တနေ့က ကျမ မိတ်ဆွေ တယောက် အိမ်ကို အလည်ရောက်ပါတယ်။ သူနဲ့ အတူ သူ့ရဲ့ သမီးလေးလည်း ပါပါတယ်။ သူ့ရဲ့ သမီးလေးက အသက် ၁၂ နှစ်အရွယ်လောက်ပါ။ မိတ်ဆွေက သူ့ရဲ့ သမီးကလေး အကြောင်း ပြောပြပါတယ်။
သမီးလေးက မူကြိုကျောင်းကို မတက်ခဲ့ဖူးတဲ့ အကြောင်း၊ မူကြို ထားတုန်းက တရက်ပဲ တက်ပြီးတော့ ငိုပြီး ပြန်လာ တယ် ဆိုတဲ့ အကြောင်း၊ ပြီးတော့ ကလေးက “အမေတို့ ဖြစ်ချင်တဲ့ ဆရာဝန်ကြီး ဖြစ်အောင်လို့ ကျောင်းနေရင် သမီး စာကြိုးစား ပါ့မယ်၊ မူကြိုတော့ မထားပါနဲ့” လို့ပြောခဲ့တဲ့ အကြောင်း၊ သူ့သမီး ဆရာဝန်မကြီး ဖြစ်လာအောင်လို့ ဘယ်လို ဘယ်လိုတွေ ကလေးကို တွန်းအား ပေးပြီးတော့ စာကျက်ခိုင်းတယ် ဆိုတဲ့ အကြောင်း၊ အတန်းထဲမှာ သူ့သမီးက အမြဲပဲ ပထမ နေရာက မဆင်းဘူး ဆိုတဲ့ အကြောင်း စသဖြင့် ကျမကို ပြောပြ ပါတယ်။
သူ့စကားကို ကျမနားထောင်ပြီးတဲ့ အချိန်မှာတော့ ကျမက ကလေးကို သမီးက ဆရာဝန် ဖြစ်ချင်တာလား ဆိုတော့ ကလေးက ခေါင်းငြိမ့်ပြ ပါတယ်။ သမီးက ကျန်တာရော ဘာတွေ ဝါသနာ ပါသေးလဲလို့ ကျမက ကလေးကို ထပ်မေးတဲ့ အခါမှာတော့ ကလေးက ကျမမေးခွန်းကို ဘာမေးမှန်း မသိရှာပါဘူး။ မျက်လုံးလေး ပြူးပြီးတော့ ကြည့်ပါတယ်။ ဒါနဲ့ ကျမက ထပ်မေးပါတယ်။
“သမီးက ဘာဝါသနာပါသေးလဲ လို့ အန်တီက မေးတာပါ။ ဥပမာ- စာအုပ်ဖတ်တာ၊ ပုံဆွဲတာ၊ သီချင်းဆိုတာ စသဖြင့် ပေါ့” လို့ ကျမက ပြောလိုက်ရော ကလေးမလေး ရဲ့ မျက်နှာက ပိုပြီးတော့ စိတ်ရှုတ်ထွေး သွားပုံ ပေါ်လာပါတော့ တယ်။ ပြီးတော့ အသံ တိုးတိုးလေးနဲ့ “သမီးက ကြီးရင် ဆရာဝန်မကြီး ဖြစ်အောင်လို့ စာတွေ အများကြီး ကျက်နေတာ ပါ” လို့ ပြန်ဖြေ ပါတယ်။
