုပ်ခဲ့ကြတယ်။ ဒီ ၂၀၀၈ အခြေခံဥပဒေပြင်ဖို့ လူငါးသန်း ကလည်း လက်မှတ်ထိုးတယ်။ အဲဒီလိုမျိုး လက်မှတ် ရေးထိုးထားတဲ့ လူငါးသန်းရဲ့ အသံတွေကိုတော့ အခုလိုမျိုး လျစ်လျူရှုလိုက်တာဟာ ကျမတို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုကို သွားနေပါတယ် ဆိုတဲ့ အနေအထားဟာ မှန်ကန်မှု မရှိဘူး ဆိုတာကို ပြရာကျတယ် လို့ ကျမကတော့ မြင်တယ်။ ဘာပဲဖြစ်ဖြစ် ဒီလူငါးသန်းရဲ့ အမြင် သဘောထားတွေကို အသိအမှတ်ပြုရမယ်။ လေးစားမှု ပြုရမယ်လို့ ကျမတို့ မြင်တယ်။

အဲဒီအပြင် ကျမတို့ စိုးရိမ်ပူပန်တာက တနိုင်ငံလုံး အတိုင်းအတာနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက ပေါင်းစုံ ဆက်ပြီး ကြုံတွေ့ နေရတယ်။ အထူးသဖြင့် ပဋိပက္ခစစ်ပွဲတွေ ဖြစ်တဲ့နေရာတွေမှာ ဆိုရင် အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ခံနေရ ဆဲ ဖြစ်တယ်။ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ စစ်တပ်ရဲ့ အာဏာ၊ လုပ်ပိုင်ခွင့်တွေကို အာမခံချက် ပေးထားသလိုမျိုး ဖြစ်နေ တယ်။ အဲဒီအထဲမှာမှ ပုဒ်မ ၄၄၅ ဆိုလို့ရှိရင် အရင် စစ်တပ်လက်ထက်မှာ ဘယ်လို လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးမဆို ပြန်ပြီးတော့ မှ အရေးယူပိုင်ခွင့် မရှိဘူး ဆိုပြီး ပွင့်ပွင့်လင်းလင်း ဖော်ပြထားတာရှိတယ်။ ဒါကို ကျမတို့ ခေါ်တာကတော့ တရားဝင် ကျူးလွန်ခွင့် ပေးထားတဲ့ ပုဒ်မလို့ ပြောတာပေါ့။

ဒီပုဒ်မက ၂၀၁၅ မှာ ပြောင်းဖို့ မရှိဘူးဆိုရင် သေချာတာ တခုကတော့ ကျမတို့ အမျိုးသမီးတွေ အပါအဝင် ပြည်သူတွေဟာ စစ်တပ် ရဲ့ဖိနှိပ်ချုပ်ခြယ်မှု၊ နှောင့်ယှက် စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ အဓမ္မပြုကျင့်မှုတွေ ဆက်လက် ကြုံတွေ့နေရမယ်။ အဲဒီလို ကြုံတွေ့နေရပေမယ့် စစ်တပ်ကို တရားဝင် ကျုးလွန်ခွင့်ပေးထားဦးမယ် ဆိုရင် တကယ့်တရားမျှတမှုကလည်း ဘယ်လိုမှ မျှော်လင့်လို့ မရ တဲ့ ပုံစံဖြစ်သွားတာပေါ့။ ဒါကြောင့် ဒီအခြေအနေအပေါ်မှာ တော်တော်လေး စိတ်မကောင်းစရာအဖြစ်လို့ မြင်ပါတယ်။

နိုင်ဟံသာ
ဒု ဥက္ကဋ္ဌ
ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)

လက်ရှိအနေအထား အရ အစိုးရ အားပေးတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ဆက် လက် အနိုင်ရရေး ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါကောင်းပါမှာ ပေါ့လေ။ နောက်ပြီးတော့မှ တဘက်က လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို တင်နေတယ်။ ဒါပေမယ့် စစ်တပ်ဘက်က စစ်တပ်ပိုင်း ဆိုင်ရာ အချက်အလက်တွေကို မပြင်ချင်ဘူး။ အဲဒီ အနေ အထားပေါ်မှာ သူတို့ကလည်း မတတ်နိုင်တော့ ဒီလို ပြောလိုက်ရတာလည်း ဖြစ်နိုင်တာပေါ့။

