ပြည်သူ့ လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုထားသည့် ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်များ၏ အသုံးစရိတ် တိုးမြှင့် ခံစားရမည့် ဥပဒေကြမ်းအရ ၂၀၁၅ ခုနှစ်တွင် လစာငွေ ကျပ် ၁၀ သိန်း ရရှိမည် ဖြစ်ကြောင်း သတင်းရရှိသည်။
“၂၀၁၅ ဘတ်ဂျက် ကုန်မှစမှာပါ။ ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့ ဘတ်ဂျက် ဥပဒေထဲမှာ ထည့်သွင်း ရေးဆွဲပြီး အတည်ဖြစ်မှ ရမှာပါ။ ငွေပေးခွွင့် ရှိတာက ပြည်ထောင်စု အစိုးရပါ”ဟု ပြည်သူ့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အတွင်းရေးမှူး ဦးစောလှထွန်းက ဧရာဝတီ သို့ ပြောသည်။
ပြည်သူ့လွှတ်တော်၊ အမျိုးသား လွှတ်တော်၊ တိုင်းဒေသကြီး (သို့) ပြည်နယ် လွှတ်တော်ကိုယ် စားလှယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း(သို့) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီး အဖွဲ့ဝင်များ၏ ချီးမြှင့်ငွေနှင့် စရိတ်များဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း ကို နိုဝင်ဘာ ၁၈ ရက်က ကျင်းပသည့် ပြည်သူ့ လွှတ်တော် ပုံမှန်အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များက အတည်ပြုခဲ့ကြခြင်း ဖြစ်သည်။
အတည်ပြုလိုက်သည့် ဥပဒေကြမ်းအရ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ချီးမြှင့်ထောက်ပံ့ငွေ ကျပ် ၁၀ သိန်းနှင့် လွှတ်တော် အစည်းအဝေးရှိပါက တရက်လျှင် ကျပ် ၂၀၀၀၀ ရရှိမည်ဖြစ်ပြီး ကိုယ်စားလှယ် တဦးလျှင် စုစုပေါင်း ကျပ် ၁၆သိန်း အထိ ခံစားခွင့် ရရှိနိုင်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်ကလည်း“အခု ရနေတာက ပွင့်ပွင့်လင်းလင်း ပြောရရင် မလောက်ဘူး။ အိမ် က ပြန်ယူနေရတယ်။ ဒေသ ကွင်းဆင်းတာတို့၊ လွှတ်တော် အကြောင်းဒေသကို ရှင်းပြရတာက ကိုယ့်စရိတ်နဲ့ ကိုယ်ဖြစ်တော့ မလောက်ဘူး’’ဟု ပြောသည်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များ၏ အသုံးစရိတ် တိုးမြှင်ခံစားငွေ ဥပဒေကြမ်းကို လက်ရှိတွင် အမျိုးသားလွှတ်တော်သို့ ပေးပို့ထားပြီး ယင်းဥပဒေကြမ်းကို ဆွေးနွေးလိုသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အမည်စာရင်း ပေးသွင်းနိုင်ပြီ ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ဧရာဝတီသို့ ပြောသည်။
“ဒီဥပဒေကြမ်းကို ဆွေးနွေးဖို့ အမည်စာရင်း တောင်းနေပြီ။ ရှေ့တပတ် လာမယ့် လွှတ်တော်မှာ ဒီဥပဒေကြမ်းကို ဆွေးနွေးမယ်။ လွှတ်တော်နှစ်ရပ်က အတည်ပြုပြီးရင် သမ္မတ လက်မှတ်ထိုးမယ်။ ဒါကိုသမ္မတက သဘောမတူရင်တော့ လွှတ်တော်မှာပြန် ဆွေးနွေးရမှာပေါ့ ’ဟုလည်း ဦးဖုန်းမြင့်အောင်က ဆိုသည်။
ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်များက မိမိတို့၏ လစာ အသုံးစရိတ်များကို ၎င်းတို့ ကိုယ်တိုင် တိုးမြှင့် အတည်ပြုလိုက် သည့်အတွက် ကန့်ကွက်ပြောဆိုမှုများ ရှိလာသည့်အပေါ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောလှထွန်းက“ကိုယ့်အတွက်ချည်း မဟုတ်ပါဘူး။ ဝန်ထမ်းလစာ၊ အလုပ်သမား အနည်းဆုံးလုပ်ခ၊ တောင်သူ အခွင့်အရေးတွေလည်း ပါပါတယ်’’ဟု ပြောဆိုသည်။
လက်ရှိတွင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် တဦးအနေဖြင့် ချီးမြှင့်ထောက်ပံ့ငွေ ကျပ် ၃ သိန်း နှင့် လွှတ်တော်စရိတ် တရက် လျှင် ၁ သောင်း ရရှိနေပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်များမှာ ချီးမြှင့်ထောက်ပံံ့ငွေ ကျပ် ၂ သိန်း နှင့် လွှတ်တော် စရိတ် တရက်လျှင် ကျပ် ၈ ထောင် ရရှိနေသည်။
“ဒီဥပဒေကြမ်းက ပြည်နယ်နဲ့ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်တွေ အတွက်လည်း အကျုံးဝင်တယ်။ လက်ရှိမှာတော့ လွှတ်တော် ဥက္ကဋ္ဌ တွေနဲ့ ကိုယ်စားလှယ်တွေရဲ့ ခံစားခွင့်က တအား ကွာနေတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးသိန်းက ပြောသည်။
လွှတ်တော် လေ့လာစောင့်ကြည့်ရေး အဖွဲ့တခုဖြစ်သည့် ပွင့်လင်း မြန်မာရှေ့ဆောင်(OMI) ၏ အစီရင်ခံစာ တခုအရ လွှတ်တော် သက်တမ်းအတွင်း မေးခွန်းနှင့် အဆို တင်ပြမေးမြန်းခြင်း မရှိသေးသည့် လွှတ်တော် ကိုယ်စားလှယ်ပေါင်း ၃၀၀ ကျော် ရှိကြောင်း ထုတ်ပြန်ထားသည်။