လက်ရှိ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး ကာလတွင် မြန်မာအမျိုးသမီများ ဘဝလုံခြုံမှု မရှိကြောင်း ဝေဖန်မှုများ ရှိနေသည်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများ ရင်ဆိုင်ကြုံတွေ့ နေကြရသည့် ခွဲခြားဆက်ဆံ ခံနေရမှုများ၊ ဘ၀ မလုံခြုံမှုများနှင့် စပ်လျဉ်း၍ ဧရာဝတီ သတင်းထောက် ဇူးဇူးက မြန်မာ့ငြိမ်းချမ်းရေးနှင့် သိပ္ပံ (Myanmar Institute of Peace and Security) ၏ အမှုဆောင် ဒါရိုက်တာ ဒေါ်ခင်မမမျိုး အား မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။
ဒေါ်ခင်မမမျိုးသည် အမျိုးသမီး ငြိမ်းချမ်းရေးနှင့် လုံခြုံရေးရာ ရှေ့ဆောာင်အဖွဲ့ (Women, Peace and Security Initiative) ၏ အမှုဆောင် ဒါရိုက်တာ အဖြစ်လည်း ဆောင်ရွက်လျက်ရှိပြီး အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများမှ ထိရောက်စွာ ကာကွယ်နိုင်ရေး အသိပညာပေးနှင့် နှိုးဆော်လှုပ်ရှားမှုများ ပြုလုပ်လျက်ရှိသည်။
မေး။ ။ လက်ရှိမြန်မာနိုင်ငံမှာ အမျိုးသမီးတွေဟာ ဘယ်လို ခွဲခြားဆက်ဆံမှုမျိုးတွေ၊ မလုံခြုံမှုမျိုးတွေ ရင်ဆိုင်နေရပါ သလဲ။
ဖြေ။ ။ အမျိုးသမီးတွေ အတွက် မွေးကတည်းက ကျား/မ ခွဲခြား ဆက်ဆံခံရမှုလေးတွေ ရှိတဲ့ အပိုင်းလေးတွေ ရှိပါတယ်။ ဥပမာ ငယ်ငယ်ကတည်းကကိုပဲ သြော် သားလေးလိုချင်တာ သမီးလေးမွေးလာတယ်ပေါ့လေ။ ဒါခွဲခြား ဆက်ဆံမှု ပေါ့။ မြန်မာ့ လူ့အဖွဲ့အစည်းထဲမှာ ယောကျာ်လေးဆိုရင် စာတတ်ဖို့လိုတယ်၊ မိန်းကလေးဆိုရင် သေစာရှင်စာ ဖတ်တတ်ရင် တော်ပြီ ဆိုပြီးတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ မလုံခြုံမှု၊ ဒီလို အပိုင်းလေးတွေ ကလည်း တချို့ နေရာဒေသလေးတွေမှာ ရှိနေတယ်။
အရွယ် ရောက်လာပြီးတဲ့ အခါကျတော့လည်း သူတို့တွေ စီးပွားရေး အလုပ်အကိုင် လုပ်တာမှာလည်း အလုပ်ရှာတာက မိန်းကလေးတွေ အလုပ် မဟုတ်ဘူး၊ မိန်းကလေးတွေ အလုပ်က အချိန်တန်တဲ့အခါမှာ ယောကျာ် လုပ်စာထိုင်စားဖို့ အဲတော့ မိန်းကလေးတွေက အိမ်မှုကိစ္စတွေ လုပ်ဆောင်ရမယ်။ အိမ်မှုကိစ္စ နိုင်နင်းရမယ်၊ တနည်း ပြောရရင် ယောကျာ် ကောင်းကောင်းရဖို့ မိန်းကလေးတယောက် အတွက်က ဒါပိုပြီးတော့ အရေးကြီးတယ် ပေါ့လေ။ ဒီအပိုင်း လေးတွေကို ခွဲခြားဆက်ဆံမှု လုပ်ကြတဲ့ အပိုင်းလေးတွေပေါ့ လေ။ အလုပ်အကိုင် နေရာမှာလည်း ခွဲခြား မှုလေးတွေ ရှိတတ်ပါတယ်။
ထူးထူးခြားခြား မြန်မာပြည်မှာ တက္ကသိုလ်ဝင်တန်း ပညာရေးတွေနဲ့ ပတ်သက်ပြီးတော့ အားနည်းချက် တခုလို့ ပြောရမယ့် အချက်က အတူတူ အောင်ကြတာချင်း တူပါရဲ့နဲ့ ဆေး တက္ကသိုလ်မှာ အမျိုးသမီးတွေရဲ့ဝင်ခွင့်အမှတ်ကို ပိုပြီးတော့ မြင့်မြင့်မားမား သတ်မှတ်ထားတာပါ။ ဒီအနေအထားက အဖြေလွှာတခုချင်းကို အတူတူ ဖြေကြတာ။ ဒါက အမျိုးသမီးတွေ အတွက် ပညာရေး မလုံခြုံတာ။ ဘ၀ မလုံခြုံတာပေါ့။ အမှတ် ၃၀ လောက်ကွာတဲ့ အနေအထားမှာ ဆိုရင် ကိုယ့်ထက် ပိုပြီး အမှတ်နည်းတဲ့သူတွေက ဆရာဝန်ဖြစ် သွားတဲ့ အချိန်မှာ ကျန်တဲ့အမျိုးသမီးတွေက ကျောင်းဆရာမတို့ သူနာပြုဆရာမ တို့ပဲ ဖြစ်နေရတယ်ဆိုတာ တန်းတူညီမျှမှု မရှိခြင်းကနေ ပေါ်ထွက်လာတဲ့ ခွဲခြားခံရတဲ့ အခွင့်အလမ်းတွေ ဆိုတာတွေ့ရတယ်။
ပိုပြီးတော့ဆိုးတဲ့ မလုံခြုံမှုကိစ္စတွေက အမျိုးသမီးတွေ ရည်းစားထားလိုက်တဲ့ အချိန်မှာ အဲဒီ ထားလိုက်တဲ့ ချစ်သူ ရည်းစားက သစ္စာ မရှိတဲ့သူ၊ လိမ်လည်ပြီး ကာမရယူတတ်တဲ့သူမျိုး ဖြစ်ခဲ့လို့ အမြတ်ထုတ်သွားပြီ ဆိုလို့ရှိရင် အဲဒီ လိမ်လည် ကာမရယူသူတွေ၊ အမြတ်ထုတ်သူတွေကို လူ့အဖွဲ့အစည်းက အပြစ်မတင်ဘဲနဲ့ အမျိုးသမီးတွေကိုပဲ သူတို့ အလွန်ဖြစ်ရတာ၊ သူတို့ အနေအထိုင် မတတ်လို့ဖြစ်ရတာ၊ သူတို့ဟာ အဲဒီအမျိုးသားတွေကို ယုံကြည်လို့ ဖြစ်ရတာ ဆိုပြီးတော့ လူ့အဖွဲ့အစည်းက အဲဒီအမျိုးသမီးတွေကိုပဲ လက်ညှိုးထိုးတဲ့ ပြဿနာလေးတွေ ပေါ့။ ဒါမျိုးဥစ္စာလေးတွေ လည်း ကြုံကြရတယ်။
နောက်ဖြစ်တတ်တဲ့ ကိစ္စမျိုးက အမြတ်ထုတ်တတ်တဲ့ ယောကျာ်တယောက်က လိမ်လည် ကာမ ရယူသွားတာ ဖြစ်စေ၊ ဒါမှမဟုတ် မုဒိမ်းကျင့်ခံရတာဖြစ်စေ အမျိုးသမီးတယောက် သူ့အိမ်မှာ ပြန်မပြောရဲလို့ ဒါပေမယ့် သူ့မှာ ကိုယ်ဝန် ရှိလာပြီဆိုတဲ့ အချိန်မှာ လူ့အဖွဲ့အစည်းက အဲလိုမျိုး ပြုကျင့်သွားတဲ့ အမျိုးသားကို လက်ညှိုးမထိုးဘူး၊ အမျိုးသမီး victim ကို