အယ်လ်ဘေးနီးယား၊ ဘယ်လာရုစ်၊ ကာဇက်စတန်၊ ကာဂျီစတန်၊ မိုလ်ဒိုဗာ၊ ပိုလန်၊ စလိုဗက်ကီးယားနဲ့ ယူကရိန်းနိုင်ငံတွေ အားလုံးမှာ အပြောင်းအလဲတွေ လုပ်ထားကြပါတယ်။ အယ်လ်ဘေးနီးယား နိုင်ငံကတော့ သူ့ရဲ့ကွန်မြူနစ်ခေတ်လွန် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ၁၉၉၁ ခုနှစ် မေလမှာ ပြဌာန်းကျင့်သုံးခဲ့ပြီး ၁၉၉၈ ခုနှစ် အောက်တိုဘာမှာတော့ ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။ ဥပဒေပြုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေက အခြေခံဥပဒေအသစ်နဲ့ အဟောင်းမှာပါ အနှစ်သာရအားဖြင့် အတူတူပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် နောက်ပိုင်း ပြန်လည် ရေးဆွဲထားတဲ့ မူမှာတော့ လုပ်ပိုင်ခွင့် အာဏာတွေကို ရှင်းရှင်းလင်းလင်း ရေးဆွဲဖော်ပြထားပါတယ်။ ဘယ်လာရုစ် နိုင်ငံကလည်း သူ့ရဲ့ အခြေခံဥပဒေကို ၁၉၉၆ ခုနှစ် နိုဝင်ဘာလမှာ ပြင်ဆင်ခဲ့ပြီး နဂိုတည်းက များပြားကျယ်ပြန့်ပြီးသား သမ္မတလုပ်ပိုင်ခွင့်တွေကို ထပ်မံ တိုးချဲ့ပေးလိုက်ပါတယ်။
ကာဇက်စတန်နဲ့ ကာဂျီစတန်တို့ကလည်း ၁၉၉၅ သြဂုတ်လနဲ့ ၁၉၉၆ ခုနှစ်ဖေဖော်ဝါရီလမှာ အခြေခံဥပဒေ ပြင်ဆင်ချက်တွေကို အသီးသီး အတည်ပြုခဲ့ပြီး သမ္မတရဲ့ အခန်းကဏ္ဍကို အားဖြည့်ပေးခဲ့ပါတယ်။ မိုလ်ဒိုဗာ နိုင်ငံကတော့ သမ္မတ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ အာဏာကို ၂၀၀၁ ခုနှစ်မှာ လွှတ်တော်ကို ပေးခဲ့ပါတယ်။ ပိုလန်မှာတော့ ၁၉၉၇ ခုနှစ် မေလအထိ အခြေခံဥပေဒ မရှိခဲ့သေးဘဲ ၁၉၉၂ ခုနှစ်နဲ့ ၁၉၉၇ ခုနှစ်ကြား ကာလကို အခြေခံဥပဒေငယ် (Little Constitution) နဲ့ အုပ်ချုပ်ခဲ့ပါတယ်။ အခြေခံဥပဒေငယ်ဆိုတာ ၁၉၉၇ ခုနှစ်မှာ တရားဝင် အတည်ပြု ပြဌာန်းလိုက်တဲ့ အခြေခံဥပဒေအတွက် ပုံစံအကြမ်းပဲ ဖြစ်ပါတယ်။ စလိုဗက်ကီးယားမှာတော့ သမ္မတကို လွှတ်တော်က ရွေးကောက် တင်မြှောက်ရတဲ့ စနစ်ကနေ တိုက်ရိုက်ရွေးကောက် တင်မြှောက်ရတဲ့စနစ်ကို ၁၉၉၉ ခုနှစ်မှာ ပြောင်းလဲခဲ့ပါတယ်။ ယူကရိန်းကတော့ ဥပဒေပြုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်အာဏာတွေ ခိုင်မာတောင့်တင်းစေမယ့် အပြောင်းအလဲတချို့ကို ၂၀၀၅ ခုနှစ်မှာ စတင်ခဲ့ပါတယ်။ စာမျက်နှာ ၁၁ ဇယားထဲက ရမှတ်တွေကတော့ သက်ဆိုင်ရာ နိုင်ငံတွေမှာ ကွန်မြူနစ်ခေတ်လွန် အခြေခံဥပဒေအရ ပေါ်ပေါက်လာတဲ့ လွှတ်တော် လုပ်ပိုင်ခွင့် အာဏာတွေကို ရောင်ပြန်ဟပ် ဖော်ပြနေပါတယ်။ အပေါ်မှာ ဖော်ပြခဲ့တဲ့ ပြောင်းလဲမှုတွေမလုပ်ခင် ရှိနေခဲ့တဲ့ လုပ်ပိုင်ခွင့် အာဏာတွေလည်း ဖြစ်ပါတယ်။
ဥပဒေပြုလွှတ်တော်များ၊ ဒီမိုကရေစီ ဖော်ဆောင်ရေး ပုံသဏ္ဍန်များ
ကိန်းဂဏန်တွေကို အသုံးပြု လေ့လာတာက ပါလီမန်လုပ်ပိုင်ခွင့် အာဏာတွေနဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးကြား ဆက်နွယ် ပတ်သက်မှုတွေကို ပိုကောင်းကောင်း နားလည်လာစေပါတယ်။ ဒီမိုကရေစီ ဖော်ဆောင်ရေးကို တိုင်းတာနိုင်ဖို့ ကျနော်တို့က ကမ္ဘာ့နိုင်ငံ အသီးသီးတွေရဲ့ လွတ်လပ်မှုကို ဖရီးဒမ်းဟောက်စ် အဖွဲ့ကြီးက တိုင်းတာထားတဲ့ ကိန်းဂဏန်းတွေ (ဖရီးဒမ်းဟောက်စ် ရမှတ်) ကို အသုံးပြုပါတယ်။ အဆိုပါ ရမှတ်တွေက နိုင်ငံသား အခွင့်အရေးတွေနဲ့ အရပ်ဖက် လွတ်လပ်မှုတွေကို ယေဘုယျ ကိုယ်စားပြုပါတယ်။ လေ့လာဆန်းစစ်မှု လုပ်ဆောင်ထားတဲ့ နောက်ဆုံး ၃ နှစ် (၂၀၀၃၊ ၂၀၀၄ နဲ့ ၂၀၀၅ ခုနှစ်တွေ) ကနေ ပျှမ်းမျှ တွက်ယူလိုက်တဲ့ ကိန်းဂဏန်းတွေကို သုံးထားတာလည်း ဖြစ်ပါတယ်။ ဖရီးဒမ်းဟောက်စ် နည်းစနစ်တွေအရ အမှတ် ၁ ပေးထားရင် အဲဒီတိုင်းပြည်မှာ အလွတ်လပ်ဆုံးဖြစ်ပြီး ၇ ကတော့ လွတ်လပ်မှုတွေ အကင်းမဲ့ဆုံး ဖြစ်နေတဲ့ အနေအထားကို ရည်ညွှန်းပါတယ်။
ပုံ ၁ ကတော့ လွှတ်တော်တွေရဲ့ ခိုင်မာအားကောင်းမှုနဲ့ ဒီမိုကရေစီ ထွန်းကားမှု အတိုင်းအတာနှစ်ခုကြား ဆက်နွယ်နေမှုကို သရုပ်ဖော်ပြသနေပါတယ်။ အပြန်အလှန် ဆက်နွယ်မှုတွေက တော်တော်လေးကို အားကောင်းပါတယ်။ ဖရီးဒမ်းဟောက်စ် ရမှတ်တွေ နည်းနေတာက နိုင်ငံရေးပွင့်လင်းမှုများ ထင်ရှားနေတာကို ကိုယ်စားပြုပါတယ်။ လွှတ်တော်တွေရဲ့ ခိုင်မာ အားကောင်းမှုနဲ့ ဒီမိုကရေစီတို့ကြား အဆက်အစပ်က သိသာတယ်။
