မြန်မာနိုင်ငံ အတွင်းရှိ ကလေးသူငယ်များ အခွင့်အရေး ချိုးဖောက်ခံနေရမှု အပေါ် အစိုးရက ပြန်လည် ထိန်းကွပ်ပေးရန်၊ ဥပဒေများဖြင့် ဆောင်ရွွက် အရေးယူပေးရန် အရပ်ဘက် လူမှုအဖွဲ့အစည်း ၁၅၀ ကျော်မှ သမ္မတထံ နိုဝင်ဘာလ ၂၀ ရက် အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့တွင် တိုက်တွန်း တောင်းဆိုစာ ပေးပို့မည် ဖြစ်ကြောင်း သိရသည်။
သမ္မတထံ တိုက်တွန်းစာ ပေးပို့မည့် အရပ်ဘက် အဖွဲ့အစည်း ၁၅၀ ကျော်တွင် ပြည်တွင်း၊ ပြည်ပ အခြေစိုက် အရပ်ဘက် လူမှု့အဖွဲ့အစည်းများ ပါဝင်ကြောင်း သိရသည်။
တိုက်တွန်းစာတွင် မြန်မာနိုင်ငံအတွင်း အာဟာရ ချို့တဲ့နေသည့် ကလေးများ၊ ပညာသင်ကြားခွင့် မရရှိသည့် ကလေးများနှင့် လက် နက် ကိုင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် နေရပြီး ဒုက္ခကြုံနေရသည့် ကလေးများကို အစိုးရက ပြန်လည်ကြည့်ရှု ကူညီမှုပေးရန် ဟု ဖော်ပြ ထားသည်။
မြန်မာအစိုးရသည် ကုလသမဂ္ဂ၏ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ စာချုပ် (Convention on the Right of Child – CRC) တွင် လက်မှတ်ထိုးထားသည်မှာ ၂၅ နှစ်ရှိပြီ ဖြစ်သော်လည်း ပြည်တွင်းရှိ ကလေးသူငယ် အခွင့်အရေးများကို ကာကွယ်မှု မရှိကြောင်း သမ္မတအား ပေးပို့သည့် စာတွင် တိုက်တွန်း ရေးသားထားသည်။
Equality Myanmar မှ ဒါရိုက်တာ ဦးအောင်မျိုးမင်းက“အစိုးရက CRC မှာ လက်မှတ် ရေးထိုးထားပေမယ့် အလုပ် မလုပ်ဘူး၊ ကလေး သူငယ်ဆိုင်ရာ အခွင့်အရေး အတွက် ကတိကဝတ်တွေကိုလည်း မလုပ်ဆောင်ဘူး”ဟု ပြောဆိုသည်။
သမ္မတကို ပေးပို့သည့် တောင်းဆိုစာတွင် မြန်မာနိုင်ငံ ကလေးသူငယ် ဥပဒေကို ပြန်လည် ပြင်ဆင်ပေးရန်၊ ကာကွယ်ရေး ကဏ္ဍ၌ နိုင်ငံတော် ဘတ်ဂျက် သုံးစွဲနေမှုကို လျှော့ချကာ ကလေးသူငယ် စောင့်ရှောက်ရေး ကဏ္ဍများတွင် ထည့်သွင်း သုံးပေးရန်၊ လိင်ပိုင်း ဆိုင်ရာ ကျူးလွန်မှုများ၊ ကလေးစစ်သားနှင့် ကလေးလုပ်သား ခိုင်းစေမှုများမှ ကာကွယ်နိုင်သည့် ဥပဒေများ ပြဌာန်းပေးခြင်း၊ ကျူးလွန်သူများကို ဥပဒေနှင့် အရေးယူပေးရန်တို့ကိုလည်း ထည့်သွင်း တောင်းဆိုထားသည်။
မြန်မာနိုင်ငံ အတွင်း၌ အရွယ်မရောက်သေးသည့် ကလေးငယ် ၁၀၀၀ ခန့်တွင် ၆၆ ဦးသည် အာဟာရ မပြည့်ဝကြခြင်း၊ သန့်ရှင်း သည့် ရေမရရှိခြင်း၊ ကျန်းမာရေးစနစ် မကောင်းမွန်ခြင်းတို့ကြောင့် သေဆုံးနေရသည်ဟု Save the Children က ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံရှိ ကလေးသူငယ် ဖွံဖြိုးမှုဆိုင်ရာ စာရင်းများတွင် ဖော်ပြထားသည်။