တခါ ထပ်ပြီးတော့ victimlization တခါထပ် လုပ်တယ်။ ထပ်လုပ်တော့ ဒါမြန်မာ့လူ့အဖွဲ့ အစည်းထဲမှာတင် အမျိုးသမီးတွေ ကြိုးဆွဲချ ပြီးတော့ သေသွားတယ်၊ တချို့အမျိုးသမီးတွေဟာ ဆိုရင် ရေထဲခုန်ချပြီးတော့ သေသွားတယ်။ ဒါမျိုးဖြစ်ရပ်တွေ အများကြီးရှိနေတယ်။ ဒါတွေက မလုံခြုံတာပဲ။
တကယ် ဆိုရင် အမျိုးသမီးတွေ အပေါ်မှာ လက်ရောက်မှု ရှိတယ်။ ဒါ ဥပဒေ ရှိတယ်။ ဒါပေမယ့် အမျိုးသား တယောက်က ကိုယ့်လက်ကို လာပြီး လက်ဆွဲသွားပါတယ် ဆိုပြီးတော့ အမှုသွားဖွင့်မယ် ဆိုရင် တာဝန်ကျတဲ့ ရဲတွေကရော အမှန်တကယ် လက်ခံမှု ရှိရဲ့လား။ ပြန်ပြီးတော့ ငြင်းလိုက်တဲ့ ဟာမျိုးရော မဖြစ်ဘူးလား။ ဒါ ဥပဒေ ရှိရင်တောင် ဥပဒေက တရားဥပဒေစိုးမိုးမှု၊ ဥပဒေရဲ့ အစောင့်အရှောက် အကူအညီကို မရတာတွေ ဖြစ်နေတယ်။
အခုဆိုရင် အမျိုးသမီးငယ်တွေ အများကြီးပဲ၊ အသက်၁၆ နှစ်အောက်၊ ၁၈ နှစ်အောက် အမျိုးသမီးငယ်တွေ ပြည့်တန်ဆာ အဖြစ် ပြန်ပြီးတော့ ရောင်းစား ခံရတယ်။ ပြုကျင့်ခံရတယ်။ မြန်မာနိုင်ငံရဲ့ ဥပဒေအရ ဆိုရင် ပြည့်တန်ဆာ အဖြစ် ရောင်းချမယ် ဆိုရင် ရောင်းတဲ့သူက ထောင် ၁၀ နှစ် ကျနိုင်တယ်၊ ပြည့်တန်ဆာရုံကို သွားပြီးတော့ သူနဲ့ လိင်ဆက်ဆံသူဟာ ထောင် ၁၀ နှစ် ကျနိုင်တယ်။ ဒါပေမယ့် အဲဒီ ဥပဒေတွေ မရှိလို့သာ ပါကင်ဖောက်တဲ့ ကိစ္စမျိုးတွေ ဖြစ်နေတာဆိုတော့ ဒါတွေဟာ မလုံခြုံတဲ့ ပြဿနာတွေ အမျိုးမျိုးတွေ ပေါ့လေ။
မေး။ ။ ညဘက် အလုပ်ချိန်နောက်ကျမှ ပြန်ကြရတဲ့ မိန်းကလေးတွေ အတွက် လုံခြုံမှု မရှိခြင်းအပေါ်ရော ဘယ်လို ပြောချင် လဲ။
ဖြေ။ ။ အဓိက ဘယ်ပေါ်မှာ မြစ်ဖျားခံနေသလဲ ဆိုတော့ ထိရောက်တဲ့ ပြည့်တန်ဆာဥပဒေ မချမှတ်ထားတဲ့ အတွက် ဖြစ်ပါတယ်။ ပြည့်တန်ဆာ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီးတော့ ထိရောက်တဲ့ ဥပဒေတွေ ချမှတ်ထားမယ် ဆိုရင် အခြား အမျိုးသမီးများကို ပြည့်တန်ဆာ အဖြစ် မှားယွင်းပြီးတော့ မေးမြန်းခံရတာတွေ၊ စုံစမ်းခံရတာတွေ ဒါမျိုး ပြဿနာတွေ လည်း နည်းသွားပါမယ်။