ဒီကိစ္စက ဆွေးနွေးနေတဲ့ အပစ်အခတ်ရပ်စဲရေး အပေါ် ကြီးကြီးမားမား ထိခိုက်စရာတော့ မရှိဘူး။ ဘာကြောင့်လဲ ဆိုတော့ အပစ် အခတ် ရပ်စဲရေးမှာ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့၊ ဘယ်အချက်ကို ဘယ်လို ပြင်ဆင်ဖို့ ဆိုတာတွေ မပါသေးဘူးဗျ။ နိုင်ငံရေး ဆွေးနွေးတဲ့ အဆင့်ရောက်မှ ဒါတွေက ပါလာမယ်လေ။

၂၀၀၈ ဖွဲ့စည်းပုံကို မပြင်ဘဲ ဒီအတိုင်း ဆက်သွားမယ် ဆိုရင် ဒီဖွဲ့စည်းပုံကို ကြည့်မယ် ဆိုရင် ဒီမိုကရေစီ နိုင်ငံတော်လည်း မဟုတ် ဘူး။ တဘက်မှာလည်း စစ်မှန်တဲ့ ပြည်ထောင်စုလည်း မဟုတ်ဘူး။ စစ်အာဏာရှင် စနစ်ကို ဖုံးကွယ်ထားတဲ့ ဖွဲ့စည်းပုံပဲ ဖြစ်တယ်။ အဲဒီတော့ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး ကလည်း စည်းလုံးဖို့ မလွယ်ဘူး ပေါ့။ ဒီမိုကရေစီ အခွင့်အရေးကို တောင်းဆိုနေတဲ့ ပြည်သူ အများစုအနေနဲ့လည်း ဒီမိုကရေစီ အခွင့်အရေး မရှိတဲ့အပေါ်မှာ သူတို့ကလည်း သဘောကျမှာ မဟုတ်ဘူးပေါ့။ အဲဒီတော့ လူထုထောက်ခံမှုတွေ၊ လူထုသဘောကျ အားရမှုတွေ ဘာမှရှိမှာ မဟုတ်ဘူးဗျ။

ကိုမြအေး
၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း

ဦးရွှေမန်း ပြောလိုက်တဲ့ စကား အပေါ်မှာတော့ တိုတိုလေး ပြောရမယ် ဆိုရင်တော့ စိတ်ပျက်တာ ပေါ့။ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်မှာ အကုန်လုံး ပြင်လို့ ကျနော်တို့ ရည်ညွှန်းတာ မဟုတ်ဘူး။ တကယ်တမ်း ပြောရမယ် ဆိုလို့ရှိရင် တိုင်းပြည်မှာက ပြဿနာတွေက အများကြီးပဲ။ ထပ်ပြီး အကြပ်အတည်းတွေနဲ့ ဖြတ်ရမယ့် ကိစ္စမျိုးတွေကို ကျနော်တို့ မမြင်ချင်ဘူး။ သို့သော်လည်း ဖွဲ့စည်း ပုံ မပြင်ဘူး ဆိုတဲ့ ကိစ္စကြီးက တော်တော့်ကို စိတ်ပျက်စရာကောင်းတဲ့ ကိစ္စပဲ။

၂၀၀၈ ဖွဲ့စည်းပုံ အတိုင်းသွားမယ် ဆိုရင် လောလောလတ်လတ် ကျနော်မြင်တာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲက ရင်လေးစရာပဲ။ ဒီဖွဲ့စည်းပုံကြီးကို နည်းနည်းလေးတောင် မပြောင်းလဲဘူး ဆိုလို့ ရှိရင် တိုင်းရင်းသား တွေ မျှော်မှန်းထားတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ယူနီယမ် တည်ဆောက်ဖို့ အတွက်ကို ဘယ်လို လုပ်ဖြစ်နိုင်မလဲ ဆိုတဲ့ သံသယတွေ ပိုပွားလာမှာပေါ့။ ဒါဟာ လက်ငင်းရရှိမယ့် ဆိုးကျိုးပဲ။

