ထိုင်းနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အစည်းအဝေးတွေ ပြုလုပ်မယ် ဆိုပါက ထိုင်းစစ်တပ်ကို အကြောင်းကြား ခွင့်ပြုချက် ရယူရမယ်ဆိုပြီး အကြောင်းကြားလာတယ်လို့ တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေက ပြောပါတယ်။
“အစည်းအဝေးလုပ်မယ် ဆိုရင် နေရာ၊ ပါဝင်မယ့် ပုဂ္ဂိုလ်၊ ဆွေးနွေးမယ့် ခေါင်းစဉ် စတာတွေကို စာနဲ့ရေးပြီး တင်၊ ခွင့်ပြုချက်ရမှ လုပ်ပါဆိုတဲ့ အကြောင်းကို ထိုင်းထောက်လှမ်းရေး အဖွ့ဲတွေက တဆင့် အကြောင်းကြား လာပါတယ်” လို့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ အထွေထွေ အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဧရာဝတီကို ပြောပါတယ်။
အရင်က ထိုင်းနိုင်ငံအတွင်း တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင်တွေ အနေနဲ့ အစည်းအဝေးတွေ ကျင်းပပြုလုပ်ရာမှာ သက်ဆိုင်ရာမြို့နယ် အာဏာပိုင်တွေနဲ့ ထိုင်းထောက်လှမ်းရေး အဖွဲ့တွေကို အသိပေး အကြောင်းကြားပြီး ပြုလုပ်ခဲ့ရတာ ဖြစ်ပေမယ့် အခုအချိန်မှာတော့ ထိုင်းစစ်တပ်ကို အကြောင်းကြားပြီး ခွင့်ပြုချက်ကျလာမှ လုပ်ရတော့မှာ ဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။
အစည်းအဝေး မပြုလုပ်ခင် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့တွေ အနေနဲ့ အစည်းအဝေး ပြုလုပ်ရမယ့် အကြောင်းအရင်း၊ ပြုလုပ်မယ့် နေရာနဲ့ တက်ရောက်မယ့် သူတွေကို ထိုင်းနိုင်ငံ မြောက်ပိုင်း တပ်မ ၃ စစ်ဒေသကို ကြိုတင် တင်ပြရမှာဖြစ်ပြီး ခွင့်ပြုချက် ကျလာမှသာ လုပ်ကိုင်ခွင့်ရတော့မှာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်ပြောပါတယ်။
ခွင့်ပြုချက် ရပြီးလို့ အစည်းအဝေး လုပ်ချိန်မှာ တိုင်းရင်းသား အဖွဲ့အစည်းတွေရဲ့ ဆွေးနွေးပွဲတွေထဲကို ထိုင်းစစ်တပ်က စေလွှတ်တဲ့ ကိုယ်စားလှယ် နှစ်ဦးကို ဝင်ရောက် နားထောင် မှတ်တမ်းယူခိုင်းမှာ ဖြစ်ပြီး ရရှိတဲ့ အချက်အလက်တွေကို မြန်မာ အစိုးရဘက်ကို ပြန်တင်ပို့ကြမယ်ဆိုတဲ့ အကြောင်းကို တိုင်းရင်းသား ခေါင်းဆောင် အချိူ့ဆီက ကြားသိရပေမယ့် NCCT နဲ့ UNFC ခေါင်းဆောင်တွေက ဒီကိစ္စအပေါ် အတည်ပြု ပြောဆိုတာမျိုး မရှိသေးပါဘူး။
ဒီဆုံးဖြတ်ချက်ကို နိုဝင်ဘာလ ၁၃ ရက်က ထိုင်းနိုင်ငံ မြောက်ပိုင်း ဖိစပ်နုလို့မြို့မှာ ပြုလုပ်တဲ့ ထိုင်း တပ်မ ၃ စစ်ဒေသရဲ့ တပ်မှူးများ အစည်းအဝေးကနေ ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တယ်လို့ လာရောက် အကြောင်းကြားတဲ့ ထိုင်းထောက်လှမ်းရေး အဖွဲ့က ပြောဆိုသွားတယ်လို့ သိရပါတယ်။