ဘယ်နေရာ ဒေသကို သွားရင်တော့ ပြည့်တန်ဆာရုံတွေရှိတယ်၊ ဒါတွေဟာ ဆိုရင် မှတ်ပုံတင် ထားတဲ့ရုံတွေ၊ ဘယ်လို နေရာမျိုးမှာ ဆိုရင်တော့ မှတ်ပုံတင်ထားတဲ့ ပြည့်တန်ဆာတွေ ရှိတယ်။ ဒီလိုမျိုး သတ်မှတ်ထားပေးနိုင်ရင် တခြား အမျိုးကောင်းသမီးတွေကိုလည်း ကာကွယ်နိုင်မယ်။ တချို့ အမျိုးသားတွေက ပြည့်တန်ဆာ အရေးနဲ့ ပတ်သက်ပြီး မှတ်ပုံတင် ဥပဒေလို့ ကြားလို့ရှိရင် ဒါကို မထောက်ခံချင်ကြဘူး။ အမှန်ကတော့ ဒါ သူတို့ကို ကာကွယ်ပေးဖို့ ဖြစ်ပါတယ်။
ပြည့်တန်ဆာ မှတ်ပုံတင် ဥပဒေမရှိဘဲနဲ့ တွေ့ရာ ပြည့်တန်ဆာနဲ့ သုံးစွဲတဲ့ အတွက် သူတို့လိင် ဆက်ဆံမှု လုပ်တဲ့ အတွက် သူတို့ဆီမှာ HIV, AIDS ရောဂါကူးစက် ခံရရင် ဘယ်သူက ကာကွယ်ပေးမှာလဲ။ ဒါကို တချို့ အမျိုးသားတွေ က နားမလည်ဘူး။ ပြည့်တန်ဆာများကို ကာကွယ်ပေးဖို့ လို့ပဲ ထင်နေကြတယ်။
အဲတော့ ဒီလို ပြည့်တန်ဆာမှတ်ပုံတင် ရှိခြင်းအား ဖြင့် အသက် ပြည့်ပြီးသောသူကသာ ပြည့်တန်ဆာ လုပ်ခွင့် ရှိတယ် ဆိုတာကို သတ်မှတ်ခြင်း အားဖြင့် မည်သို့သော ကျန်းမာရေး ကောင်းသောသူသာ၊ ရောဂါ ကင်းရှင်းသောသူသာ လုပ်လို့ ရတယ် ဆိုရင် အမျိုးသားတွေ အတွက်လည်း ကာကွယ်ပြီးသား ဖြစ်သွားမယ်၊ နောက်ပြီး သက်ငယ် အမျိုးသမီးများ ရောင်းစားခံရခြင်း၊ ပြည့်တန်ဆာ ပြုကျင့်ခံရခြင်း တွေလည်း ကာကွယ်ပြီးသား ဖြစ်သွားမယ်။
နောက်တချက်က မြန်မာနိုင်ငံရဲ့ norm (သတ်မှတ်ချက်) တွေပေါ့ နော်။ ညဘက် ထွက်တဲ့ အမျိုးသမီးတွေ ဆိုလို့ ရှိရင် ဒါဟာ မကောင်းတဲ့ အမျိုးသမီးတွေ ပေါ့လေ။ အဲလိုမျိုး သတ်မှတ်ထားတဲ့ အချက်ကြီး ကလည်း လက်ရှိ ခေတ် အခြေအနေနဲ့ ကိုက်ညီမှု မရှိတော့ပါဘူး။ အလုပ်ရဲ့ သဘောသဘာဝအရ ညဘက်မှာ သွားလာလုပ်ကိုင်ရတဲ့ အမျိုးသမီးတွေ ရှိပါတယ်။ ဒီလို အမျိုးသမီးတွေကို ဘယ်လို ကာကွယ်စောင့်ရှောက် ပေးရမလဲလို့ မစဉ်းစားဘဲ ဘယ်လို စော်ကား လိုက်ရင်တော့ ရတယ်၊ ဘယ်လိုလက်တည့်စမ်းလိုက်ရင် ရတယ်ဆိုတာ လူ့ အဖွဲ့အစည်းထဲမှာရှိတဲ့ အမျိုးသားတွေရဲ့ စိတ်ဓာတ်ကင်ဆာ၊ စိတ်ဓာတ်ပျက်စီးမှု ကင်ဆာ ရောဂါဖြစ်နေခြင်းလို့ပဲ သတ်မှတ်ချင်ပါတယ်။
မေး။ ။ ဒါတွေနဲ့ ပတ်သက်ပြီး ဘာတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ရှိပါသလဲ။