သူ့ အမေကတော့ သူ့သမီးရဲ့ အဖြေကို အင်မတန်မှ သဘောကျတဲ့ ဟန်နဲ့ တပြုံးပြုံး ဖြစ်နေပေမယ့် ကျမကတော့ မပြုံးနိုင်တော့ ပါဘူး။ ကလေးရဲ့ အနာဂတ် အတွက် တော်တော်လေးကိုမှ စိတ်ထဲ မောမိတာ ဖြစ်သလို ဒီကလေးလို တခြား ကလေးမျိုးတွေ အတွက်လည်း ရင်မောသွားပါတော့တယ်။ ဆရာဝန် ဖြစ်အောင်လို့ စာတွေ အများကြီး ကျက်နေတယ် ဆိုတဲ့ စကားဟာ ရုတ်တရက် ကြည့်မယ် ဆိုရင်တော့ဖြင့် ဝမ်းသာ ဂုဏ်ယူဖွယ် ကောင်းတဲ့ စကားပါပဲ။
ဒါပေမယ့် ဒီ စာတွေ အများကြီး ကျက်နေတယ် ဆိုတဲ့ နောက်မှာ ကလေးတယောက် (လူတယောက် ) အတွက် လိုအပ်တဲ့ စိတ်ကူးစိတ်သန်း ဖွံ့ဖြိုးမှု စွမ်းရည်၊ တီထွင်ဖန်တီးမှု စွမ်းရည်၊ တွေးခေါ်မှု စွမ်းရည်၊ ကိုယ်လက်ကြံ့ခိုင် ဖွံ့ဖြိုးမှု စွမ်းရည် စတဲ့ စွမ်းရည်တွေ တခုမှ မပါလာတော့ ပါဘူး။ မိဘတွေကလည်း ကိုယ့်ကလေး ဘက်စုံစွမ်းရည် ဖွံ့ဖြိုးဖို့ လိုတယ်ဆိုတာ မသိမြင်မိကြတာလည်း တွေ့ရပါတယ်။
ပြီးတော့ “သမီး ကြီးရင် ဆရာဝန်မကြီး ဖြစ်အောင်လုပ်နော်” ဆိုတဲ့ စကားက အခုမှ ခေတ်စားတဲ့ စကား မဟုတ် ပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးလေးဆယ်လောက် ကတည်းက ကျမတို့ နိုင်ငံမှာ အင်မတန် ခေတ်စား ခဲ့တဲ့ စကားပါ။ ဆရာဝန်လိုင်း ၊ အင်ဂျင်နီယာလိုင်း ဆိုတာတွေကို ဆယ်တန်း ရမှတ် အလိုက် အနည်းအများ စခွဲကတည်းကိုက ခေတ်စား လာခဲ့တဲ့ စကားပါပဲ။
ဒီလိုင်းတွေက အမှတ်များဆုံး ရတဲ့သူတွေသာ တက်ခွင့်ရတာမို့ ဒီလိုင်းတွေကို ရတဲ့ သူတွေက လူတော်တွေလို့ ယေဘူယျ အားဖြင့် ခေါ်လို့ရပါတယ်။ တခြားဘာသာရပ်တွေ ဖြစ်တဲ့ ဝိဇ္ဇာ၊ သိပ္ပံဘာသာရပ်များ ကိုတော့ မိဘများက အားမပေးကြ သလို၊ ကျောင်းသားများ ကလည်း အမှတ်မီတဲ့ ဘာသာရပ်တွဲကိုသာ ယူလိုက်ရတာမို့လို့ ဘာသာရပ် အပေါ်မှာ အထင်ကြီးစိတ်နဲ့ စိတ်ဝင်စားစိတ် နည်းကြပါတယ်။
ကျမတို့ တိုင်းပြည်မှာက ငယ်စဉ် ကတည်းက ဝိဇ္ဇာဘာသာတွဲ၊ သိပ္ပံဘာသာတွဲ များကို ကလေးတို့ စိတ်ဝင်စား လာအောင်လို့ အခြေခံပညာ ကျောင်းများက သင်ကြား မပေးနိုင်ခဲ့ပါဘူး။ ဒါကျက် ဒါဖြေ ပညာရေး စနစ်အောက်မှာ ကလေးတို့ဟာ ကျက်ပြီးသာ ဖြေနေရတာမို့လို့ ဘာသာရပ်တွေ ကိုသင်ကြားတဲ့ အခါမှာ ကလေးတို့ ရင်ထဲက စူးစမ်းလို စိတ်၊ သိချင်စိတ်တွေကို ပညာရေးက နှိုးဆွ မပေးနိုင်ခဲ့ပါဘူး။
