မလေးရှားနိုင်ငံ အတွင်း တရားမဝင် နေထိုင်ကြသည့် ပြည်ပနိုင်ငံသားများကို စီမံချက် အသစ်ဖြင့် အင်အားသုံး ဖမ်းဆီးမှုများ ဒီဇင်ဘာ လဆန်းပိုင်းတွင် လုပ်ဆောင်မည် ဖြစ်၍ အထောက်အထားမဲ့ မြန်မာနိုင်ငံသားများ စိုးရိမ်နေကြကြောင်း သိရသည်။
မြန်မာ အလုပ်သမား တဦးဖြစ်သူ ကိုအောင်အောင်က “အခု နည်းနည်းစီ စတင် စစ်ဆေး ဖမ်းဆီးနေပါပြီ၊ မလေးမှာ ရာဇဝတ် မှုတွေ အရမ်းများလာတော့ ဖမ်းဆီးမှုတွေ များလာတယ်၊ အထူးသဖြင့် ညဘက် လူတွေအိပ်တဲ့ အချိန်တွေမှာ လာစစ်ဆေး တာတွေ ရှိနေတယ်၊ မြန်မာနိုင်ငံသားတွေ ဆိုရင် ပိုစစ်ဆေးတယ်”ဟု ပြောပြသည်။
မလေးရှား နိုင်ငံရှိ တရားမဝင် နိုင်ငံခြားသားများ ဖမ်းဆီးဆောင်ရွက်မှု (အော်ပရာစီ စစ်ဆင်ရေး)ကို မကြာခဏ လုပ်ဆောင်ပြီး ထိန်းသိမ်းရေး စခန်းများ၌ ထားလေ့ရှိသော်လည်း၊ ယခုအကြိမ်တွင် ဖမ်းဆီးမိသူများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည် ပို့ဆောင်ရန် မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဌာနတို့က ပူးပေါင်း ဆောင်ရွက်နေသည်ဟု သိရ သည်။
တရားမဝင် လာရောက် လုပ်ကိုင်နေသူများကို သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်နိုင်ရန် ဒီဇင်ဘာလ ၃၁ ရက်အထိ လမ်းကြောင်း များကို ဖွင့်ပေးထားကြောင်းလည်း မလေးရှားရောက် မြန်မာများက ဧရာဝတီကို ပြောသည်။
မလေးရှားနိုင်ငံ လူဝင်မှု ကြီးကြပ်ရေး ဌာန၏ ညွှန်ချုပ်အသစ် ပြောင်းလဲခဲ့ပြီးနောက် တရားမဝင် အလုပ်သမားများအား ဖမ်း ဆီး ပြန်ပို့မည့် သတင်းကို မလေးရှား သတင်းစာများ၌ ပြီးခဲ့သည့် သီတင်းပတ်အတွင်း တရားဝင် ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ ထို့အတူ မလေးရှားနိုင်ငံ ပြည်ထဲရေး ဝန်ကြီးဌာန၌လည်း ညွှန်ချုပ် အသစ်များ ပြောင်းလဲ ခန့်အပ်၍ တရားမဝင် အလုပ်သမား ပြဿနာများကို စနစ်တကျ ကိုင်တွယ်ရန် မလေးရှား အစိုးရက ဆောင်ရွက်နေကြောင်း ကပုန်း နာရေး ကူညီမှုအသင်း ဥက္ကဌ ဦးဆန်းဝင်းက ပြောဆိုသည်။
“တရားမဝင်သူတွေကို ဖမ်းပြီး ထောင်ထဲပို့ဖို့အတွက် ထောင်တချို့ကိုအဆင်သင့် တိုးချဲ့လုပ်ဆောင်နေတာတွေ တွေ့ရတယ်၊ ဖမ်းဆီးမိတဲ့ သူတွေကိုလည်း ဒီတကြိမ်မှာတော့ ထောင်ထဲမှာ အကြာကြီး မထားတော့ဘူးလို့ ပြောတယ်၊ ကုန်ကျ စရိတ်တွေ အရမ်းများတဲ့ အတွက် ဖမ်းမိသူတွေကို သက်ဆိုင်ရာ နိုင်ငံတွေ ပြန်ပို့မယ်လို့ ကြေညာထားတယ်”ဟုလည်း ၎င်းက ဆိုသည်။
တရားမဝင် နေထိုင်သည့် မြန်မာအလုပ်သမားများသည် ဖမ်းဆီးထောင်ချ ခံရမည်ကို စိုးရိမ်ပြီး မိမိနိုင်ငံသို့ ပြန်လိုကြသော် လည်း အထောက်အထား လက်မှတ်မရှိ၍ အခက်ကြုံနေရကြောင်း၊ အကယ်၍ အထောက်အထား လက်မှတ် သို့မဟုတ် ပတ်စ်ပို့ စာအုပ်ရှိပြီး သက်တမ်းကျော်နေပါက မလေး လူဝင်မှု ကြီးကြပ်ရေး ဌာနထံ ဒဏ်ကြေးအဖြစ် မလေး ရင်းဂစ်ငွေ ၄၀၀ ပေးသွင်း၍ ထောက်ခံချက် ရယူကာ သက်ဆိုင်ရာ နိုင်ငံသို့ ပြန်နိုင်ကြောင်း သိရသည်။
“အလုပ်သမား ဝန်ကြီး ဦးအေးမြင့် မလေးရောက်လာပြီး နောက်ပိုင်းမှာ ပတ်စ်ပို့စာအုပ် ထုတ်ပေးထားတဲ့သူ ၄၀၀၀၀ လောက် ရှိတယ်၊ ဒါပေမယ့် ပါမစ်မရှိတော့ စာအုပ်ကအသုံးမဝင်ဘူး ဖြစ်နေတယ်၊ ပါမစ်လုပ်ပေးမယ် ပြောပေမယ့် ၆ လ လောက် ရှိနေ ပြီ၊ အခုချိန်ထိ မရကြသေးဘူး”ဟု ဦးဆန်းဝင်းက ပြောသည်။
