မြန်မာနိုင်ငံ၏ ပြည်တွင်းရေးတွင် အင်အားကြီးနိုင်ငံများ၏ ဖိအားပေးဆက်ဆံမှုကို လက်မခံကြောင်း ကာကွယ်ရေး ဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံမှ အမျိုးသား ကာကွယ်ရေး ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး Sengnuan Saiyalath နှင့်တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သော လာအိုပြည်သူ့ဒီမိုကရက်တစ်နိုင်ငံ၏ အမျိုးသား ကာကွယ်ရေးဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး Sengnuan Saiyalathနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ နေပြည်တော်တွင် နိုဝင်ဘာလ ၁၇ ရက်နေ့က တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံအနေဖြင့် အခြား နိုင်ငံ၏ ပြည်တွင်းရေးအား ဝင်ရောက် စွက်ဖက် ခြင်း မပြုသကဲ့သို့ မိမိနိုင်ငံ အရေးအား ပြည်ပမှ ဝင်ရောက် စွက်ဖက်ခြင်းကို လက်မခံကြောင်း၊ အင်အားကြီး နိုင်ငံများက အင်အားငယ် နိုင်ငံများ၊ နိုင်ငံကြီးမှ နိုင်ငံငယ် အပေါ် ဖိအားပေး ဆက်ဆံမှုကိုလည်း လက်မခံ ပါကြောင်း ပြောဆိုသည်။
ထို့ပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွတ်လပ်သည့် အချုပ် အခြာ အာဏာပိုင် နိုင်ငံ တစ်ခုအနေဖြင့် မိမိနိုင်ငံ ရှင် သန် ရပ်တည်မှုအတွက် ခိုင်မာစွာ လုပ်ဆောင်နိုင်ခွင့် ရှိကြောင်း၊ အင်အားကြီးနိုင်ငံများ၏ ယှဉ်ပြိုင်မှုများသည် မိမိ တို့ နိုင်ငံငယ် များအတွက် စိန်ခေါ်မှုဖြစ်နေသည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ပြောဆိုမှုသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေး အပေါ် ဖိအား ပေးနေသော အမေရိကန်နှင့်အနောက်နိုင်ငံများကို ရည်ရွယ်ပုံရ ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူများက သုံးသပ် ကြသည်။
မြန်မာနိုင်ငံတွင် လက်ရှိကျင့်သုံးနေသော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်အား အထူး အကာအကွယ် ပေး ထားပြီး လွှတ်တော် ၂ ရပ်တွင်လည်း တပ်မတော်မှ ၂၅ ရာခိုင်နှုန်း ရယူထားခြင်း၊ တပ်မတော်က တရားဝင် အာဏာ သိမ်း ခွင့်ရှိခြင်း တို့နှင့်ပတ်သက်၍ အမေရိကန်အပါအဝင် အနောက်အင်အားကြီးနိုင်ငံများက ထောက်ပြလျက်ရှိသည်။
အမေရိကန်သမ္မတ ဘားရက်အိုဘားမားက မြန်မာနိုင်ငံလာရောက်သည့်ခရီးစဉ်အတွင်း မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ပြုပြင် ပြောင်းလဲမှုနှင့်ပတ်သက်၍ အမေရိကန်ဘက်က ဆက်လက် ထောက်ခံအားပေးသွားမည်ပြောသော်လည်း ဖွဲ့စည်းပုံ ပြင် ဆင်ရေးနှင့် တပ်မတော်၏ နိုင်ငံရေးတွင် ပါဝင်နေမှုအား လျှော့ချရန် တိုက်တွန်းပြော ဆိုခဲ့သည်။
အမေရိကန်သမ္မတ အိုဘားမား၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း သမ္မတ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ လူငယ်များ၊ လူမှုအဖွဲ့အစည်းများနှင့်တွေ့ဆုံခဲ့သော်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် တွေ့ဆုံခဲ့ခြင်း မရှိပေ။
အမေရိကန်အစိုးရသည် မြန်မာနိုင်ငံနှင့် စစ်ဘက်ဆက်ဆံရေး လမ်းစ ဖွင့်လှစ်နိုင်ရေး ၂၀၁၂ ခုနှစ်ကတည်းက စတင် လုပ်ဆောင် လာခဲ့ရာမှ ၂၀၁၄ ခုနှစ် ဇွန်လတွင် အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး တွမ် မာလင်နော့စကီးသည် နေပြည်တော်သို့ လာ ရောက်ခဲ့ ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်မတော် ထိပ်ပိုင်းအရာရှိများနှင့်တွေ့ဆုံကာ အမေရိကန်-မြန်မာ စစ် ဘက်ဆက်ဆံရေးကိစ္စများလည်း ထည့်သွင်းဆွေးနွေးခဲ့သည်။
သို့ရာတွင် အမေရိကန်အစိုးရက မြန်မာနှင့် အမေရိကန် စစ်တပ်ချင်း ထိတွေ့ဆက်ဆံမှုသည် မြန်မာ့ဒီမိုကရေစီ ပြုပြင် ပြောင်းလဲ မှုအတွက် အထောက်အကူ ဖြစ်စေရန် မြန်မာအစိုးရ စစ်တပ် အနေဖြင့် လူ့အခွင့်အရေး လေးစားရန်နှင့် အရပ်သားအုပ်ချုပ်မှုအောက်မှ ဒီမိုကရေစီတပ်မတော်ဖြစ်လာရေးအတွက် လုပ်ဆောင်ရန်ဖြစ်ကြောင်း အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုပြီး အမေရိကန် အနေဖြင့် မြန်မာအစိုးရစစ်တပ်အား စစ်မြေပြင်ဆိုင်ရာ လေ့ကျင့်မှုသင်ကြားပေးမှု၊ စစ်လက်နက် ရောင်းချ မှု များလည်း လုပ်ဆောင်မည်မဟုတ်ဟု ပြောဆိုခဲ့သည်။
အမေရိကန် အောက်လွှတ်တော် အမတ်များကမူ အမေရိကန် အစိုးရ၏ မြန်မာနှင့် စစ်ရေး ဆက်ဆံမှု လုပ်ရန် ပြင်ဆင် နေမှုကို ပြန်လည်စဉ်းစားသုံးသပ်သင့်သည်ဟု ထောက်ပြ ဝေဖန်ကြပြီး ထိုင်းနိုင်ငံအခြေစိုက် တိုင်းရင်းသား အဖွဲ့အစည်း များနှင့် လူမှုအဖွဲ့အစည်းများက အမေရိကန်နိုင်ငံအနေဖြင့် မြန်မာ စစ်တပ်နှင့် ဆက်ဆံရေးထူထောင်ရန် အချိန်စော လွန်းသည်ဟု ဝေဖန်ကြသည်။
နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများကမူ မြန်မာစစ်တပ်သည် တိုင်းရင်းသား ဒေသများတွင် အမျိုးသမီး များ အပေါ် လိင်မတရား စော်ကား ခြင်း အပါအဝင် လူ့အခွင့်အရေးချိုးဖောက်နေမှုများ ဆက်လက်ကျူးလွန်နေကြောင်း ထုတ်ပြန်ပြောဆိုကြသည်။