ဖြေ။ ။ `အခရာ´ ဆိုတဲ့ အဖွဲ့အစည်း တခုကတော့ Whistle campaign လုပ်နေပါတယ်။ ဘတ်စ်ကားပေါ်မှာ ဟိုထိ ဒီထိ ခံရတဲ့ အခါမျိုးကျရင် ဝီစီလေး မှုတ်လိုက်ပေါ့လေ။ အဲလိုမျိုးဆိုရင် ကျန်တဲ့သူတွေက ပြန်ဝိုင်းပေါ့လေ။ ဒါမျိုးလေးတွေ လုပ်နေတာ လေး တွေ ရှိပါတယ်။ ကျမလည်း အခု Women Peace and Security Initiative (WPSI) ဆိုတဲ့ အဖွဲ့လေး တခု ဖွဲ့စည်းထားပါတယ်။ အဲဒီ အဖွဲ့အစည်းအနေနဲ့ Gender Base Violence တွေ ဖြစ်တဲ့ ရုပ်ပိုင်း ဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ထိထိရောက်ရောက် ကာကွယ်တားဆီးနိုင်ဖု့ိ ၂၀၁၅ မှာ Campaign တွေလုပ်ဖို့ စီမံထားတာ ရှိပါတယ်။
မေး။ ။ ဒါတွေ မဖြစ်အောင် ဥပဒေတွေနဲ့ ထိန်းချုပ်လို့ မရဘူးလား။
ဖြေ။ ။ ဥပဒေက ရှိပြီးသား ဖြစ်ပေမယ့် အသက်ဝင်မှု အားနည်းတယ်လို့ ပြောရမယ်။ နောက် တချက်က မှုခင်းကျဆင်းရေး မူဝါဒ မှားယွင်းနေတဲ့ အချက် ရှိတယ်။ ကြီးတဲ့ အမှုကို ငယ်အောင်၊ ငယ်တဲ့ အမှုကို ပပျောက်အောင် လုပ်မယ် ဆိုတဲ့ အခါကျတော့ ငယ်တဲ့ အမှုတွေက တစတစ များများလာပြီး ခွင့်လွှတ်လိုက်တယ်၊ ပပျောက်သွား အောင် လုပ်လေလေ ငယ်တဲ့ အမှုတွေ များလာလေလေ။ တကယ်တမ်း ကျတော့ ငယ်တဲ့ အမှုကို ကျူးလွန်ဖန်များတဲ့ သူတွေဟာ ကြီးတဲ့အမှုကို ကျူးလွန်ဖို့ အတွက် လည်း ဝန်မလေးတော့ဘူး လေ။
ကြီးတဲ့ အမှုကို ထိထိရောက်ရောက် အရေးယူမှု ပြုလိုက်ရင် ဥပမာ မုဒိမ်းမှုတွေမှာ ဆိုရင်..၊ မုဒိမ်းကျင့်တဲ့ သူကို ထောင် ၁၀ နှစ်၊ တိတိကျကျ မြို့တိုင်း နယ်တိုင်းမှာ အရေးယူ ပေးရမယ်။ လျော်ကြေး ပေးတာကို လက်မခံရပါဘူး။ ဒါဟာ ရာဇဝတ်မှု ဖြစ်တယ်။ လျော်ကြေးနဲ့ ကျေအေးပေးလို့လည်း မရဘူး။
မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေနဲ့လည်း အခြား နိုင်ငံတကာ ရဲတပ်ဖွဲ့တွေလိုပဲ ခံရတဲ့သူက အမှု မဖွင့်ရင်တောင် သူတို့ ကိုယ်တိုင်က ဖမ်းဆီးပြီးတော့ အရေးယူတာတွေ လုပ်ပေးရမှာ။ အခုကျတော့ သူတို့က တရားလို ဆိုတဲ့နေရာ မေ့နေပြီးတော့ victim တွေက တရားလိုဆိုတဲ့ အခါကျတော့ မြန်မာ့လူ့ဘောင်နဲ့က သိပ်ပြီး မကိုက်ညီဘူး။ ဘယ်သူမှ တရားရုံးကို မသွားရဲဘူး ပေါ့နော်။ တရားရုံးကို တကယ် တက်ရဲပြန်ပြီ ဆိုတဲ့အခါကျတော့ အကျင့်ပျက် ခြစားမှု ပြဿနာကြီးက ဖြစ်လို့ရှိရင် ကိုယ်က နှစ်ခါနာတယ်ပေါ့ လေ။