ပတ်စ်ပို့ ရှိသူများအား ပါမစ်လုပ်ပေးမည်ဟု အလုပ်သမား ဝန်ကြီးဌာနနှင့် ညှိနှိုင်းထားသည့် ကုမ္ပဏီတချို့က သဘောတူထား သော်လည်း ယနေ့အထိ အကောင်အထည်ဖော်ပေးမှု မရှိသေးကြောင်း၊ ထိုကုမ္ပဏီများထံ ပြောဆိုသော်လည်း အလေးထားမှု မရှိကြောင်း သိရသည်။
ကွာလာလမ်ပူရှိ မြန်မာသံရုံးမှ အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ပါမစ်မရှိသေးသူများအား နောက်ပိုင်းတွင် ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းစဉ်အလိုက် ဆောင်ရွက်နေခြင်းဖြစ်၍ ပါမစ်ကိစ္စ မဆောင်ရွက်သေးခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ အနေဖြင့် မိမိနိုင်ငံ ပြန်လိုသူများကို သံရုံးက ကူညီပေးနေကြောင်း ဧရာဝတီကို ပြောသည်။
“အလုပ်သမားတွေ အနေနဲ့ ဘာအခက်အခဲမှ မရှိပါဘူး၊ မြန်မာနိုင်ငံသား မှန်ရင်၊ မြန်မာပြည်ကို ပြန်ချင်တယ်ဆိုရင် မှတ်ပုံတင် ပါရင် နေ့ချင်းပြီး ဆောင်ရွက်ပေးပါတယ်၊ ဘာပိုက်ဆံမှ ပေးစရာ မလိုပါဘူး”ဟု ၎င်းက ဆိုသည်။
လိုအပ်သည့် စာရွက် စာတမ်းများနှင့်အတူ သံရုံးသို့ လာရောက်လျှောက်ထားပါက မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက် အထား လက်မှတ် ထုတ်ပေးမည် ဖြစ်ကြောင်း၊ ထိုလက်မှတ် ရရှိပါက မလေး လဝက ထံ ရင်းဂစ် ၄၀၀ ပေးသွင်းပြီး မိမိစရိတ်ဖြင့် လေယာဉ် လက်မှတ်ဝယ်၍ မြန်မာနိုင်ငံသို့ ပြန်နိုင်ကြောင်း အလုပ်သမား သံအရာရှိ ဦးမင်းမင်းဝင်းက ဆက်ပြောသည်။
မြန်မာနိုင်ငံသား ဖြစ်ကြောင်း သံရုံးတွင် ထောက်ခံချက် လျှောက်ထားမည် ဆိုပါက မှတ်ပုံတင် မူရင်း၊ သက်ဆိုင်ရာ ရပ်ကွက် အာဏာပိုင်၏ ထောက်ခံချက်၊ အိမ်ထောင်စု စာရင်းတို့ လိုအပ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်ထားသည်ဟု ဆိုသည်။
မလေးထောင်များ၌ ယခင်က ဖမ်းဆီးခံထားရသူ မြန်မာ ၃၀၀၀ ဝန်းကျင် ရှိကြောင်း၊ ၎င်းတို့အား မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံချက် ပေးရန် နေပြည်တော်ရှိ သက်ဆိုင်ရာ အာဏာပိုင်များထံ တင်ပြထားသော်လည်း အချိန် ၆ လ ကျော်သည် အထိ အကြောင်းမပြန်သေးကြောင်း သိရသည်။
ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအနက် တချို့သည် ကြိမ်ဒဏ် ပေးခံထားရကြောင်း၊ ယခုလဆန်းပိုင်းမှ စ၍ ညဘက် တွင် ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ မလေးအစိုးရ၏ စစ်ဆင်ရေး ဖမ်းဆီးမည့်ကိစ္စကို အကြောင်းပြု၍ မလေးရှားရဲများက အဓမ္မ စစ်ဆေးဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ရှိသည့်ငွေများကို သိမ်းယူသွားကြကြောင်း၊ ယခု နောက်ပိုင်းတွင် ရဲ အတုများလည်း ပေါ်ပေါက်နေကြောင်း မလေးရောက် မြန်မာများက ပြောဆိုကြသည်။
မလေးရှားနိုင်ငံ၌ တရားဝင် မြန်မာနိုင်ငံသား ၁ သိန်း ၅ သောင်းဝန်းကျင် ရှိပြီး တရားမဝင် အလုပ်သမားမှာ သိန်းချီရှိကြောင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တရုတ်၊ ဗီယက်နမ်၊ ပါကစ္စတန်၊ နိုင်ဂျီးရီးယား စသည့် နိုင်ငံသားများလည်း ရှိကြောင်း သိရသည်။