လွှတ်တော်တွေ ခိုင်မာ အားကောင်းနေတာက ဒီမိုကရေစီကို အကျိုးကျေးဇူးပြုတယ်လို့ ကောက်ချက်မချခင်မှာ နိုင်ငံရေးပွင့်လင်းမှုတွေ ပိုပြီးထင်သာမြင်သာ ရှိလာလို့သာ လွှတ်တော်တွေ ပိုပြီး အားကောင်းလာတာရော မဖြစ်နိုင်ဘူးလား ဆိုတာကို စဉ်စားဖို့ လိုလာပါတယ်။ နိုင်ငံရေး လွတ်လပ်မှုကြောင့် လွှတ်တော်တွေ အားကောင်းတာလား၊ လွှတ်တော်တွေ အားကောင်းလာလို့ နိုင်ငံရေးတွေပိုပြီး လွတ်လပ်လာတာလား ဆိုတာကို အတိအကျ ပြောနိုင်ဖို့က ခက်ပါတယ်။ အကြောင်းနဲ့ အကျိုးက နှစ်ဖက်လုံးကို အပြန်အလှန် သွားနေတာလည်း ဖြစ်နိုင်ပါတယ်။ အခြေခံ ဥပဒေတခုကို စတင်ကျင့်သုံးချိန် (အခြေခံဥပဒေ အခိုက်အတန့်) မှာ ရှိထားတဲ့ ဒီမိုကရေစီရေချိန်က ပါလီမန်ကို ပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာတွေ အပေါ်ကို အကျိုးသက်ရောက်ကောင်း သက်ရောက်နိုင်ပါတယ်။ နိုင်ငံရေး ပွင့်လင်းလွတ်လပ်မှု မရှိတဲ့ နိုင်ငံတွေမှာ ရေးဆွဲထားတဲ့ အခြေခံဥပဒေတွေက အားနည်းတဲ့ လွှတ်တော်တွေကိုသာ မွေးထုတ်ပေးလိုက်မှာ ဖြစ်ပြီး လုပ်ပိုင်ခွင့် အာဏာအများစုကိုတော့ သမ္မတ (တပါတီတည်းက လွှမ်းမိုးထားတဲ့ နိုင်ငံရေးမှာတော့ ပါတီအထွေထွေ အတွင်းရေးမှူး ဒါမှမဟုတ် စစ်တပ်အုပ်ချုပ်တဲ့ နိုင်ငံမှာတော့ စစ်တပ်အကြီးအကဲ) ဆီမှာပဲ စုပြုံပေးထားမှာ ဖြစ်ပါတယ်။
အခြေခံဥပဒေ အခိုက်အတန့် (အခြေခံဥပဒေတခုကို စတင်ကျင့်သုံးချိန်) မှာ ရှိထားတဲ့ နိုင်ငံရေးပွင့်လင်းမှုကို တိုင်းတာနိုင်ဖို့အတွက် ကျနော်က အခြေခံဥပဒေကို အတည်ပြုမကျင့်သုံးခင် ၁ နှစ်တာ ကာလအတွင်း ပေးထားတဲ့ ဖရီးဒမ်းဟောက်စ် ရမှတ်တွေကို အသုံးပြုပါတယ်။ ဥပဒေပြုလွှတ်တော်ရဲ့ လုပ်ပိုင်ခွင့် အာဏာတွေကို အဓိပ္ပာယ် ဖွင့်ဆိုသတ်မှတ်ပေးချိန်မှာ ရှိနေတဲ့ ဒီမိုကရေစီ ဖော်ဆောင်မှု