အစိုးရ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဗိုလ်သင်တန်းကျောင်းမှ သင်တန်းသား ၂၃ ဦး သေဆုံး မှုနှင့်ပတ်သက်၍ KIA ဌာနချုပ်အနီးမှ အစိုးရစစ်တပ်၏ စခန်းများ၊ လက်နက်ကြီးများအား ဖယ်ရှားပေးရန် တောင်းဆို လိုက်ကြောင်း သိရသည်။
အစိုးရ ငြိမ်းချမ်းရေးအဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဆွေးနွေးနေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အောင်မြင်နိုင်ရေး အတွက် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာ အနီးတဝိုက်၌ ဖြန့်ကျက်ချထားသော အစိုး ရ တပ်မတော်၏ စစ်စခန်းများ၊ လက်နက်ကြီးများအား ရုပ်သိမ်းပေးရန် ယနေ့ ရက်စွဲဖြင့် ကချင် လွတ်လပ်ရေး အဖွဲ့(KIO) ဗဟို အလုပ်အမှုဆောင် အဖွဲ့ က ကြေညာချက် ထုတ် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
KIA စစ်ဌာနချုပ် ရှိရာ လိုင်ဇာမြို့ အနီးသို့ လက်နက်ကြီးဖြင့် နိုဝင်ဘာလ ၁၉ ရက်နေ့က ပစ်ခတ်မှုကြောင့် KIA မှ စစ်ဗိုလ်လောင်း သင်တန်းသား ၂၃ ဦး သေဆုံးပြီး သင်တန်းသားနှင့်နည်းပြ စုစုပေါင်း ၂၀ ခန့် ဒဏ်ရာရရှိခဲ့ကြောင်း၊ ၎င်းတို့၏ ဗိုလ်လောင်း သင်တန်း ကျောင်းသို့ မြန်မာ့ တပ်မတော်မှ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်မှုကို KIO ဗဟို ကော်မတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း လည်း ကြေညာချက်၌ ဖော်ပြထားသည်။
အစိုးရ တပ်မတော်၏ လက်ရှိ လုပ်ရပ်ကြောင့် အစိုးရ ငြိမ်းချမ်းရေး အဖွဲ့နှင့်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဆွေးနွေးနေသည့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများအပေါ် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်လာနိုင်ကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်များ က ပြောသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာ က အစိုးရနှင့် KIA တို့အကြား တိုက် ခိုက်မှုများ လျော့ကျရေး ဆွေးနွေး ဆောင်ရွက်နေချိန်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းသည် ကောင်းမွန်မှု မဟုတ်ကြောင်း၊ ပစ်ခတ် သေကြေမှုများကြောင့် စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း၊ ထိုဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပေါ်လည်း မထိခိုက်စေလိုကြောင်း ဧရာဝတီ ကို ပြောသည်။
၎င်းက“ဒီဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေးကိုတော့ အထိုက်အလျောက် ထိခိုက်နိုင်တယ်၊ ယုံကြည်မှုကိုလည်း အများကြီးထိခိုက်စေ တယ်၊ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကိုတော့ အနည်းအကျဉ်း ထိခိုက်စေတယ်၊ ဒါပေမယ့် အပစ်အခတ်ရပ်စဲရေးကိုတော့ မပျက် စေချင်ဘူး”ဟုလည်း ပြောဆိုသည်။
ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီမှ အရာရှိ ဦးလမိုင်ဂွန်ဂျာကလည်း ကချင် ခေါင်းဆောင်များနှင့် အစိုးရတို့ အကြား အပြန် အလှန် ယုံကြည်မှုရရှိရေးအတွက် အချိန်ပေး၍ အားထုတ် ကြိုးပမ်းထားရကြောင်း၊ ထိုယုံ ကြည်မှုအား ဆက်လက် အားကောင်း စေရန် လုပ်ဆောင်ရမည့်အစား ယခုကဲ့သို့ ပစ်ခတ်မှုများကြောင့် ခိုင်မာသည့် ယုံကြည်မှုရရှိရန် ခက်ခဲသွားမည်ဖြစ်ကြောင်း ဧရာဝတီ ကို ပြောသည်။
ဦးလမိုင်ဂွန်ဂျာ က“မနေ့က တရက်တည်းမှာတင် ၃ နေရာလောက် ပစ်ခတ်တယ်၊ လက်နက်ကြီးနဲ့ ပစ်တာပါ”ဟု ဆိုသည်။
KIA သင်တန်းသား ဗိုလ်လောင်းများ စစ်ရေးပြနေသည့် အချိန်တွင် လက်နက်ကြီး ၂ လုံးဖြင့် ပစ်ခတ်ခြင်း ဖြစ်ကြောင်း၊ ထိုပစ်ခတ်မှု နှင့် ပတ်သက်၍ တပ်မတော်၏ အကြီးအကဲများနှင့် အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း တို့ထံ စာပို့ မေးမြန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး ဗဟိုဌာန(MPC)မှ အစိုးရ၏ ငြိမ်းချမ်းရေးအကျိုးဆောင် ဦးလှမောင်ရွှေက စစ်ပွဲများ၊ ပဋိပက္ခ ဖြစ်စဉ်များ၌ မြန်မာ့ တပ်မတော်မှ ဖြစ်စေ၊ KIA က ဖြစ်စေ သေကြေကြခြင်း အပေါ် စိတ်မကောင်းကြောင်း၊ စစ်ပွဲများ၊ ပဋိပက္ခ ဖြစ်စဉ်များ၌ မတော်တဆ သေဆုံးမှုများ ရှိတတ်ကြောင်း၊ ထိုသို့ ဖြစ်ရပ်များအပေါ် စိတ်ရှည် သည်းခံကြရန် လိုအပ်ကြောင်း ပြောသည်။
ဦးလှမောင်ရွှေ က“လူအစုလိုက် သေကြတာ အခုမှ မဟုတ်ပါဘူး၊ အရင်ကလည်း ဖားကန့်မှာ KIA အဖွဲ့က ယမ်းဖောက်ခွဲလို့ လူ အစု လိုက် အများကြီးသေခဲ့တဲ့ ဟာတွေ ရှိခဲ့ပါတယ်၊ ဆိုလိုတာက စစ်ပွဲတွေ၊ ပဋိပက္ခတွေမှာ မတော်တဆမှုတွေ ရှိတတ်တယ် ဆိုတဲ့ သဘောပါ”ဟု ပြောဆိုသည်။
ထို့အတူ နှစ်ဦးနှစ်ဘက် ဆွေးနွေးပွဲများ၌ အကောင်းဆုံး ဖြစ်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ MPC ကိုလည်း ဖုန်းဆက် အကြောင်း ကြားထားကြကြောင်း၊ လက်ရှိ ဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးများကို ထိခိုက်စေနိုင်သည်ဟု အတိအကျ မပြောလိုကြောင်း၊ အကောင်းဆုံး ဖြစ်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဦးလှမောင်ရွှေ က ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ယုံကြည်မှု တည်ဆောက်နေသည့် ကာလ၌ အစိုးရတပ်မတော် အနေဖြင့် စစ်ရေးအရ အလစ် အငိုက် ဖိအားပေး တိုက်ခိုက်နေမှုများသည် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်သည့် စိတ်ရင်းစေတနာ ရှိမရှိဆိုသည်ကို မေးခွန်း ထုတ်စရာ ဖြစ်နေကြောင်းနှင့်ယုံကြည်မှု တည်ဆောက်ရာတွင် အဟန့်အတား ကြီးမားစွာ ဖြစ်စေသည်ကို သတိပြုစေလိုကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ(UNFC) ကလည်း ယနေ့ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန်၍ သတိ ပေး ထားသည်။
အစိုးရ တပ်မတော်၏ သူရဲဘောကြောင်သည့် လုပ်ရပ်အား ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းလည်း UNFC ၏ ကြေညာချက်၌ ဖော်ပြ ထားပြီး ၂၀၁၅ ရွေးကောက်ပွဲအလွန်မှသာ ဖွဲ့စည်းပုံ ပြင်မည်ဟု ဦးရွှေမန်း၏ ပြောဆိုမှုနှင့်လက်ရှိ တိုက်ခိုက်မှုတို့ တိုက်ဆိုင်နေခြင်း ကြောင့် စစ်ရေးနှင့်နိုင်ငံရေး ပူးပေါင်း ကြံစည်မှု တရပ်ဟုလည်း ယူဆနိုင်ကြောင်း ကြေညာချက် က ဆိုသည်။
ထို့အတူ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးနှင့်ပြည်သူ တရပ်လုံး လိုလားတောင့်တနေသော ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်များ အတိမ်းအစောင်း၊ နှောင့်နှေး ကြန့်ကြာစေသော၊ လမ်းလွဲစေသော လုပ်ရပ်မှန်သမျှအား ပြတ်ပြတ်သားသား ဆန့်ကျင် သွားမည်ဟု လည်း UNFC က ဆိုထားသည်။
ထိုသို့ အစိုးရ စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့ တို့အကြား နှစ်ဦး နှစ်ဘက် တင်းမားနေသည့်အတွက် ဆက်လက် လုပ်ဆောင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ်လာနိုင်ခြေ ရှိမရှိ ဆိုသည်ကိုလည်း စောင့်ကြည့်ရမည် ဖြစ်သည်ဟု ဆိုသည်။
ပြည်တွင်း တိုက်ပွဲများ ပြေလည်ရန် KIO ဗဟိုကော်မတီနှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင် ရေး လုပ်ငန်းကော်မတီ တို့ အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး ၂၀၁၄ ခုနှစ် မေလ ၁၃ ရက်တွင် စစ်ရှိန် လျှော့ချ၍ ယုံကြည်မှု အပြန်အလှန်တည်ဆောက်ရန်လည်း သဘောတူညီထားပြီး နှစ်ဘက် ကိုယ်စားလှယ်များ ပါဝင် သည့် ပဋိပက္ခညှိနှိုင်းဖြေရှင်းရေးအဖွဲ့တဖွဲ့ကိုလည်း ဖွဲ့စည်းခဲ့သည်။
ထိုအဖွဲ့က တွေ့ဆုံမှုများ လစဉ်ပြုလုပ်ခဲ့ပြီး ၆ ကြိမ်မြောက် တွေ့ဆုံခဲ့သည့် စက်တင်ဘာလ ၅ ရက်တွင် တပ ်မတော်နှင့် KIA အကြား တိုက်ပွဲများ ၉၀ ရာခိုင်နှုန်းခန့် လျော့ကျသွားပြီဖြစ်ကြောင်း ကြေညာခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ် နယ်စပ်၊ နှင့် ဗန်းမော်ခရိုင် အတွင်းရှိ KIA တပ်များနှင့် တပ်မတော်အကြား တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။
ခင်ဦးသာ နှင့် နန်းလွင်နှင်းပွင့် ပူးပေါင်း ရေးသားသည်။