ဧရာဝတီတိုင်း ဒေသကြီး ငပုတောမြို့နယ် အတွင်းရှိ ကျောက်ထုတ် လုပ်ငန်းများအား သက်ဆိုင်ရာ အုပ်ချုပ်ရေး တာဝန်ရှိသူများက တရားဝင် ထုတ်လုပ်ခွင့်ပြုပြီး နောက်ပိုင်း လူနေအိမ်များ ပျက်စီးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု ပိုမိုဆိုးဝါးလာသည်ဟု ဒေသ ခံများက ပြောသည်။
“ဂျာနယ်တွေမှာ ကျောက်ထုတ်လို့ အိမ်တွေပျက်စီးတဲ့ သတင်းတွေ ပါလာတော့ ၁၀ ရက်လောက်တော့ ကျောက်ထုတ်တာတွေ ရပ် သွားတယ်။ နောက်တော့ မြို့တက်ပြီး တရားဝင်လိုင်စင် လုပ်ကြတယ် ပြောကြတယ်။ အဲဒီနောက်ပိုင်း ကျောက်ထုတ်တဲ့ စက်တွေ လည်နေတာ အခုချိန် အထိပဲ။ တရားဝင်ပြီး နောက်ပိုင်း အခြေအနေတွေ ပိုဆိုးလာတယ်”ဟု ငပုတောမြို့နယ် ခရင်ဝါးချောင်းအုပ်စု သဲချောင်း ကျေးရွာ ဒေသခံဖြစ်သူ ဦးသန်းရှိန်က ဧရာဝတီကို ပြောသည်။
ခရင်ဝါးချောင်းအုပ်စု အတွင်းရှိ သဲချောင်း၊ မှော်ဘီနှင့် ဂျမ်းကပ်ကျေးရွာများတွင် ကျောက်ထုတ် လုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်း ရှင် အများစုမှာ ယခင်က တရားဝင် လိုင်စင်မရှိဘဲ ထုတ်လုပ်ရာတွင် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု ရှိလာသဖြင့် ၂၀၁၄ ခုနှစ်စ ပိုင်း ၌ သတင်းမီဒီယာများက သတင်းဖော်ထုတ် ရေးသားပြီးနောက်ပိုင်း တရားဝင်လိုင်စင်များ ပြုလုပ်လာ၍ ဆက်လက် လုပ်ကိုင် လာကြပြီး လုပ်ငန်း လုပ်ကိုင်သူများလည်း ပိုများလာသောကြောင့် သဘာ၀ ပတ်ဝန်းကျင် ပျက်စီးမှုမှာ ယခင်ကထက် ပိုမိုဆိုးဝါးလာ သည်ဟု ဒေသခံများက ပြောဆိုသည်။
ထိုသို့ တရားဝင် လုပ်ကိုင်ခွင့် ရပြီးနောက်ပိုင်း ကျောက်ထုတ် လုပ်ငန်းခွင်များမှ စွန့်ပစ်သည့် ရွှံ့နှင့်သဲ ရောနေသည့် မြေကြီးများကြောင့် နေအိမ်များ၊ လယ်ယာမြေများ ပျက်စီးမှု ပိုမိုတိုးပွားလာကြောင်း၊ အများပြည်သူ သောက်သုံးသည့် ရေတွင်း ၅ တွင်းမှာလည်း သဲဖုံး၍ ပျက်စီးခဲ့ရကြောင်း သဲချောင်း ကျေးရွာ ဒေသခံများက ပြောသည်။
“ရေတွင်းတွေ သဲဖုံးလို့ ပျက်ကုန်ပြီ။ ရေတွင်းတွေ မြုပ်ကုန်တော့ ဝေးတဲ့နေရာက တွင်းတွေဆီကနေ သွားခပ်ပြီး သုံးနေရတယ်။ လိုင်စင် မရှိတုန်းက အိမ်အလုံး ၃၀ ကျော်ပဲ ဒုက္ခရောက်တာ။ လိုင်စင်လုပ်ပြီး တရားဝင်ဖြစ်လာပြီး နောက်ပိုင်း သဲဖုံးလို့ ဒုက္ခရောက် တဲ့အိမ် အလုံး ၅၀ ကျော်လောက် ဖြစ်လာတယ်။ ၁ နှစ်လောက် အတွင်းမှာပဲ ပတ်ဝန်းကျင် ပျက်စီးမှုက တော်တော် ဆိုးဝါးလာ တယ်”ဟု နေအိမ်ပျက်စီးမှု ကြုံတွေ့နေရသူ သဲချောင်းကျေးရွာ ဒေသခံ ဦးအုန်းမြင့်က ပြောပြသည်။
ကျောက်ထုတ် လုပ်ငန်းရှင်များကို ငပုတောမြို့နယ် အုပ်ချုပ်ရေးဌာနနှင့် သစ်တောဌာနတို့က တရားဝင် လိုင်စင် ခွင့်ပြုပြီးနောက် လုပ်ကိုင်လာသည့် လုပ်ငန်းရှင် စုစုပေါင်း ၁၀ ဦးအထိ ရှိလာကြောင်း ငပုတောမြို့နယ် အုပ်ချုပ်ရေး ဌာနမှ အကြီးတန်း အရာရှိ တဦးက ဧရာဝတီကို ပြောသည်။