ထိုင်းစစ်တပ်ရဲ့ အခုလို လုပ်ဆောင်မှုဟာ စည်းမျဉ်းစည်းကမ်း တခုအရ လုပ်တာလို့ ယူဆရပြီး တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်တွေရဲ့ ထိုင်းနိုင်ငံအတွင်း ပြုလုပ်မယ့် အစည်းအဝေးတွေအပေါ် ထိခိုက်မှု ကြီးကြီးမားမား ရှိလိမ့်မယ်လို့ မယူဆကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ဟာ မြန်မာအစိုးရနဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးဖို့အတွက် လာမယ့် နိုဝင်ဘာလ ၂၆ ရက်မှာ ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့၌ ပြုလုပ်ဖို့ စီစဉ်ထားပြီး အဆိုပါ အစည်းအဝေး ကျင်းပဖို့ အတွက်လည်း ထိုင်းတပ်မ ၃ စစ်ဒေသကို အကြောင်းကြားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
အခုလို တင်းကြပ်မှုတွေ ရှိလာတာဟာ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေအပေါ် ဖိအားပေးသလို ဖြစ်စေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ရာမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ရှိလာနိုင်တယ်လို့ UNFC ဒုဥက္ကဋ္ဌ နိုင်ဟံသာက ပြောပါတယ်။
“ ဒါက တနည်းအားဖြင့်တော့ ဖိအားပေးတဲ့ သဘောလည်း ဖြစ်တယ်။ နောက် အန်ကယ်တို့ အချင်းချင်း တွေ့ဆုံညှိနှိုင်းဖို့ မလွတ်လပ်တော့ နှေးကွေးတာပေါ့” လို့ နိုင်ဟံသာက ဧရာဝတီကို ပြောပါတယ်။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၊ ဒုဝန်ကြီးချုပ်နဲ့ ထိပ်ပိုင်း ခေါင်းဆောင်အချို့ဟာ အောက်တိုဘာ ဒုတိယ အပတ်မှာ မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။
အခုနှစ် ဇူလိုင်လပိုင်းကလည်း ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံကို လာရောက်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ် ပရာရွတ်ချန်အိုချာနဲ့ တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ စစ်တပ်အကြား ပူးပေါင်း လုပ်ဆောင်ရမယ့် အရေးတွေ ဆွေးနွေးခဲ့ကြတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့ပါတယ်။
NCCT နဲ့ UPWC တို့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးမှုတွေကို ပြီးခဲ့တဲ့ စက်တင်ဘာလက ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့ကြပြီး ထူးခြားတဲ့ ရလာဒ်တွေ ထွက်ပေါ်မလာတာကြောင့် အခုလို တင်းကြပ်မှုတွေ ဖြစ်လာတာလို့ တိုင်းရင်းသား လက်နက်ကိုင် လက်နက်ကိုင် တော်လှန်ရေး ခေါင်းဆောင် အချို့က သုံးသပ် ပြောဆိုနေကြပါတယ်။
ထိုင်းစစ်တပ် အနေနဲ့ အခုလို လုပ်ဆောင်လာတာဟာ ထိုင်းနိုင်ငံ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ မြန်မာ ခေါင်းဆောင်တွေ အကြား တွေ့ဆုံမှုတွေ ရှိလာပြီးနောက်ပိုင်း ဖြစ်ပေါ်လာတာကြောင့် မြန်မာခေါင်းဆောင်တွေရဲ့ ဖိအားပေးမှုတွေကြောင့် အခုလို တင်းကျပ်မှုလုပ်လာတာ ဖြစ်နိုင်တယ်လို့ တိုင်းရင်းသား ခေါင်းဆောင်တွေက ယူဆနေပါတယ်။