အခြေအနေကိုလည်း အဆိုပါ ရမှတ်တွေက ဖော်ပြပေးနေပါတယ်။ ဇယားရဲ့ ညာဘက်ကော်လံတွေထဲမှာတော့ အခြေခံဥဒေကို စတင်ကျင့်သုံးချိန် ရက်စွဲတွေနဲ့ အဲဒီအချိန်က အခြေအနေတွေကို ထင်ဟပ်ဖော်ပြပေးတဲ့ ဖရီးဒမ်းဟောက်စ် ရမှတ်တွေကို ဖော်ပြပေးပါတယ်။ တချို့နိုင်ငံတွေကိုတော့ မထည့်သွင်းနိုင်လို့ ချန်ထားခဲ့ရပါတယ်။ ယူဂိုဆလားဗီးယား ပြည်ထောင်စုဟောင်းမှာ ပါဝင်ခဲ့တဲ့ နိုင်ငံတွေကတော့ ဖရီးဒမ်းဟောက်စ် အမှတ်တွေ မရခင်မှာဘဲ အခြေခံဥပဒေကို အတည်ပြု ကျင့်သုံးခဲ့ပါတယ်။ အဲဒီအတွက် လတ်ဗီးယားနိုင်ငံကိုလည်း မဖော်ပြဘဲ ချန်ထားခဲ့ရပါတယ်။ ဆိုဗီယက်ပြည်ထောင်စု မပြိုကွဲခင်၊ ဖရီးဒမ်းဟောက်စ်ရမှတ်တွေ မထုတ်ပြန်ခင် ၁၉၉၀ မေလမှာ လတ်ဗီးယားနိုင်ငံက ၁၉၂၂ ခုနှစ် လတ်ဗီးယားသမ္မတနိုင်ငံ အခြေခံဥပဒေကို ပြန်လည်ပြောင်းလဲ ကျင့်သုံးခဲ့ပါတယ်။ အဲဒီအခြေခံဥပဒေကိုပဲ နောက်ပိုင်းမှာ ထပ်ပြီး ပြင်ဆင်ပြောင်းလဲခဲ့တာတွေ ရှိပေမယ့် ဒီနေ့အထိတော့ အသက်ဝင်နေတုန်းပါ။ အရှေ့ဥရောပ ဒေသတွင်းမှာ အခြေခံဥပဒေကို အသစ်မရေးဆွဲဘဲ အဟောင်းပြန်သုံးတာဆိုလို့ လတ်ဗီးယားနိုင်ငံတခုပဲ ရှိပါတယ်။
အခြေခံဥပဒေ အခိုက်အတန့်မှာ ရထားတဲ့ ဖရီးဒမ်းဟောက်စ် အမှတ်တွေနဲ့ ဥပဒေပြုလွှတ်တော် လုပ်ပိုင်ခွင့် အာဏာတွေကို ပုံ ၂ မှာ ဆက်စပ်ပြထားပါတယ်။ အခြေခံဥပဒေ အခိုက်အတန့်မှာ ရှိထားတဲ့ ဒီမိုကရေစီရေချိန်က လွှတ်တော်တွေရရှိတဲ့ လုပ်ပိုင်ခွင့်အာဏာကို ပုံဖော်ပေးတယ်လို့ ယူဆထားတာကြောင့် လွှတ်တော်လုပ်ပိုင်ခွင့် ကိန်းဂဏန်းတွေကို ပုံ ၂ မှာ “ကိန်းရှင်” သဘောမျိုး ပြထားပါတယ်။ အခြေခံဥပဒေကို အတည်ပြုကျင့်သုံးချိန်မှာ နိုင်ငံရေးအခြေအနေ ပိုပြီးလွတ်လပ်ပွင့်လင်းနေတဲ့ နိုင်ငံတွေက ပိုပြီးခိုင်မာအားကောင်းတဲ့ လွှတ်တော်တွေကို ဖန်တီးနိုင်ကြတယ်ဆိုတာ ယေဘူယအားဖြင့်ပြောနိုင်ပါတယ်။