နံပါတ်နှစ် အချက်က လွှတ်တော်အပေါ်မှာ ပြည်သူလူထုက အယုံအကြည် နည်းသွားလိမ့်မယ်။ လူတချို့ ထင်နေတာက ဖွဲ့စည်းပုံ အကုန်လုံး ပြင်ဆိုတဲ့ သဘောမျိုး မြင်နေတယ်။ အဲဒီလိုမျိုး တလုံးမှ မပြောဘူးဗျ။ နိုင်ငံကို ဒီမိုကရက်တစ် နိုင်ငံတခုဖြစ်သွားအောင် တဆင့်ချင်း၊ တဆင့်ချင်း ဖွဲ့စည်းပုံကို ပြင်သွားကြ ရအောင်လို့ ပြောတာ။ တိုင်းရင်းသားတွေရဲ့ လိုအင်ဆန္ဒတွေကိုလည်း ထည့်သွင်း စဉ်းစားမယ်၊ ဆွေးနွေးမယ်၊ ပြီးတော့မှ တဆင့်ချင်း၊ တဆင့်ချင်း ပြင်သွားမယ် ဆိုတာကို ပြောတာ။

သို့သော်လည်း အခုတော့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်သွားမယ်လို့လည်း ပြောတယ်။ ဘယ်မှာ လုပ်မှာမှန်းလည်း မသိ။ ဘယ် အတွက် လုပ်မှာမှန်းလည်းမသိ၊ ဘယ်ဖွဲ့စည်းပုံထဲက ဘယ်ပုဒ်မကို လုပ်မှာမှန်းလည်း မသိဆိုတော့ ဒါကြီးက ရှေ့နောက်မညီဘူးဗျ။ ဖွဲ့စည်းပုံ မပြင်ဘူး ဆိုတာကြားပြီး လူထုကြားထဲမှာ စိတ်ပျက်သွားကြတာပေါ့။

ဦးအေးသာအောင်
ဗဟိုကော်မတီဝင်
ရခိုင်အမျိုးသားပါတီ (ANP)

တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ရုပ်လုံး ပေါ်လာတယ်။ တပ်မတော် ကိုယ်စားလှယ်များက သူတို့ တပ်နဲ့ပတ်သက်တဲ့ အပိုဒ်တွေ ဒီမိုကရေစီ နဲ့ ဆန့်ကျင်နေတဲ့ အပိုဒ်တွေကို မပြင်ဖို့ အဆိုတင်တယ်လို့ ကြားကတည်းက ၂၀၀၈ ဖွဲ့စည်းပုံကို လွှတ်တော် အတွင်းမှာ ပြင်ဖို့ မလွယ်ဘူး ဆိုတဲ့ အမြင် ပိုပြီးတော့ ခိုင်မာလာတယ်။ အရင် ကတည်းကလည်း မလွယ်နိုင်ဘူးလို့ မြင်ခဲ့တယ်။ အခု လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောလိုက်တော့ ပိုပြီး သေချာသလောက် ဖြစ်သွားတယ်။ ဒီဟာက တိုင်းပြည် အတွက် မကောင်းတဲ့ အနေအထား တခုကို ရောက်သွားတယ်လို့ မြင်ပါတယ်။

ဘာကြောင့်လဲ ဆိုရင် ကျနော်တို့ တိုင်းပြည်က အဘက်ဘက်က ယိုယွင်း ကျဆင်းနေတဲ့ တိုင်းပြည်။ ဒီတိုင်းပြည်ကို ပြုပြင်ဖို့ ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မှ ဖြစ်မယ်။ ပြင်တဲ့ နေရာမှာလည်း အမြန်ဆုံး ပြင်ချင်တယ်။ အထူးသဖြင့် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပြင်ချင်တယ်။ အားလုံး မဟုတ်တောင် ပြင်သင့် ပြင်ထိုက်တဲ့ အပိုဒ်တွေကို ပြင်ဖို့ ကျနော်တို့က လိုလားတယ်။ ပြည်သူတွေကလည်း တောင်းဆိုတယ်။ ဘယ်လောက်ပဲ တောင်းဆို တောင်းဆို၊ မပြင်ဘူး ဆိုတဲ့ အခါကျတော့ တိုင်းပြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲ ပြီးရင် လည်း ဘာမှ ထူးထူးခြားခြား ပြောင်းလဲ နိုင်မယ့် အနေအထား မရှိဘူးလို့ သတ်မှတ်တယ်။

