ကချင် လွတ်လပ်ရေး တပ်မတော်(KIA) ဌာနချုပ် တည်ရှိရာ လိုင်ဇာမြို့အနီးသို့ လက်နက်ကြီး ကျရောက်ခဲ့မှုနှင့်ပတ်သက်ပြီး“တန်ပြန် သတိပေး ပစ်ခတ်မှု”ဟူသော အစိုးရစစ်တပ်၏ ထုတ်ပြန်ချက်သည် လုံး၀ မမှန်ကန်ကြောင်း KIA က ဧရာဝတီသို့ ပြောသည်။
လိုင်ဇာမြို့ အနီးသို့ နိုဝင်ဘာလ ၁၉ ရက်က လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲသဖြင့် KIA စစ်သင်တန်းသား ၂၃ ဦး သေ ဆုံး ခဲ့မှုသည်“တန်ပြန် သတိပေး ပစ်ခတ်ခြင်း ဖြစ်သည်”ဟု နိုဝင်ဘာလ ၂၀ ရက်တွင် အစိုးရ စစ်တပ်က သတင်း ထုတ်ပြန်ခဲ့သည်။
သို့သော် ကချင်လွတ်လပ်ရေး အဖွဲ့(KIO ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်ကမူ“လိုင်ဇာမြို့ အနောက်ဘက်မှာ ရှိတဲ့ ခါရာတောင်ကုန်းကနေ ၁၀၅(မမ) အမြောက်ကြီးနဲ့ သေချာ ချိန်ပစ်တာပါ။ အကွာအဝေးက ကီလိုမီတာ ၄၀ လောက် ရှိပါတယ်။ ကျနော်တို့က ဒီ ဗိုလ် သင်တန်း ကျောင်းကို တရုတ်နိုင်ငံ နယ်စပ်နားလေးမှာ ဆောက်ထားတာပါ။ ပစ်တာ လွဲတာနဲ့ တရုတ်ဘက်ကို ကျမှာပါ။ ဒါကြောင့် သတိပေး ပစ်ခတ်တာ လုံး၀ မဟုတ်ပါဘူး။ ချိန်ပြီးတော့ ပစ်တာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရ စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရခြင်းမှာ KIA အဖွဲ့သည် လက်အောက်ခံ တပ်များအား ထိန်းသိမ်း ကြပ်မတ်မှု မရှိဘဲ ဒေသတွင်း စစ်ရှိန် မြင့်မားစေသောလုပ်ရပ်များ တိုးမြှင့် လုပ်ဆောင်နေခြင်းကြောင့် ဖြစ်သည်ဟု ယနေ့ထုတ် အစိုးရပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ အမည်မဖော်လိုသူ အရာရှိကြီး တဦးကလည်း“ကျနော်တို့က အစအဆုံး လိုက် မပြောတာက မလိုအပ်ဘဲ ငြိမ်းချမ်းရေးကို မထိခိုက်စေချင်လို့ပါ။ ကျနော်တို့ ရည်ရွယ်ပြီး ပစ်တာ မဟုတ်ပါဘူး။ အမုန်းမရှိဘူး။ အကြောင်းမဲ့ မပစ်ဘူး။ ငြိမ်းချမ်းရေးကို သွေဖည်အောင် တပ်မတော်က လုပ်ဆောင်နေတာ မရှိဘူး”ဟု ပြောကြားသည်။
သို့သော် KIA ကမူ ၂၀၁၃ ခုနှစ်အတွင်း တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေး အဖွဲ့ (NCCT) ဖွဲ့စည်းပြီးနောက်ပိုင်း အစိုးရ စစ်ကြောင်းများကို လုံး၀ ချုံခိုတိုက်ခိုက်မှု မပြုလုပ်တော့ကြောင်း ပြောဆိုသကဲ့သို့ အစိုးရ စစ်တပ်ကလည်း KIA က ပုံမှန် လုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရ စစ်ကြောင်းများကို အမျိုးမျိုး နှောင့်ယှက် ပစ်ခတ်လျက်ရှိသည်ဟု ပြောဆိုသည်။
အစိုးရ စစ်တပ်၏ ယခုတကြိမ် ပစ်ခတ်မှုကြောင့် လက်ရှိ NCCT က ဆောင်ရွက်နေသော ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိခိုက်မှုရှိပြီး ပိုမို ဆိုးဝါးသော ဖြစ်ရပ်များ ထပ်မံ ပေါ်ပေါက်လာမည်ဆိုပါက ငြိမ်းချမ်းရေး လုံးဝပျက်ပျယ်သွားနိုင်ကြောင်း ဦးလနန်က ပြောသည်။
အစိုးရ စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့အထိ သေဆုံးသူ စစ်ဗိုလ်လောင်း သင်တန်းသားပေါင်း ၂၃ ဦး ရှိပြီး ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)မှ ၁၁ ဦး ၊ ရခိုင် အမျိုးသား တပ်မတော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသား တပ်ဦး(CNF)မှ ၂ ဦး ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF) မှ ၂ ဦး တို့ ဖြစ်ကြောင်း KIA က အတည်ပြုသည်။
ဒဏ်ရာရသူများလည်း ရှိပြီး ထိုဒဏ်ရာရရှိသူများတွင် KIA အရာရှိ တချို့ပါဝင်သည်ဟု သိရသည်။
ယခုကဲ့သို့ လက်နက်ကြီး မကျရောက်မီ နှစ်ဘက်တပ်များကြား စစ်ရေး တင်းမာမှုများ ရှိခဲ့ကြောင်း နှစ်ဘက်စလုံးက ပြောသည်။ နှစ် ဘက်စလုံးက တိုက်ပွဲထပ်မံ မဖြစ်ပွားစေရန် နှစ်ဘက်စလုံး၏ သက်ဆိုင်ရာ ဌာနများဆီသို့ အသိပေး အကြောင်းကြားမှုများ ပြုလုပ်ခဲ့ သည်ဟု ထုတ်ပြန်ကြသည်။
“ကျနော်တို့က ဒီရက်ပိုင်းမှာ အစိုးရတပ်တွေ နယ်ကျွံလာတာကို ထိန်းသိမ်းပေးဖို့ ကချင်ဒေသရဲ့ နယ်မြေလုံခြုံရေး တာဝန်ခံ ဗိုလ်မှူးကြီး သန်းအောင်ဆီကို ကျနော်တို့ဆီက ဗိုလ်မှူးကြီး ဇော်တောင်က လှမ်းအကြောင်းကြားခဲ့သေးတယ်”ဟု ဦးလနန်က ပြောသည်။
အစိုးရစစ်တပ်ကလည်း KIA အဖွဲ့များ လာရောက် ပစ်ခတ် နှောင့်ယှက်နေသဖြင့် KIO ပဋိပက္ခ ညှိနှိုင်းဖြေရှင်းရေး အဖွဲ့ သို့ အကြိမ်ကြိမ် အကြောင်းကြား သတိပေး ကန့်ကွက်မှုများ ဆောင်ရွက်ခဲ့ရသည်ဟု ထုတ်ပြန်သည်။
ဧရာဝတီ အကြီးတန်း သတင်းထောက် မေခ ပူးပေါင်း ရေးသားသည်။