၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) သည် လေကြောင်းရန် ကာကွယ်ရေးအတွက် တရုတ်နိုင်ငံလုပ် FN-6 လေယာဉ်ပစ် ပုခုံးထမ်း ဒုံးကျည်လက်နက်ကို ပိုင်ဆိုင်နေပြီဖြစ်ကြောင်း IHS Jane’s Defence Weekly သတင်းတပုဒ်က ဖော်ပြ သည်။
ရှမ်းပြည် အရှေ့မြောက်ဒေသရှိ ယုံကြည်ရသော သတင်းရင်းမြစ်ကို ကိုးကားဖော်ပြထားသည့် IHS Jane’s Defence ၏ သတင်းတွင် UWSA အနေဖြင့် မကြာခင်က အနီအောက်ရောင်ခြည်သုံး FN-6 လေကြောင်းရန် ကာကွယ်ရေး ပုခုံးထမ်း ဒုံးကျည် လက်နက် အမြောက်အများကို တပ်ဆင်ထားကြောင်း ဖော်ပြထားသည်။
UWSA ပိုင်ဆိုင်ထားသည့် FN-6 လေယာဉ်ပစ် ဒုံးကျည်သည် ဆိုဗီယက်လုပ် SAM – 7ကို အခြေခံကာ ထုတ်လုပ်ထားသည့် HN – 5 ဒုံးကျည်အား လေကြောင်းရန် ကာကွယ်ရေး စနစ်(MANPADS) ကျယ်ကျယ်ပြန့်ပြန့် မွမ်းမံ ပြင်ဆင်ထားသည့် တတိယ မျိုးဆက်ဖြစ်သည်။
FN-6 ပုခုံးထမ်း ဒုံးကျည်သည် မြေပြင်မှ အပူ၊ နေရောင်ခြည်သက်ရောက်မှု၊ မီးတောက်များနှင့်ပတ်သက်၍ ခံနိုင်ရည်ရှိပြီး မီတာ ၃၅၀၀ ရှိ ပစ်မှတ်အထိသက်ရောက်မှုရှိပြီး မြန်မာ့လေတပ်မတော်ရှိ တရုတ်နိုင်ငံလုပ် K-8 Karakorum အပေါ့စား တိုက်ခိုက် ရေး ဂျက်လေယာဉ်များနှင့် ရုရှားလုပ် မီဟိုင်း ရဟတ်ယာဉ်များကို FN-6 က ကောင်းစွာ ထိန်းချုပ်နိုင်စွမ်းရှိသည်ဟု ဆိုသည်။
အဆိုပါ ပစ္စည်းများကို ၂၀၀၁ ခုနှစ်ကတည်းက UWSA ထိန်းချုပ်ရာနေရာများတွင် တပ်ဆင်ထားသည်ဟု ဂျိန်းစ် စာစောင်က ဆိုသော်လည်း အဆိုပါ လေကြောင်းရန် ကာကွယ်ရေး စနစ်သစ်အား မည်သည့်အချိန်က စတင် အသုံးပြုသည်ကိုမူ ဖော်ပြ ထားခြင်း မရှိပေ။
UWSA သည် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများတွင် အင်အားအကြီးဆုံးနှင့် အကောင်းဆုံး လက်နက်များကို ပိုင်ဆိုင်သည့် အဖွဲ့ဖြစ်ပြီး အမြဲတမ်းတပ်ဖွဲ့ အင်အား ၂သောင်းခန့်ရှိကာ ၂၀၁၂ နှစ်လယ်ပိုင်း ကတည်းက ခေတ်မီစစ်တပ်ဖြစ် ပေါ်ရေး အလျင် အမြန်ကြိုးစားနေရာ တရုတ်လုပ်တင့်ကားများ၊ အပေါ့စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ငယ် တချို့လည်း ဖြည့်ဆည်းမှုတွင် ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံနှင့် အနောက်နိုင်ငံတို့အကြား သံတမန်ရေး၊ စီးပွားရေး ဆက်ဆံမှုတို့သည် အချိန်တိုအတွင်း အားကောင်းလာမှုသည် တရုတ်နိုင်ငံအတွက် စိုးရိမ်စရာဖြစ်နေသည့် အထောက်အထားအဖြစ် ၂၀၁၁ ခုနှစ်ကတည်းက တရုတ်-မြန်မာ ဆက် ဆံ ရေး အဆင်မပြေမှုများ ရှိလာခဲ့ရာ UWSA ၏ အင်အားဖြည့်တင်းခြင်းနှင့် ချိတ်ဆက်နေသည်ဟု ဝေဖန်မှုလည်း ရှိသည်။
UWSA ပြောခွင့်ရ ဦးအောင်မြင့်ကမူ ဂျိန်းစ် စာစောင်ပါ ဒုံးကျည်လက်နက် ပိုင်ဆိုင်နေသည်ဆိုသည်မှာ မသိကြောင်း ဧရာဝတီ ကို ပြောသည်။
“လေယာဉ်ပစ် ဒုံးကျည် လက်နက်ဝယ်တာက ကျနော်တို့ မသိဘူး။ တကယ်ရှိခဲ့လား မရှိလားဆိုတာတွေ ကျနော်မသိတာ အမှန်ပဲ”ဟုလည်း ၎င်းက ပြောဆိုသည်။
ယခင်ကလည်း UWSA အနေဖြင့် တရုတ်နိုင်ငံထံမှ လေယာဉ်၊ ဒုံးလက်နက်စသည်များ ဝယ်ယူခဲ့သည်ဟု နိုင်ငံတကာ သတင်း များက အစဉ်တစိုက်ပြောဆိုခဲ့ကြောင်း၊ ၎င်းတို့တွင် အင်ဂျင်မပါသည့် ရဟတ်ယာဉ်၊ တိုက်လေယာဉ်သာ ရှိပြီး ဥယျာဉ်တွင်း အလှပြင်ဆင်ရန်သာဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
“နိုင်ငံတကာက ရဟတ်ယာဉ်တွေ၊ ဒုံးကျည်တွေ ဝယ်တယ်ဆိုတာ ပြောနေတာတွေကို ပြန်ပြောချင်တယ်။ သူတို့ပြောတာ လို နေတယ်။ စစ်သင်္ဘောပါ ဝယ်ထားတာဗျ။ နည်းနည်းသေးတာတခုနဲ့ ကြီးတာတခုရှိတယ်။ လမ်းဘေးမှာကို ချထားတာ။ ရဟတ်ယာဉ် တိုက်လေယာဉ်ရှိတယ်။ အင်ဂျင်တွေတော့ မပါဘူး။ ဝယ်ပြီး မြေပေါ်ဥယျာဉ်ဆောက်ဖို့ပါ”ဟု ဦးအောင်မြင့်က ဆိုသည်။
ဦးအောင်မြင့်က ဆက်လက်၍ “ကျနော်တို့ဘယ်မှာသုံးဖို့လဲ။ ကျနော်တို့ကစစ်ကိုလိုလားတာ မဟုတ်ဘူးဆိုတာပဲ ပြောချင် တယ်”ဟု ပြောဆိုသည်။
ဧရာဝတီ သတင်းထောက် မေခ ပူးပေါင်းရေးသားသည်။