သက်တမ်း ၁၃၈နှစ် ရှိပြီဖြစ်သော မန္တလေးတောင်ခြေရှိ သမိုင်းဝင် ရွှေကျောင်းကြီးကို ထေက်ကန်ထားသည့် တိုင်လုံးများမှ ၈ တိုင် ခန့်သည် ဆွေးမြေ့နေပြီဖြစ်၍ လဲလှယ်ရနိုင်ကြောင်း သိရသည်။
ရွှေနန်းတော် ကျောင်းကို တိုင်လုံးပေါင်း ၁၅၀ နှင့် ထောက်ကန်ထားခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်လ အတွင်းမှ စတင်၍ အမေရိ ကန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ အဆောက်အအုံ ထိန်းသိမ်းရေးဆိုင်ရာ ရန်ပုံငွေ အဖွဲ့ (World Monument Fund)မှ အမေရိကန် ဒေါ်လာ ၅ သိန်း ၅ ထောင် အကုန်အကျခံ၍ ပညာရှင်များဖြင့် စစ်ဆေးဆောင်ရွက်နေခြင်း ဖြစ်သည်။
ယဉ်ကျေးမှု ဝန်ကြီးဌာနမှ အရာရှိတဦးက“ပညာရှင်တွေက တိုင်အောက်ခြေ အတွင်းပိုင်းအထိ နှိုက်တူးထားတာ၊ အခြေအနေ အဆိုး ဆုံးက ၈ တိုင်လောက် ရှိတယ်”ဟု ဆိုသည်။
လာမည့် ဒီဇင်ဘာလတွင် World Monument Fundမှ ပညာရှင်များနှင့် မြန်မာပညာရှင်များတွေ့ဆုံပြီး တိုင်များ အစားထိုးလဲလှယ် ရေး အစီအစဉ်များ ပြုလုပ်ရန် ရှိကြောင်း သိရသည်။
မန္တလေးတိုင်း ရှေးဟောင်းသုတေသန ဦးစီးဌာန ညွန်ကြားရေးမှူး ဦးဇော်ဦးဟန်က“ရှေးဟောင်းကျောင်း ရှေးဟောင်းတိုင် ဆိုတော့ ထိုက်သင့်တဲ့ ပျက်စီးမှုတွေ ရှိမှာပါ၊ ဒါတွေကို အစားထိုးမလား၊ တခြားနည်းလမ်း သုံးပြီးတော့ လုပ်မလား ဆိုတာကတော့ ဒီဇင်ဘာ မှာ ဆုံးဖြတ်ပါမယ်၊ ပြင်လိုက်ရင်တော့ ကြံ့ခိုင်မှု အား ကတော့ တက်သွားမှာပါ”ဟု ပြောသည်။
အဆိုပါ ပညာရှင်များ ပြုလုပ်ခဲ့သည့် လုပ်ငန်းများမှာ ရွှေနန်းတော် ကျောင်းကြီး နှင့် ပတ်သက်၍ လက်ရှိအခြေအနေကို သိရှိစေရန် Laser Scanning ရိုက်ကူးခြင်း၊ ဆင်ယင်ထားသည့် အမွမ်းအပြောက် ပန်းပု ရုပ်လုံး၊ ရုပ်ကြွများကို အသေးစိတ် လက်ဖြင့်ပုံဆွဲ မှတ် တမ်း တင်ခြင်း၊ ကျောင်းတိုင်များအတွင်း မိုးရေစိမ့်ဝင်ခြင်းနှင့် ခြစားခြင်းများကြောင့် ပျက်စီးမှုအခြေအနေကို စမ်းသပ် လေ့လာခြင်း၊ အဆောက်အအုံအတွင်း မိုးယိုခြင်းကြောင့် ဖြစ်ပေါ်လာလျက်ရှိသည့် ဆွေးမြေ့ပျက်စီးနေသည့် အပိုင်းများအား ထိန်းသိမ်း ဆောင် ရွက်ရေးအတွက် လေ့လာသုတေသနပြုခြင်း၊ ရွှေကျောင်း ဝန်းကျင် ရေစီးရေလာကောင်းမွန်စေရေး၊ မီးဘေး အန္တရာယ် ကာကွယ် ရေး ဆိုင်ရာ ပညာပေးဆောင်ရွက်ခြင်းများ ဖြစ်သည်။
World Monument Fund အနေဖြင့် နောက်ထပ်ရန်ပုံငွေ ရရှိပါကာ ရွှေနန်းတော် ကျောင်းတဝိုက် သာယာလှပစေရေး အတွက် မြေယာရှုခင်း(Landscapping) ပြုလုပ်ခြင်း၊ ကျောင်းအဆောက်အအုံ၌ ပျက်စီးနေသည့် သစ်သားထည်များကို ပြုပြင်မွမ်းမံခြင်းများ ပြုလုပ်ပေးမည်ဟု သိရသည်။
ရွှေနန်းတော်ကျောင်းဟု အမည်ရသည့် ရွှေကျောင်းကြီးကို သီပေါမင်း နန်းတက်စ ၁၈၇၉ ခုနှစ်ခန့်က နတ်ရွာစံ မင်းတုန်းမင်းကြီး အတွက် ရည်စူးကာ ဆောက်လုပ်ထားခဲ့သော ရွှေပိန်းချ ကျောင်းတော်ကြီးဖြစ်ပြီး အတက်အဆင်းအတွက် လှေကားများသာ အုတ်ဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။