အဆိုပါ စာရင်း၌ မြန်မာနိုင်ငံရှိ အခြေခံ မိသားစု ၇၀ ရာခိုင်နှုန်း၏ ကလေးငယ်များသည် အသက် ၅ နှစ် မပြည့်မီ သေဆုံးမှုများခြင်း၊ ကလေးသူငယ် ၂၀ ရာခိုင်နှုန်းနှင့် အထက်မှာ ကျောင်းမတက်နိုင်ခြင်းများ ကြုံတွေ့နေသည်ဟု ဖော်ပြထားသည်။
ထို့အပြင် စားဝတ်နေရေး မပြေလည်မှုကြောင့် အသက် ၁၀ နှစ်နှင့် အထက် ကလေးငယ်များမှာ ဆောက်လုပ်ရေး လုပ်ငန်းခွင်များ၊ မိုင်းလုပ်ငန်းများတွင် ဝင်ရောက် လုပ်ကိုင်နေရပြီး ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိနေသည်ဟု ဆက်လက် ဖော်ပြ ထားသည်။
CRC စာချုပ်တွင် ကလေးသူငယ်များသည် အသက်ရှင် ရပ်တည်ခွင့်၊ ဖွံ့ဖြိုး တိုးတက်ခွင့်၊ ကာကွယ်မှုနှင့် ရပိုင်ခွင့်တို့ကို ရရှိရမည်ဟု ပြဌာန်းထားပြီး ထို CRC စာချုပ်အား လက်မှတ် ရေးထိုးထားသည့် အဖွဲ့ဝင် နိုင်ငံများကလည်း စာချုပ်ပါ အချက်များအား လေးစားစွာ ဆောင်ရွက်ရမည်ဟု ပါရှိသည်။
မြန်မာ အစိုးရက CRC စာချုပ်တွင် လက်မှတ်ရေးထိုးကာ ကလေးသူငယ်တို့၏ အခွင့်အရေးများအား ကာကွယ်ရန်၊ ကလေးငယ်တို့၏ ဘဝအား မြှင့်တင်ပေးရန် နိုင်ငံတကာရှေ့တွင် ကတိပြုထားသော်လည်း ပြည်တွင်းရှိ ကလေးငယ်များမှာ ခိုင်းစေခံရမှုများနှင့် ကလေးသူငယ် အခွင့်အရေး ချိုးဖောက်ခံရမှုများကို ခံစားနေရဆဲ ဖြစ်သည်ဟု လူမှုအဖွဲ့အစည်းများက ပြောဆိုသည်။
ကချင်ပြည်နယ် မန်စီမြို့နယ်ရှိ ဒုက္ခသည် စခန်းများအား ကူညီထောက်ပံ့မှုများ ပြုနေသည့် ကိုနော်ဒင်းက “စခန်းက ကလေးတွေမှာ စိတ်ဒဏ်ရာတွေ ရှိတယ်၊ သူတို့ စစ်သားကို မုန်းတယ်၊ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်ဖို့ တချိန် KIA လုပ်ချင်တယ်၊ ဒါတွေက ကုသ ဖို့လိုတဲ့ စိတ်ဒဏ်ရာတွေပဲ”ဟု ပြောသည်။
တိုက်ပွဲဖြစ်ပွားရာ ဒေသများ၌ ကလေးငယ်များ အပေါ်တွင် ကျူးလွန်နေသည့် လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်များ၊ အကြမ်းဖက် ခံရမှုများ၊ ကလေး အလုပ်သမားများ၊ လူကုန်ကူးခံရသည့် ကလေးငယ်များနှင့် ပတ်သက်ပြီး အစိုးရက ကိုင်တွယ် ဖြေရှင်းပေးမှု မရှိခြင်း၊ စိတ်ဓာတ် ယိုယွင်းသွားသည့် ကလေးငယ်များအား ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို အစိုးရက ပံ့ပိုးလုပ်ဆောင်ပေးရန် လိုအပ်နေသည်ဟု ကိုနော်ဒင်းက ဆက်ပြောသည်။
မြန်မာနိုင်ငံက CRC စာချုပ်အား ၁၉၉၁ ခုနှစ် ဇူလိုင်လ ၁၅ ရက်တွင် လတ်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။ CRC စာချုပ်သည် နိုင်ငံ တကာက အများဆုံး ရေးထိုးးထာသည့် လူ့အခွင့်အရေးဆိုင်ရာ စာချုပ်တခု ဖြစ်သည်။