ဒါကြောင့်မို့လို့ ကျမတို့ နိုင်ငံမှာ သမီးကတော့ သမိုင်းဘာသာကို ဝါသနာပါတယ်။ သင်္ချာ ဝါသနာပါတယ် ။ သင်္ချာတို့ သမိုင်းတို့ ဝါသနာပါတာမို့လို့ ကြီးရင် ဒီဘာသာ တွဲတွေ အကြောင်းကို ခြေခြေမြစ်မြစ် သိအောင်လို့ ဆက်လေ့လာမယ် ဆိုတဲ့ စိတ်ကူးမျိုးကို ကျောင်းသား အများစု ဆီမှာ မရှိကြတာ များပါတယ်။
ဘာသာရပ် တခုခု ပေါ်မှာ ထူးထူးခြားခြား ဝါသနာပါတဲ့ ကလေးမျိုးတွေ ကျပြန်တော့လည်း မိသားစု အသိုင်းဝိုင်းရဲ့ အားမပေးမှု၊ တက္ကသိုလ် ကျောင်းများရဲ့ စာတွေ့၊ လက်တွေ့ ပြည့်စုံ လုံလောက်အောင် သင်မပေးနိုင်မှု၊ စာအုပ်စာတမ်း ရှားပါးမှုတို့ အောက်မှာ စိတ်ကူးတွေ၊ ရည်မှန်းချက်တွေ ပျောက်သွား ရပြန်ပါ တော့တယ်။ ဒီလိုနဲ့ပဲ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာ ရပ်များဟာ ဘွဲ့တဘွဲ့ မြန်မြန်ရအောင်လို့ တက်ရတဲ့ နာမည်တပ် ဘာသာရပ်များသာ ဖြစ်ပါတယ်။
ကျမတို့ ငယ်ငယ်တုန်း ကတော့ ကျမအပါဝင် ကျမရဲ့ သူငယ်ချင်းများ ဟာလည်း ဒါကျက်ဒါဖြေ အခြေခံပညာရေး နဲ့ပဲ ကြီးပြင်း ခဲ့ရတာမို့လို့ ကျောင်းသင်ခန်းစာ ဘာသာရပ်များပေါ်မှာ အခုခေတ်ကလေးများ လိုပဲ စိတ် မဝင်စားခဲ့ကြ ပါဘူး။ ဒါပေမယ့် တခြား အပြင်ဝါသနာများ ဖြစ်တဲ့ စာဖတ်တာ၊ ပုံဆွဲတာ၊ တူရိယာ တီးခတ်တာ၊ ဘောလုံးကန်တာ၊ စစ်တုရင်ထိုးတာ စတဲ့ အရာများကို စိတ်ဝင်တစားနဲ့ လုပ်ဖို့ ဝါသနာပါကြ ပါတယ်။
ဘာကြောင့်လဲ ဆိုတော့ ကျမတို့ ငယ်ငယ်တုံးက နည်းပညာလည်း သိပ်မထွန်းကား သေးတဲ့ အချိန်မို့လို့ ကစားစရာ အီလက်ထရောနစ် ဂိမ်းမျိုးစုံလည်း မပေါ်သေးပါဘူး။ ဒါ့အပြင် ကျူရှင်ဆိုတာလည်း အခုခေတ် ကလေးတွေလိုမျိုး ကျောင်းကျူရှင်၊ အပြင်ကျူရှင် စတာတွေကို အလုယက် တတ်နေရတာ မဟုတ်သလို၊ အစိုးရစစ် မဟုတ်တဲ့ ကျောင်းအတန်းတွေမှာ ကျူရှင်တတ်စရာ မလိုတာမို့လို့ ကျမတို့ မတတ်ခဲ့ ရပါဘူး။
