သတင်း

ပြန်ကြားရေးနှင့် Weekly Eleven အမှု ၄ ကြိမ်မြောက် ရုံးထုတ်

This article has been converted from Zawgyi One to Unicode

ပြန်ကြားရေး ဝန်ကြီးဌာနက Weekly Eleven ဂျာနယ်ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုထားသည့်အမှု ၄ ကြိမ်မြောက် ယနေ့ ရုံးချိန်း ကို နေပြည်တော်ရှိ ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် စစ်ဆေးကြောင်း သတင်းရရှိသည်။

ရုံးချိန်းတွင် Weekly Eleven ဂျာနယ်က စွပ်စွဲခံရသူ ၅ ဦးအတွက် ရှေ့နေပါဝါ တင်ခဲ့ပြီး တရားလို ဖြစ်သူ ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်း ဦးဆောင် ညွန်ကြားရေးမှူး ဦးကျော်စိုးကို စတင် စစ်ဆေးခဲ့သည်။

Weekly Eleven ဂျာနယ်၏ ရှေ့နေ ဖြစ်သူ ဦးစိုးတင့်ရီက“ဒီနေ့ကတော့ သူတို့ ဒီပစ္စည်း ဝယ်တာနဲ့ပတ်သက်လို့ ဘယ်လို စခဲ့တယ်။ ဘယ်လိုဝယ်ခဲ့တယ် ဆိုတာ အဲဒါကို စစစ်တာပဲရှိသေးတယ်။ ဒီအမှုနဲ့ပတ်သက်လို့ အခုသူတို့ရဲ့ စွပ်စွဲချက်က စခါစလေးပဲ ရှိသေး တယ်။ ဆက်ထွက်လာတဲ့ အပေါ် မူတည်ပြီးတော့ ဒါဘယ်လိုအချက်နဲ့ ငြိမယ် မငြိဘူးဆိုတာ ကျနော်တို့က ပြန်ဖြေရှင်းပေး ရမယ်” ဟု ပြောကြား သည်။

၂၀၁၄ ခုနှစ် ဇွန်လ ၂ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်ပါ နေထွန်းနိုင် ရေးသားခဲ့သည့် “အများပြည်သူ ဆိုင်ရာ ဝန်ဆောင်မှု မီဒီယာဥပဒေက နိုင်ငံပိုင်မီဒီယာများကို သွယ်ဝိုက်သောအားဖြင့် ပြည်သူ့ ဘဏ္ဍာငွေ အလွဲသုံးစားမှု ပြုလုပ်ရန် ခွင့်ပြုနေသလား” သတင်း ဆောင်းပါးတွင် ပြန်ကြားရေး ဝန်ကြီးဌာန၊ သတင်းနှင့် စာနယ်ဇင်း လုပ်ငန်းက အိန္ဒိယ ကုမ္ပဏီထံမှ ပုံနှိပ်စက်များ ဝယ်ယူ ရာတွင် သတ်မှတ်ပေါက်ဈေးထက် ပိုမိုမြင့်မားနေကြောင်း ဝေဖန် ရေးသားခဲ့သဖြင့် ပြန်ကြားရေး ဝန်ကြီးဌာနက တရားစွဲဆိုခဲ့ခြင်း ဖြစ် သည်။

တရားစွဲခံရသူများမှာ Weekly Eleven ဂျာနယ်မှ အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်၊ မန်းနေဂျင်း ဒါရိုက်တာ ဒေါက်တာ သိန်းမြင့်၊ အယ်ဒီတာချုပ် ကိုဝေဖြိုး၊ ဒုတိယ အယ်ဒီတာချုပ် ဦးမြတ်သစ်နှင့် တာဝန်ခံ အယ်ဒီတာ ကိုနေထွန်းနိုင် တို့ကို အသရေဖျက်မှုဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

အမှုကို ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် ပြစ်မှုကြီး အမှုအမှတ် ၆၉၄ ၊ ပုဒ်မ ၅၀၀ အသရေဖျက်မှုဖြင့် တရားစွဲဆိုရာ မြို့နယ်တရားသူကြီး ဦးခင်ဝင်းက လက်ခံစစ်ဆေးနေခြင်း ဖြစ်ကြောင်းလည်း သိရသည်။

Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးက“ဒီမိုကရေစီစနစ်မှာ တရားစွဲဆိုမှုတွေက ဒါတွေက ရှိနိုင်တဲ့ အလေ့အထ တခု ပါပဲ။ တခုပါပဲ တရားစွဲဆိုမှုတွေက မှန်ကန်မျှတတဲ့ တရားစီရင်မှု၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ ပုံသဏ္ဍာန်တွေ ဖြစ်ဖို့ပဲ အရေးကြီးတာ ပါ”ဟု ပြောဆိုသည်။

Loading