၁၉၈၈ ခုနှစ် စက်တင်ဘာ ၅ ရက်နေ့ထုတ် သမဂ္ဂ သတင်းစာ
ဒေါက်တာမောင်မောင် ရေးသော စာများနှင့် သူ့ဘဝ မှတ်တမ်းများကို ဖတ်ရှုလေ့လာခဲ့သမျှ သူသည် ဥပဒေပညာရှင် မင်းဆရာ ဖြစ်လိုသူဟု ယူဆပါသည်။ သူရေးသော “သက်ရှိရာဇဝင်” ကို နိုင်ငံရေးအရ တက်လမ်း ရှိသူများ အတွက် “ဘုန်းတော်ဘွဲ့” အကြိုစာတမ်းဟု စာရေးသူထင်မြင်ပါသည်။ သူမျှော် မှန်းသည့် “မင်းဆရာ” ရာထူးသာမက “မဆလ ခေတ်၏ နောက်ဆုံးမင်း” ရာထူးကိုပါ သူ ရခဲ့ပါ၏ ။
သို့သော် မဆလ ဂိုဏ်းဆရာကြီး၏ အဖျက်အမှောင့် လုပ်ငန်းများ အတွက် တရားခံ အစားထိုးရန် “ရုပ်ပြသမ္မတနှင့် ရုပ်ပြ ပါတီဥက္ကဋ္ဌ” တာဝန်ကို ယူခဲ့ရသူဟု စာရေးသူ ယူဆမိပါသည်။ တနည်းအားဖြင့် မင်းဆရာ လုပ်လိုသော ဒေါက်တာမောင်မောင်သည် မဆလဂိုဏ်း ကျူးလွန်ခဲ့သမျှ ပြစ်မှုများ အတွက် ဓားစာခံ တာဝန်ယူရသည့် “မင်းတပည့်” ရုပ်သေးရုပ် အဖြစ်နှင့် ဘဝနိဂုံးချုပ်သွားခြင်းမှာ စာဖတ်သူများ သံဝေဂယူသင့်သည့် အပြင် မြန်မာနိုင်ငံမှ ပညာရှင်များသည် အာဏာနိုင်ငံရေးသမားများ၏ အသုံးချခံ မဖြစ်အောင် ပညာသတိကြီးစွာ ဆင်ခြင်နေထိုင်ကြပါရန် တိုက်တွန်း အပ်ပါသည်။
ပြစ်မှုနှင့် စွပ်စွဲခံရပြီး တရားရုံးက အာမခံ မပေးဘဲ အချုပ်ဖြင့် အမှုရင်ဆိုင်နေရသူ များအား ဥပဒေပညာရှင် သမ္မတ ဒေါက်တာမောင်မောင် လက်ထက်တွင် အချုပ်လွတ် နေထိုင်ခွင့် ပေးသည့် အမိန့်ကို ပြည်ထဲရေးဝန်ကြီးအား ထုတ်စေ ခဲ့ကြောင်း၊ လွတ်ရက် ၂ နှစ်ခန့်သာ ကျန်သည့် အကျဉ်းသားအား လျှော့ရက်ဖြင့် လွှတ်ပေးသည့် အမိန့်ကိုလည်း ထုတ် ခဲ့ကြောင်း (ဒေါက်တာမောင်မောင်၏ ၈၈ အရေး အခင်းစာအုပ်၊ ဒုတိယတွဲ၊ စာ-၁၁၃) တွင် ဖော်ပြ ထားပါသည်။
တရားရုံး စီရင်ပိုင်ခွင့် အာဏာအား ပြည်ထဲရေးက ကျော်လွှား လုပ်ဆောင်ခွင့်ကို ဥပဒေသမား သမ္မတကြီးက ၁၉၇၄- ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ မည်သည့် ဥပဒေအရ ပေးခဲ့သည်ကို ၈၈ အရေးအခင်း စာအုပ်အား ၎င်းပုဂ္ဂိုလ် သက်ရှိ ထင်ရှားရှိစဉ် ထုတ်ဝေခဲ့ပါက စာရေးသူ အနေဖြင့် မေးခွန်းထုတ်ရမည် ဖြစ်ပါသည်။