ဒါကြောင့် ကျမတို့ဟာ အားလပ်တဲ့ အချိန်တွေမှာ ကိုယ် ဘာကို စိတ်ဝင်စားသလဲ၊ ဘာလုပ် ချင်သလဲ ဆိုတာကို ကိုယ့်ဘာသာကို ပြန်စူးစမ်းနိုင်တဲ့ အခွင့်ရေး ရခဲ့ပါတယ်။ စာအုပ်လေးတွေ ဖတ်ရင်းနဲ့ စာဖတ်ဝါသနာ ပါခဲ့ကြတယ်။ ပုံလေးတွေကို ဆွဲရင်းနဲ့ ပုံဆွဲဝါသနာ ပါခဲ့ကြတယ်။ စစ်တုရင် ထိုးရင်းနဲ့ စစ်တုရင် ဝါသနာ ပါခဲ့ကြတယ်။
ဒီဝါသနာများဟာ တကယ်တော့ တလွဲပညာရေးကြောင့် ညှိုးခြောက်နေတဲ့ ကလေးတို့ရဲ့ စိတ်သစ်ပင်ကို ရေအေးအေး အားဆေး လောင်းပေးလိုက်သလို ပါပဲ။ ကျမတို့ရဲ့ ကျက်ဖြေ ပညာရေး ကြီးကြောင့် တွေးခေါ်မှု ဉာဏ်ရည် နိမ့်ပါးစ ပြုလာတဲ့ ကျမတို့ရဲ့ ဦးနှောက်တွေကို ပြန်ရှင်သန် လာစေခဲ့ပါတယ်။ ကျမတို့ဟာ စာတွေ ဖတ်ရင်း၊ ပုံတွေ ဆွဲရင်း၊နဲ့ တွေးတတ်လာတယ်၊ စိတ်ကူးစိတ်သန်း နဲ့ တီထွင်မှု စွမ်းရည်တွေ ထက်မြတ်လာခဲ့ ပါတယ်။ မှန်တာနဲ့ မှားတာ၊ တရားတာနဲ့ မတရားတာ ကို သိမြင်လာခဲ့ကြ ပါတယ်။ ဘယ်လောက်ပဲ ပညာရေးက ကျမတို့ ဦးနှောက်တွေကို ဖျက်ဆီးခဲ့ ဖျက်စီးခဲ့၊ ကျမတို့ဟာ ကောင်းမွန်တဲ့ ဝါသနာ နဲ့ ကျမတို့ရဲ့ ဦးနှောက်ကို မပျက်စီးအောင်လို့ ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
အခု ဒီဘက်ခေတ်မှာတော့ ကလေးတို့ ဆော့ကစားစရာ အီလက်ထရောနစ် ဂိမ်းတွေ များစွာပေါ်လာ သလို၊ ကလေးများဟာ မူလတန်းအရွယ်လောက်မှာ ကတည်းကိုက ကျူရှင်ရယ်၊ကျောင်းရယ်၊ ကျုရှင်က ပေးတဲ့ အိမ်စာ၊ ကျောင်းကပေးတဲ့ အိမ်စာရယ် ဒါတွေနဲ့ပဲ အချိန်ကုန်ကြရ ပါတော့တယ်။ အပြင်စာဖတ်ဖို့၊ ဆေးရောင်စုံနဲ့ ပန်းချီတွေ ဆွဲဖို့ စတဲ့ အရာလေးတွေကို လုပ်ဖို့ အတွက် ကလေး တော်တော်များများမှာ ကိုယ်ပိုင် အားလပ်ချိန်ရယ်လို့ မရှိတော့ ပါဘူး။ ဒီလို ကလေးတွေ အတွက် အားလပ်ချိန် မရှိခြင်းရဲ့ အကျိုးဆက်က ကိုယ်တိုင် ဘာကို ဝါသနာပါမှန်း၊ ဘာကို လုပ်ချင်မှန်း မသိတော့တဲ့ အပြင် ဘယ်လို အရာကို စိတ်ဝင်စားသလဲ ဆိုတာ မသိတဲ့ လူကြီးများ ဖြစ်လာကြတော့ တာပါပဲ။