ဒီလိုမျိုး အခြေအနေဆိုးတွေကို ခွင့်မပြုဘဲနဲ့ တရားဥပဒေ စိုးမိုးမှု တကယ်ရှိမယ်၊ အမှုကြီး ဆိုရင်လည်း အမှုကြီး အလိုက် ပြစ်ဒဏ်ပေးမယ်၊ ထောင် ၁၀ နှစ်၊ ဘယ်မြို့မှာတော့ ဘယ်သူ့ကို ချလိုက်ပြီ။ အရေးယူလိုက်တယ်။ ဥပဒေ အတိုင်း ပြစ်ဒဏ်ချမှတ်လိုက်တယ် ဆိုတာတွေ များလာရင် အခုအမျိုးသားတွေ ဖြစ်နေကြတဲ့ လစ်လို့ရှိရင် နှိုက်စားလိုက်မယ်၊ တကယ်လို့ မလစ်တော့ဘူး ဆိုရင်လည်း လျော်ကြေးပေးလိုက်တာပေါ့ ဆိုတဲ့ အတွေးအမြင်ကြီး၊ attitude ကြီးကို ဖျောက်ဖျက် လာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် မှုခင်းကျဆင်းရေးကို အမှန်တကယ် ထိရောက်တဲ့ မူဝါဒ ကျင့်သုံးသင့်တယ်လို့ မြင်ပါတယ်။
မေး။ ။ မြန်မာနိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေက အမျိုးသမီးတွေ အတွက် အမှန်တကယ် အကာအကွယ် မပေးနိုင်ဘူးလား။
ဖြေ။ ။ အခုလောလောဆယ် အခြေအနေထဲမှာ တချို့ ဥပဒေလေးတွေတော့ human security ဆိိုတော့ အားလုံး ခြုံငုံလိုက် ရင် တော့ ကဏ္ဍအသီးသီးမှာတော့ ဥပဒေလေးတွေ၊ နည်းဥပဒေလေး တွေ ပြဋ္ဌာန်းထားတာရှိပါတယ်။ အဲဒီ ဥပဒေတွေ အသက်ဝင်အောင် တော်တော်လေး ကြိုးစားရပါ ဦးမယ်။ နောက် အဲဒီ ဥပဒေက လက်ရှိ အခြေအနေနဲ့ အမှန်တကယ် ကိုက်ညီရဲ့လား ဆိုတာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ဥပဒေပြုရေး အာဏာ ရယူထား သူများ ပြန်လည် သုံးသပ်၊ လိုအပ်ရင် ပြုပြင်တာ၊ ဖျက်သိမ်းတာ၊ အသစ်ပြန်လည်ရေးဆွဲတာတွေ လုပ်ဖို့ လိုတယ်လို့ မြင်ပါတယ်။ ဥပဒေလေးတွေ၊ နည်းဥပဒေလေးတွေ အသက်မဝင်တာက ပိုပြီးများနေပါတယ်။
ဥပမာ လက်ရောက်မှုဆိုရင် အမျိိုးသမီးတွေကို မထိတထိ လာကိုင်တာတွေ အတွက် ကာကွယ်ပေးနိုင်မယ်။ နောက်တခါ ညစ်ညမ်းသီချင်းသီဆိုမှု၊ အဆိုတော်တွေ ကိုယ်တိုင်က မိန်းမဆိုတာ နှာခေါင်းသာ မပါရင် အကုန်စားတယ် လို့ နှိမ်ချ ဆိုတာတွေကို အရေးမ ယူတဲ့ အနေအထားလေးတွေ ရှိတယ်။ မုဒိမ်းမှု ဆိုရင်လည်း ဥပဒေတွေ ရှိတယ်။ ဒါပေမယ့် တကယ်ကျတော့ အသက်မဝင်ဘဲ လျော်ကြေးနဲ့ ပြီးသွားတာ ရှိတယ်။ ဒါ အမျိုးသမီး အရေးမှာပဲ ပြောတာနော်။ တခြား ဥပဒေတွေ အများကြီးပဲရှိတယ်။ လိမ်လည် ကာမရယူမှုတွေ ရှိတယ်၊ ကားတင် ပြေးတဲ့ ဥပဒေနဲ့ ပြစ်မှု ရှိတယ်၊ ခိုးယူပေါင်းသင်းမှု မှာလည်း ဥပဒေ ရှိတယ်။ ဒါပေမယ့် အသက်မဝင်ဘူး လို့ ပြောလို့ ရပါတယ်။
မေး။ ။ ဥပဒေတွေ အသက်ဝင်ပြီး အမျိုးသမီးတွေရဲ့ ဘဝလုံခြုံမှုရအောင် ဘယ်လိုတွေ လုပ်ဆောင်ဖို့ လိုမလဲ။
ဖြေ။ ။ အပိုင်း သုံးပိုင်း ပေါ့နော်။ အဓိကက စနစ်ကောင်းဖို့ အများကြီး လိုပါတယ်။ စနစ်ကောင်းမှ တရားဥပဒေ စိုးမိုးရေး ရှိမယ်။ အုပ်ချုပ်ရေး စနစ်မှာလည်း ထိထိရောက်ရောက် အရေးယူလာ နိုင်မယ်။ လွှတ်တော်ထဲက ပြည်သူ့ ကိုယ်စားလှယ်များက ပြည်သူလူထုထဲကို အမှန်တကယ် ဆင်းသွားပြီး ပြည်သူ့အသံ များနားထောင်သင့်ပါတယ်။ ကိုယ့် နယ်မြေဒေသထဲမှာရှိတဲ့ ရပ်ကွက် ကျေးရွာ တခုချင်းစီမှာ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ သိအောင်လို့ ကွင်းဆင်း သုတေသနပြု စာရင်း ကောက်ယူတာတွေ လုပ်ဆောင်သင့်ပါတယ်။ အဲဒါမှ ပြည်သူ့အသံတွေကို လွှတ်တော်ထဲမှာပြန်ပြီး ပို့နိုင်မှာ ဖြစ်ပါတယ်။ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ပြည်သူ လူထု ထိတွေ့ဆက်ဆံမှု အားကောင်းလာအောင်လုပ်ဆောင်နိုင်မယ့် နည်းလမ်း လေးတွေ ရှာဖွေဖို့ လွှတ်တော် ကိုယ်စားလှယ်တွေကို အကြံပြုချင်ပါတယ်။
နောက်တပိုင်းက CSO (အရပ်ဘက်လူမှု အဖွဲ့အစည်း)များ ပါဝင်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။ CSO တွေအနေနဲ့ နိုင်ငံရေး သမား တွေနဲ့ ဆုံးဖြတ်ချက် ချမှတ်သူများ ကြားထဲမှာ ပေါင်းကူးတံတား အဖြစ် လမ်းသွယ်ပေးဖို့ လိုပါတယ်။ ပြည်သူလူထု လက်ရှိ ရင်ဆိုင်နေရတဲ့ အခြေ အနေအခက်အခဲ တွေကို ဖြည့်ဆည်း အကူအညီ ပေးဖို့ လိုအပ်သလို ဆုံးဖြတ်ချက် ချမှတ်သူ တွေဆီကိုလည်း ပြည်သူ့ ဘဝတွေ၊ ပြည်သူ့ အသံတွေ အမှန်အတိုင်း သိမြင်လာအောင် လုပ်ဆောင်ပေးဖို့ လိုပါတယ်။ တပြိုင်တည်းမှာပဲ တကယ် စစ်မှန်တဲ့ဒီမိုကရေစီ စနစ်ကြီး အားကောင်းလာအောင် လုပ်ဆောင်ဖို့ အတွက် အားလုံး ဝိုင်းပြီး ကြိုးစားဖို့လိုပါတယ်။ ။