ဒါပေမဲ့ ပုံ ၂ မှာပြထားတဲ့အတိုင်း ဆိုရင်တော့ အပြန်အလှန် ဆက်နွယ်မှုတွေက သိပ်ပြီး အားမကောင်းလှပါ။ ဒီမိုကရေစီ ဖော်ဆောင်မှု ပိုပြီးမြင့်မားလာရင် ပိုပြီးခိုင်မာအားကောင်းတဲ့ လွှတ်တော်တွေကို ဖန်တီးပေးရာ ရောက်တယ်လို့ ယူဆချက်ရှိပေမယ့် နိုင်ငံတွေ အများအပြားမှာ ပေါ်လာတဲ့လွှတ်တော်တွေက ထင်ထားသလောက် အားမကောင်းလှတာကို သွားတွေ့ရပါတယ်။ ဟန်ဂေရီမှာတော့ အခြေခံဥပဒေကို အတည်ပြု ကျင့်သုံးချိန်မှာ တိုင်းပြည်ရဲ့ဒီမိုကရေစီ ဖော်ဆောင်ရေးက ကနဦးအဆင့်မှာပဲ ရှိနေသေးပြီး ၎င်းရဲ့ ဖရီးဒမ်းဟောက်စ် ရမှတ်တွေက နိမ့်ပါးနေဆဲ (နိုင်ငံရေးပွင့်လင်းမှု အားကောင်းဆဲ) ဖြစ်နေတာကို သွားတွေ့ရပါတယ်။ ဒါပေမယ့် လွှတ်တော် အားကောင်းစေတဲ့ အခြေခံဥပဒေကို ၎င်းက ပြဌာန်းကျင့်သုံးခဲ့ပါတယ်။ ရိုမေးနီးယားနိုင်ငံရဲ့ ဖရီးဒမ်းဟောက်စ် ရမှတ်တွေကတော့ အခြေခံဥပဒေအသစ်ကို စတင်ကျင့်သုံးချိန် ၁၉၉၁ ခုနှစ်မှာထက် မကျင့်သုံးခင်က ပိုပြီးနိမ့်ပါးခဲ့ (နိုင်ငံရေးလွတ်လပ်မှုပိုရှိ) တာကို တွေ့ရပါတယ်။ အာဏာရှင် နီကိုလိုင်း ချောင်ရှက်စကူးကို ဖြုတ်ချဖယ်ရှားနိုင်ခဲ့ပေမယ့် သမ္မတနေရာကို ဆက်ခံတဲ့ အီယွန်အီလီယက်စကူး က အစိုးရဟောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ လူဟောင်း ဖြစ်နေဆဲပါ။
ဆက်လက်ဖော်ပြပါမည်။
(အမ် စတီဗင် ဖစ်ရှ်စ် (M. Steven Fish) သည် ကာလီဖိုးနီးယားတက္ကသိုလ် (ဘာကလေ) တွင် နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဖြစ်သည်။ ယခုအက်ဆေးထဲတွင် ပါဝင်သော အချက်အလက်များကို သူနှင့် မက်သယူး ကရိန်းအိတ်ခ် (Matthew Kroenig) တို့ ပူးတွဲရေးသားသော The Legislative Powers Survey and the Parliamentary Powers Index: A Global Study of the Powers of National Legislatures (၂၀၀၆ ခုနှစ်ထုတ်) စာအုပ်ထဲမှ ယူထားခြင်းဖြစ်သည်။ Educational Initiatives အဖွဲ့ (www.eduinitiatives.org) သည် ဒီမိုကရေစီနှင့် ပတ်သက်သော သင်တန်းများ၊ အရည်အသွေးမြှင့် သင်တန်းများကို ပို့ချပေးနေသော ရန်ကုန်အခြေစိုက် အဖွဲ့အစည်းဖြစ်သည်။)