ရဲတပ်ဖွဲ့၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ရသည့် ဟိုပုံးမြို့နယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ဒုဥက္ကဋ္ဌ ဦးစိုင်းရွှေ အမှုနှင့် ပတ်သက်ပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့က တစုံတရာအရေးယူ ဆောင်ရွက်ပေးခြင်းမရှိပါက လာမည့် ဒီဇင်ဘာလ အတွင်း ဆန္ဒထုတ်ဖော် သွားမည်ဖြစ်ကြောင်း သိရသည်။
“အစိုးရလည်း ဘာမှမလုပ်လာဘူး ဆိုရင်တော့ ဆန္ဒပြရမှာပေါ့။ ဒီလကုန်လောက် ဖြစ်မယ်။ အခု ရှမ်းပွဲရှိနေတော့ အဲဒီ နောက်ပိုင်း လောက်မှ ဖြစ်မှာပါ”ဟု ကျားဖြူပါတီဟုလည်း ခေါ်သည့် SNDP မှ ရှမ်းပြည်နယ်တောင်ပိုင်း တာဝန်ခံ ဦးစဝ်ယွန်းပိုင်က ပြောသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအို့ဝ် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ဟိုပုံးမြို့နယ်၊ မိုင်းပျဉ်း ကျေးရွာအုပ်စု၊ ဖာလဲကျေးရွာမှ သိမ်းဆည်းခံ လယ်မြေများ ပြန်လည်ရရှိရေး လုပ်ဆောင်နေသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ရပ်ကျေး ဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်း သည် ပြီးခဲ့သည့် ဇွန်လ ၄ ရက်က အမည်မသိ လက်နက်ကိုင်တချို့၏ သတ်ဖြတ်ခြင်း ခံခဲ့ရသည်။
ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့က ယင်းလူသတ်မှုနှင့် ပတ်သက်ပြီး တရွာတည်းနေသူ ကျားဖြူပါတီ ဒုဥက္ကဋ္ဌ ဦးစိုင်းရွှေကို ပြစ်မှုကျူးလွန် ခဲ့ သည်ဟု သံသယဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်က သွားရောက် ဖမ်းဆီးစဉ် ဦးစိုင်းရွှေက အဖမ်းမခံဘဲ ထွက်ပြေးသဖြင့် ပစ်ခတ် ဖမ်းဆီးရာမှ သေဆုံးခဲ့ရခြင်း ဖြစ်သည်။
ရွာလမ်းပြုပြင်ရန်နှင့် သန်းခေါင်စာရင်း ထုတ်ပေးရန် ငွေကောက်ခံမှု၊ ရွာအတွက် ချထားပေးသည့် ဆင်းကတ်များကို အလွဲသုံးစား လုပ်မှုတို့ဖြင့် ဦးစိုင်းရွှေကို ကျေးရွာသား ၃ ဦးနှင့်အတူ NLD ရပ်ကျေး ဒုဥက္ကဋ္ဌ ဦးစိုင်းစံထွန်းက အသတ်မခံရမီ ရက်ပိုင်းအတွင်း ဟိုပုံးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တိုင်တန်းခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့ထံ ကျားဖြူပါတီမှ တိုင်ကြားစာများ ပေးပို့ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၉ ရက်တွင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှ အမှုမှန် ပေါ်ပေါက်ရေးအတွက် ရှမ်းပြည်နယ် အစိုးရ အဖွဲ့ကို စုံစမ်းစစ်ဆေးပေးရန် ညွန်ကြားထားပြီး ကျားဖြူပါတီသို့လည်း အကြောင်းကြားစာပေးပို့ခဲ့သည်ဟု ပါတီဝင်များက ပြော သည်။
ကျားဖြူပါတီ လဲချားမြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းမောင်တင်က“ပစ်ခတ် ဖမ်းဆီးတယ် ဆိုတာထက် ပစ်သတ် တာဗျ။ တကယ်တန်းကြတော့ ပစ်မိန့် မရဘူး။ မပစ်ရဘူး။ သူ ဥပဒေ ကျူးလွန် ဖောက်ဖျက်တာ ဟုတ်မဟုတ်ကို တရားရုံးက ခုံရုံး တွေက စစ်မှ သိရမှာ၊ သူက တရားခံ မဟုတ်သေးဘူး။ ကူညီပါရစေ ဆိုတဲ့ အဖွဲ့အစည်းက သာမန် ဒေသခံတွေကို ဒီလို သတ်ဖြတ် တယ်ဆိုတာ လုံးဝ ဖြစ်သင့်တဲ့အရာမှ မဟုတ်တာ”ဟု ပြောဆိုသည်။
ထို့ကြောင့် ယခုအမှုအား အစိုးရက အရေးယူ ဆောင်ရွက်ခြင်း မရှိလျှင် ကျားဖြူပါတီက ဦးဆောင်ပြီး တောင်ကြီးမြို့၌ ဆန္ဒဖော် ထုတ် သွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။
အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှ စခန်းမှူးကို ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေကြား ခြင်း မရှိပေ။