အထူးသဖြင့် ၂၀၁၅ မှာ ဒီမိုကရေစီ အင်အားစုတွေက လွှတ်တော်ကိုယ်စားလှယ် များများရတောင်မှ ပိုပြီးတော့ ရလာတာတောင်မှ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ ဆိုတာ မလွယ်ဘူး။ အခက်အခဲတွေ အဟန့်အတားတွေ ရှိနေတယ်။ အထူးသဖြင့် တပ်မတော် ကိုယ်စားလှယ်များက ပြင်ဖို့ မလိုလားဘူး။ ဒါကြောင့် ၂၀၀၈ ဖွဲ့စည်းပုံကို ၂၀၁၅ ရွေးကောက်ပွဲ ဟိုဘက်မှာလည်းပဲ ပြင်နိုင်ဖို့ ဆိုတာ တော်တော့် ကို ခက်ခဲတဲ့ ကိစ္စပဲလို့ မြင်လာပါတယ်။

ဦးခွန်ထွန်းဦး
ဥက္ကဋ္ဌ
ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) ပါတီ

ဒီဖွဲ့စည်းပုံ အတိုင်း သွားမယ်ဆိုရင်တော့ တော်တော့်ကို စိတ်ပျက်စရာပါ။ ဒီဖွဲ့စည်းပုံကို လူထုက လက်မှ မခံတာဗျာ။ လက်မခံတဲ့ ဒီဖွဲ့စည်းပုံကြီးနဲ့သာ ဆက်သွားမယ်လို့ လုပ်နေရင် ကျနော် စိုးရိမ်တာက လူထုက လမ်းပေါ် ထွက်လာမှာကိုပဲ။ ကျနော်တို့ကလည်း ဒီဖွဲ့စည်းပုံကို လက်မခံဘူး။

ဒေါက်တာ ရန်မျိုးသိန်း
နိုင်
သုံးသပ်ချက်ဆောင်းပါးများ ရေးသားသူ

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ပြင်မယ်လို့ ပြောလိုက်တာဟာ ကျနော့် အမြင်ကတော့ တိုင်းပြည်နဲ့ ပြည်သူလူထုက တကယ့်ကို နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အကြပ်အတည်း ဖြစ်နေချိန်မှာ အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်နေတဲ့ ဒီကိစ္စကို အချိန်ဆွဲလိုက်တယ်။ ပိုပြီးတော့ ကြန့်ကြာအောင် လုပ်လိုက်တယ် လို့ မြင်တယ်။

ဒီလို လုပ်လိုက်ခြင်း အားဖြင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတဲ့ ကိစ္စမှာ ပိုပြီးတော့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာလိမ့်မယ် လို့ မြင်တယ်။ နောက်တခုက နိုင်ငံရေးပါတီတွေနဲ့ အာဏာရ ပါတီ အစိုးရနဲ့ တပ်မတော် အကြားမှာ နိုင်ငံရေး စားပွဲဝိုင်း ဆွေးနွေးပွဲတွေ ဖြစ်ဖို့ အတွက်က ပိုပြီးတော့ အလားအလာ နည်းသွားတယ် လို့ မြင်တယ်။

ဘာဖြစ်လို့ အဲသလို ပြောလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေအရကိုက အသာစီးရနေမှုကို ဆက်ပြီးတော့ ထိန်းထားချင်တဲ့ သဘော လွန်ကဲနေတာကို တွေ့ရတယ်။ သူတို့က ၂၀၁၅ မေလထဲမှာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲလုပ်မယ် လို့လည်း ပြောတယ်။ တကယ်တမ်း လုပ်သင့်တဲ့ ဆန္ဒခံယူပွဲက ဒီ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထောက်ခံတယ်။ မထောက်ခံဘူး ဆိုတာကို လုပ်သင့်တယ်။ ဆန္ဒခံယူပွဲ လုပ်ခဲ့လို့ ထောက်ခံတဲ့လူ ၅၀ ရာခိုင်နှုန်း မပြည့်ဘူး ဆိုလို့ရှိရင် ဖွဲ့စည်းပုံ အခြေခံဥပဒေ အသစ် ပြန်လည် ရေးဆွဲရေးကို လုပ် သင့်တယ်။ ထောက်ခံတဲ့လူ ၅၀ ရာခိုင်နှုန်းကျော်တယ်ဆိုရင် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးလမ်းကြောင်းကို ဆက်သွားသင့်တယ် လို့ မြင်တယ်။     ။

Did you find apk for android? You can find new Free Android Games and apps.
Loading