မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က ပရိဘောဂစက်ရုံ ဆောက်လုပ်ရန်ဟုဆိုကာ သိမ်းဆည်းလိုက်သည့် ကြည့်မြင်တိုင်မြို့နယ်အပိုင် ချောင်ဝိုင်းလေး သမ္မာန်ဆိပ်လမ်းမြေ သွားလာခွင့် ပြန်ရရေးအတွက် ကျောင်းသား ကျောင်းသူများနှင့် သမ္ဗန်ဆိပ်လုပ်သားများ စုပေါင်း တောင်းဆိုနေသော်လည်း ယနေ့အထိ တာဝန်ရှိသူများက ညှိနှိုင်းတွေ့ဆုံခြင်း လုံးဝ မရှိသေးကြောင်း သိရသည်။
အလုံမြို့နယ် တဖက်ကမ်းရှိ ဦးမြငါးစင်း ချောင်းဝိုင်းကြီး၊ ချောင်ဝိုင်းလေးကျေးရွာများမှ ကျောင်းသားကျောင်းသူများ နေ့စဉ် ဖြတ်သန်းသွားလာနေသည့် သမ္ဗန်ဆိပ် လမ်းမြေကို ပရိဘောဂစက်ရုံ တည်ဆောက်ရန်ဟုဆိုကာ MEC က နိုဝင်ဘာ ၁၅ ရက် ညအချိန်တွင် ခြံခတ်သိမ်းဆည်းလိုက်ခြင်း ဖြစ်သည်။
“MEC က ဘယ်သူမှ ကျနော်တို့ကို လာပြီး ညှိနှိုင်းတာမျိုး၊ တွေ့တာမျိုး မရှိဘူး။ ကလေးတွေရဲ့ ကျောင်းအုပ်ကြီးကတော့ သမ္ဗန်ဆိပ်ကနေ ကျောင်းသားကျောင်းသူတွေကို အကြိုအပို့ တာဝန်ယူပေးမယ်ပြောတယ်။ ဒါပေမယ့် ကျောင်းပို့မယ့် မိဘတွေ ကျောင်းအထိ လိုက်ပြီး ကြိုပို့ခွင့် လုံးဝမရှိဘူးလို့ ပြောတယ်ဆိုတော့ အဲဒီညှိနှိုင်းချက်ကို လက်မခံနိုင်ပါဘူး” ဟု သမ္ဗန်လုပ်သား တဦးက ပြောသည်။
ထို့ကြောင့် ကျေးရွာများမှ လာရောက် ကျောင်းတက်နေသည့် အလုံမြို့နယ် အမှတ် ၇ အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသားကျောင်းသူ ၃၅၀ ကျော်မှာ ကျောင်းတက်ရန် အခက်အခဲများ ရှိနေကြောင်း၊ အလုံနှင့် တဖက်ကမ်း ကျေးရွာများသို့ နေ့စဉ် သမ္ဗန်ဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် သမ္ဗန်လုပ်သားများမှာလည်း အဆိုပါနေရာအနီး သမ္ဗန်သွားလာခွင့် ပိတ်လိုက်သည့်အတွက် စားဝတ်နေရေး ခက်ခဲလျက်ရှိကြောင်း ဆန္ဒထုတ်ဖော် တောင်းဆိုနေသူများဖြစ်သည့် ကျောင်းသားကျောင်းသူများနှင့် သမ္ဗန်ဆိပ်လုပ်သားများက ပြောဆိုကြသည်။
“ကျမတို့ ကလေးတွေ ကျောင်းသွားလို့ လုံးဝမရအောင် သံဆန်ကာတွေ ခတ်ပါတယ်၊ သမ္ဗန်သမားတွေ အလုပ်လက်မဲ့ ဖြစ်ရပါတယ်။ သူတို့က တခြားလမ်းဘက်က သွားလို့ပြောတယ်၊ အဲဒီလမ်းက သွားလို့ လုံးဝ အဆင်မပြေဘူး၊ သမ္မာန်ခတ်ချိန်ကို ၄၅ မိနစ်လောက်ကြာတယ်။ အဲဒီကနေ ကလေးတွေ ကျောင်းရောက်ဖို့ ဆိုက်ကား မိနစ် ၂၀ လောက် ထပ်စီးရတယ်” ဟု အ.ထ.က ၇ ကျောင်းမှ ပထမတန်း ကျောင်းသားမိဘတဦးဖြစ်သူ မမြမြဝင်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာ့ဆိပ်ကမ်း အာဏာပိုင်ကလည်း ကျေးရွာများရှိ လုပ်သားပြည်သူများ နှင့် ကျောင်းသားကျောင်းသူများ တောင်းခံနေသည့် သမ္ဗန်ဂိတ်သည် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC) မှ ဆောက်လုပ်နေသည့် နောင်တုံစီမံကိန်းနှင့် အာရုဏ်ဦးကုမ္ပဏီမှ တည်ဆောက်နေသည့် ဆိပ်ခံတံတားကြားတွင် တည်ရှိနေကြောင်း၊ ယင်းစီမံကိန်း ၂ ခုအကြားတွင် တည်ရှိနေသည့် သမ္ဗန်ဆိပ် လမ်းမြေနေရာသည် သီခြား အနေအထားဖြင့် ရှိကြောင်း၊ ထို့ကြောင့် အဆိုပါ လမ်းမြေနေရာသို့ သမ္ဗန်ဆိပ် ပြောင်းရွှေ့ထားခြင်းကို ခွင့်ပြုပြီး လမ်းကိုလည်း ဖြတ်သန်းသွားလာရန် ခွင့်ပြုသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ကိုယ်စားအဖြစ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးအောင်ကျော်စိုး လက်မှတ်ဖြင့် မေလ ၆ ရက် ကတည်းက ထုတ်ပြန် ကြေညာထားသည်။
“အရင်က ဒီလမ်းကနေ ကျောင်းလာရတာ နီးနီးလေး။ အခု ပိတ်လိုက်တော့ သမီးတို့တွေ ဟိုးအဝေးကြီးကို ရွှံ့ဗွက်တွေ အများကြီးရှိတဲ့ဘက်က လမ်းလျှောက်ရတယ်။ သမ္ဗန်လည်း အကြာကြီးစီးရတယ်။ ကျောင်းကို ဆိုက်ကားလည်း ထပ်စီးရပါတယ်။ သမီးတို့ ဒီလမ်းကနေပဲ ပြန်သွားချင်တယ်” ဟု အလုံမြို့နယ် အခြေခံပညာ အထက်တန်းကျောင်းမှ သူငယ်တန်းကျောင်းသူတဦးက ပြောပြသည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်က သွားလာခွင့်ပြုပြီး သမ္ဗန်သွားလာခွင့်လည်း ပေးထားသည့် အဆိုပါမြေနေရာကို ခြံခတ်လိုက်သည့် MEC ကမူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်ချက်ဖြင့် ချောင်ဝိုင်းလေး သမ္ဗန်ဆိပ်အား မောင်းလေးချောင်း အနီးသို့ စနစ်တကျ ပြောင်းရွှေ့ထားကြောင်း၊ အဆိုပါ နေရာမှသာ ဖြတ်သန်းသွားလာရန် မေတ္တာရပ်ခံကြောင်း၊ လက်ရှိနေရာသည် စီမံကိန်းနယ်မြေ ဖြစ်သည့်အတွက် မကျူးကျော်ရကြောင်း ဆိုင်းဘုတ်များ စိုက်ထူထားသည်ဟု သိရသည်။