“ခွင့်ပြုပေးထာတာက စုစုပေါင်း လုပ်ငန်း ၁၀ ခုလောက် ရှိပါတယ်။ အခုလို ပျက်စီးမှုတွေ ဖြစ်နေတယ်လို့ အောက်ခြေက တင်ပြ လာ တာ မရှိသေးဘူး။ ဒီကိစ္စကို ကျနော်တို့ မေးမြန်း စုံစမ်းသွားပါမယ်”ဟု ၎င်းက ပြောဆိုသည်။
အဆောက်အအုံများ တည်ဆောက်ရာ၌ အသုံးပြုသည့် ကျောက်စရစ်များကို ခရင်ဝါးချောင်း ကျေးရွာအုပ်စု အတွင်းရှိ မြေဧက ၁၀၀ ကျော်ပေါ်တွင် လုပ်ငန်းရှင်များက စက်ယန္တရားများဖြင့် ထုတ်လုပ်နေခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်ထုတ်လုပ်ရာတွင် တောင်နံရံများအား ရေပိုက် အပြင်းစားဖြင့် (နော်ဇယ်ပိုက်) ထိုး၍ ပြိုကျလာသည့် ရေများအား ကန်သဖွယ် ပြုလုပ်၍ ရေစုပ်စက်ဖြင့် စုပ်တင်သည်။
သဲ၊ ရွှံ့နှင့် ကျောက်စရစ်ပါသည့် ရေများကို ဆန်ခါနှင့် စစ်ခံ၍ ကျောက်စရစ်များအား အကြီး၊အသေး ခွဲခြားရယူပြီးနောက် သဲနှင့်ရွှံ့ပါသည့် ရေများကို ကျောက်ထုတ် စခန်းများက အဆင်ပြေသလို စွန့်ထုတ်လိုက်ကြရာမှ ယင်းရေများက ပတ်ဝန်းကျင်ကို ပျက်စီးစေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။
ငပုတောမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအေးကြည်က “ကျောက်ထုတ်တာက ထုတ်တာပေါ့။ သူတို့ လုပ်ငန်း တွေကြောင့် ဒေသခံတွေရဲ့ အိမ်တွေ ပျက်စီးရတယ်ဆိုရင် အဲဒီ လုပ်ငန်းရှင်တွေကပဲ ဒီအိမ်တွေ ပြန်လည်တည်ဆောက်ရေး တာဝန် ယူပေးသင့်တယ်။ ရွာကလူတွေက ဆင်းရဲကြတော့ အိမ်တခါဆောက်ဖို့ဆိုတာ သူတို့အတွက် မလွယ်ဘူးလေ။ အုပ်ချုပ်ရေးပိုင်း က တော့ လူနေအိမ်တွေ မထိခိုက်ဖို့နဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးဖို့ကို ကြပ်မတ် ဆောင်ရွက်ပေးသင့်တယ်”ဟု ပြောသည်။
မြေစာစွန့်ပစ်မှုကြောင့် မှော်ဘီကျေးရွာအနီး စီးဆင်းနေသည့် မှော်ဘီချောင်း တိမ်ကော ပျက်စီးသွားခြင်း၊ ဥယျာဉ်ခြံမြေများ ထိခိုက်ပျက်စီးခြင်းများကြောင့် ရေလုပ်သားများနှင့် ဥယျာဉ်ခြံ စိုက်ပျိုးသူများမှာလည်း ယခုအခါ ကျောက်ထုတ်လုပ်ငန်းများ၌ပင် နေ့စား လုပ် သားအဖြစ် ဝင်ရောက် လုပ်ကိုင်နေကြရကြောင်း ဒေသခံများက ပြောဆိုကြသည်။
“မှော်ဘီချောင်းဆိုရင် အရှည် ၂ မိုင်လောက် အထိ မြေစာပုံကြီး ဖြစ်သွားပြီ။ အဲဒီတော့ ရေလုပ်သားတွေက အလုပ်မရှိတော့ ကျောက် ထုတ် စခန်းမှာပဲ နေ့စားလုပ်သားအဖြစ် ပြန်ဝင်လုပ်နေကြတယ်။ ဥယျာဉ်ခြံ သမားတွေလည်း အတူတူပါပဲ။ ခြံစိုက်စားလို့ မရ တော့ ကျောက်ထုတ်သမားပဲ ဝင်လုပ်နေကြတယ်”ဟု ဂျမ်းကပ် ကျေးရွာ ဒေသခံ ဦးရွှေကြူက ပြောသည်။
ကျောက်ထုတ်လုပ်ငန်းများကို ငပုတောမြို့နယ်သာမက သာပေါင်းမြို့နယ် ကြက်သွန်ကွင်း၊ နံနံပင်ကုန်း၊ ရေသိုး၊ တောင်သုံးလုံးနှင့် ဝါးနက်ချောင်း ကျေးရွာများ၌လည်း ထုတ်လုပ်မှုများ ရှိနေပြီး ငပုတော ဒေသကဲ့သို့ပင် သစ်တောများ ပြုန်းတီးခြင်း၊ ချောင်းမြောင်းများ တိမ်ကောခြင်း၊ မြေပြိုခြင်းနှင့် လယ်ယာမြေများ ပျက်စီးခြင်းတို့ကို ကြုံတွေ့နေရကြောင်း ဒေသခံများက ပြောဆိုသည်။