ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပြဌာန်းလိုက်သည့် အမျိုးသား ပညာရေး ဥပဒေကို ကျောင်းသားများက လက်မခံဘဲ ကန့်ကွက် သပိတ်မှောက် ဆန္ဒပြလှုပ်ရှားမှုများနှင့် ပတ်သက်ပြီး အစိုးရနှင့် ကျောင်းသားများကြား တင်းမာမှုများဆက်လက် ဖြစ်ပေါ်နေ သည်။
အမျိုးသား ပညာရေး ဥပဒေအား ဆန့်ကျင် ကန့်ကွက်ရန် ဖွဲ့စည်းထားသည့် ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီနှင့် အစိုးရဘက်မှ ဖွဲ့စည်းထားသည့် ပညာရေး မြှင့်တင်မှု အကောင်အထည် ဖော်ရေး ကော်မတီတို့ကြား တင်းမာမှု ဖြစ်ပွားနေခြင်း ဖြစ်သည်။
တင်းမာမှု ဖြစ်ပေါ်ရသည့် အကြောင်းရင်းမှာ အမျိုးသား ပညာရေး ဥပဒေကို နိုဝင်ဘာလ ၁၆ ရက်က ကျောင်းသားများ ရန်ကုန်မြို့ ကြေးသွန်း ဘုရားရှေ့တွင် ဆန္ဒပြနေစဉ် ပညာရေး ဝန်ကြီးဌာနက လာရောက် ညှိနှိုင်းရာ တာဝန်အရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ လာရောက်ခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သော်လည်း နိုဝင်ဘာလ ၁၈ ရက်က အစိုးရပိုင် သတင်းစာတွင် ပညာရေးဝန်ကြီးဌာန တာဝန် ရှိသူများက ကျောင်းသားများကို “သွားရောက် ညှိနှိုင်းခဲ့သည်”ဟု ဖော်ပြခဲ့ခြင်းဟု သိရသည်။
ယင်းသို့ ဖော်ပြမှုကို မဟုတ်မှန်ကြောင်း ကျောင်းသားများက နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲတခု ချက် ချင်း ပြုလုပ်ပြီး သဘောထားကြေညာချက် တစောင်ကို ထုတ်ပြန်ခဲ့သည်။
ကျောင်းသားများ၏ သဘောထား ထုတ်ပြန်ချက်တွင် အစိုးရ၊ ပညာရေး မြှင့်တင်မှု အကောင်အထည်ဖော်ရေး ကော်မတီက ထုတ်ပြန် သော ဖော်ပြချက်မှာ လိမ်လည် ဖော်ပြထားခြင်း ဖြစ်သဖြင့် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ရေးသားထားသည်။
“အမျိုးသားနေ့က ကြေးသွန်းဘုရားရှေ့မှာ ဦးဇော်ဌေးတို့နဲ့ တွေ့တဲ့အခါ သူတို့ ပါးစပ်က ပြောပါတယ်။ ကျနော်တို့ တာဝန်ယူပြီး လာ တာ မဟုတ်ပါဘူး။ နိုင်ငံသားတယောက်အနေနဲ့ လာပါတယ်ဆိုပြီး ပြောပါတယ်။ အခု သတင်းစာမှာ ဖော်ပြတာက ပညာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများဆိုပြီး သုံးနှုန်းထားပါတယ်။ အဲဒါကို ကြည့်ချင်းအားဖြင့် အစိုးရဘက်က ညွှန်ချုပ်က လိမ်နေတာပါ။ အဲဒီတော့ ဒီအစိုးရကို ဘယ်လိုယုံရမလဲဆိုတာ ကျနော်တို့ မေးခွန်းထုတ်ရပါလိမ့်မယ်”ဟု ဒီမိုကရေစီ ပညာရေး ဦးဆောင်လှုပ်ရှားမှု ကော်မတီမှ ကိုနန်းလင်းက နိုဝင်ဘာလ ၁၈ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
ထို့အပြင် အစိုးရဘက်မှ တင်ပြလာသည့် အစီအစဉ်များ ဖြစ်သည့် အမျိုးသား ပညာရေး ဥပဒေပါ ကျောင်းသားအဖွဲ့(ယာယီ)များ ဖွဲ့စည်းပုံ၊ ကျောင်းသားများကို ဖိတ်ကြား၍ အမျိုးသား ပညာရေး ဥပဒေပါ အချက်များကို ရှင်းလင်းသွားရန် ၊ ကျောင်းသားများ၏ သဘောဆန္ဒကို အမျိုးသား ပညာရေး ဥပဒေ၏ နည်းဥပဒေတွင် ထည့်သွင်း ရေးဆွဲရန် စသည့် အချက်များကိုလည်း လက်မခံနိုင်ကြောင်း ကျောင်းသားများက ပြောဆိုသည်။
ကျောင်းသားများ၏ တောင်းဆိုမှုများနှင့် ပတ်သက်၍ အဆင့်မြင်ပညာ ဦးစီးဌာနတွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပညာ ရေး ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီက“ပွင့်ပွင့်လင်းလင်း လာ ဆွေးနွေးစေချင်တယ်။ သူတို့ လိုချင်တာ ဘာလဲလို့ သိလို့ရှိရင် မိဘ တိုင်းကတော့ သားသမီးပူဆာရင် အကုန် မပေးနိုင်ဘူးလေ။ အဲဒီတော့ မိဘလိုပဲ လာပူဆာပါ။ ပြောကြည့်မယ်။ လုပ်ကြည့် မယ်။ ဒါပေမယ့် မိဘ မတတ်နိုင်တဲ့ဟာကိုတော့ သားသမီးကလည်း နားလည်ပေးနိုင်ရမယ်”ဟု မီဒီယာများကို ပြောသည်။
သို့သော် ကျောင်းသားများက အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်ပြီး ဖွဲ့စည်းထားသည့် ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင် ကော်မတီ၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက်(NNER)၊ အစိုးရ၊ လွှတ်တော်တို့ ၄ ပွင့်ဆိုင် တွေ့ဆုံလိုကြောင်း ကျောင်းသားများက နိုဝင်ဘာလ ၁၈ ရက်တွင် တောင်းဆိုလိုက်သည်။
“ကျနော်တို့ သပိတ်ကော်မတီနဲ့ ကျနော်တို့ တွေ့ဆုံ ညှိနှိုင်းချင်တဲ့ အဖွဲ့အစည်းတွေကို ကျနော်တို့ ကိုယ်တိုင် တွေ့ဆုံ ညှိနှိုင်းလို့ ရပါတယ်။ ဒါ ကျနော်တို့ မူဝါဒပါ၊ လွတ်လပ်ခွင့်ပါ။ အဲဒါကို ကြားထဲက သူတို့ ညှိပေးမှ အဲဒီအဖွဲ့ကို တွေ့ရမယ်ဆိုတဲ့ သဘောက တော့ ဒါဟာ ကြားထဲက ခေါင်းပုံဖြတ်တဲ့ ပွဲစားသဏ္ဌာန်ပါပဲ။ ကျနော်တို့က ဒါကို လုံးဝလက်မခံပါဘူး။ ကျနော်တို့အတွက် ပွဲစားမလိုပါဘူး” ဟု ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုဇေယျာလွင်က ပြောဆိုသည်။