စာဖတ်ဖို့၊ တွေးတော စဉ်းစားဖို့၊ တီထွင် ဖန်တီးဖို့၊ ကိုယ်လက် အားကစားလှုပ်ရှားဖို့ ဝါသနာ မပါလာတဲ့ (ကလေးများ ဟာ ) တချိန်မှာ လူကြီးတွေ ဖြစ်လာကြတဲ့ အခါ သူတို့ ဟာ ဆရာဝန်ပဲ ဖြစ်လာဖြစ်လာ၊ အင်ဂျင်နီယာပဲ ဖြစ်လာ ဖြစ်လာ ၊ ကျောင်းဆရာပဲ ဖြစ်လာ ဖြစ်လာ သူ့ကိုယ်သူ အတွက်ရော၊ လူ့အဖွဲ့စည်း အတွက်ပါ အန္တရာယ် ရှိလာပါပြီ။
စာမဖတ်တဲ့၊ တွေးခေါ်ဝေဖန် မစဉ်းစားတတ်တဲ့၊ စိတ်ကျန်းမာရေး၊ ရုပ်ကျန်းမာရေး မပြည့်စုံတဲ့ ကျောင်းဆရာတွေ လက်ထဲ၊ ဆရာဝန်တွေ လက်ထဲ၊ အင်ဂျင်နီယာတွေ လက်ထဲမှာ အသက်များစွာ၊ ဘဝများစွာကို ပေးထားရတာမို့လို့ နောက်ထပ် နောက်ထပ် မျိုးဆက်များ အတွက်လည်း အန္တရာယ်ပါပဲ။
ဒီအန္တရာယ်ကြီးကို ကျမတို့ တားဆီးဖို့ လိုပါပြီ။ ကလေးတို့ကို ဆရာဝန် ဖြစ်အောင်လို့ စာတွေ အကျက်ခိုင်းတာ၊ အမှတ်တွေ အများကြီးရအောင်လို့ ကျောင်းစာကျက်၊ ကျူရှင်စာကျက်၊ ဂိုက်နဲ့ စာကျက် စတာတွေကို မအားလပ် အောင် လုပ်ခိုင်း နေကြတာတွေဟာ တကယ်တော့ ကလေးရဲ့ ဦးနှောက်တွေကို ဖျက်ဆီးပစ် နေတာပါပဲ။
ကလေး တယောက်ချင်းစီဟာ အနာဂတ်နိုင်ငံတော် အတွက် အင်မတန်မှ အရေးကြီးတဲ့ လူကြီးတွေ ဖြစ်ပါတယ်။ ဒါကြောင့် ဒါကျက်ဒါဖြေ စာမေးပွဲကြီး အတွက် ကလေးတို့ကို စာလည်း ကျက်ခိုင်းသလို၊ ကလေးတို့ရဲ့ ဦးနှောက် အတွက် အင်မတန် အရေးကြီးတဲ့ လေ့ကျင့်ခန်းများ ဖြစ်တဲ့ အပြင်စာ ဖတ်ခိုင်းတာ၊ တူရိယာ ပစ္စည်းတခုခုကို တီးမှုတ် နားထောင်တာ၊ ပုံဆွဲတာ၊ ရေကူးတာ၊ အားကစား လေ့ကျင့်တာ စတဲ့ အလုပ်များ ကိုလည်း ကလေးတို့ ဝါသနာလေး ပါလာဖို့ အတွက် အလေ့ကျင့်လေး ရအောင်လို့ လုပ်ခိုင်းပါဦး လို့ မိဘများကို အကြံပြုတိုက်တွန်းလိုက်ပါတယ်။ ။