အမှန်တကယ် ဖြစ်ပျက်ခဲ့သည်မှာ အကျဉ်းသား အချုပ်သား ၁၀ဝဝဝ ကျော်ရှိသော အင်းစိန်ထောင် တခုတည်းမှာပင် ၆၂ ယောက်သာ ကျန်သည်အထိ သမ္မတ၏ ပြည်ထဲရေး ဝန်ကြီးဌာနက သမ္မတသက်တမ်း ၁၀ ရက်ခန့် အတွင်း လွှတ်ပေးခဲ့ပြီး ဖြစ်ပါသည်။
အမေရိကန်သမ္မတ နစ်ဆင်၏ မင်းဆရာ “ကစ်ဆင်ဂျာ” သည် နောင်အရှည်ကို မျှော်တွေးသိမြင်သူ ပညာရှင်ပီသသည် ဟု ဆိုရပါမည်။ သမ္မတ နစ်ဆင်လက်ထက် ဗီယက်နမ်စစ်ပွဲများနှင့် လက်တင် အမေရိကန်နိုင်ငံများ၏ ပြည်တွင်းရေး ကို အမေရိကန်နိုင်ငံ အကျိုးစီးပွား အကြောင်းပြပြီး တရားလက်မဲ့ လုပ်ဆောင်ချက်များ မည်သို့ လုပ်ဆောင်သင့် ကြောင်း အကြံပေးခဲ့သူ နိုင်ငံခြားရေးဝန်ကြီး ကစ်ဆင်ဂျာသည် ၎င်း၏ ညစ်ပတ်သော နိုင်ငံရေး လုပ်ကွက်များ အကြောင်းအရာ မှတ်တမ်းကို မိမိကွယ်လွန်ပြီးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ရန် မူလက ညွှန်ကြားထား ခဲ့၏။
သို့သော် သူသေပြီးမှ ထုတ်ပြန်လျှင် မိမိ ဘာကြောင့် ဤကဲ့သို့ လုပ်ခဲ့ရကြောင်း ရှင်းခွင့် မရှိလျှင် ပိုမိုဆိုးဝါးသော ဂုဏ်သတင်းဖြင့်သာ မိမိ သမိုင်းတွင်နိုင်ကြောင်း မိမိ၏ ကောင်းကွက်များ၊ အမေရိကန်အကျိုး၊ ကမ္ဘာ့အကျိုး သယ်ပိုးချက်များ ပျောက်ပျက် သွားနိုင်သည်ကို ပြန်လည်သုံးသပ်မိပြီး၊ မိမိ မကွယ်လွန်မီမှာပင် မိမိတို့ဘက်မှ မည်သို့သော နိုင်ငံရေး ညစ်ကွက်ကို လုပ်ဆောင်ခဲ့ကြောင်း ဘာကြောင့် လုပ်ရကြောင်း ထုတ်ဖော်ပြောသဖြင့် ကစ်ဆင်ဂျာ၏ “မင်းဆရာ” ဂုဏ်မှာ ကျော်ကြားဆဲ၊ တည်မြဲဆဲ ဖြစ်ပါ၏။
ဒေါက်တာမောင်မောင်၏ ၈၈ အရေးအခင်း စာအုပ်မှာ သူ ကွယ်လွန်ပြီး ၅ နှစ်အကြာတွင်မှ နိုင်ငံခြားတွင် အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေခဲ့ခြင်း။ သူကွယ်လွန်ပြီး ၁၉ နှစ်အကြာ ၂၀၁၃ ခုနှစ်၊ ဇွန်လတွင် မြန်မာနိုင်ငံတွင် မြန်မာဘာသာ ဖြင့် ဒေါက်တာ မောင်မောင်၏ မိသားစုဝင်များက ထုတ်ဝေခဲ့ခြင်းမှာ ကံကြမ္မာ၏ ထူးခြားသောအလှည့်အပြောင်းပင် ဖြစ်ပါသည်။
ဒေါက်တာမောင်မောင် ကိုယ်တိုင်ကပင် သူရေးသော ၈၈ အရေးအခင်း စာအုပ်ကို နောင် ၂၅ နှစ်အကြာ ၂၀၁၃ ခုနှစ် ရောက်သည့်အခါ မြန်မာပြည်သူများ သိအောင် ထုတ်စေရန် ညွှန်းကြားချက် ရှိမရှိမှာ ဒေါက်တာမောင်မောင်၏ မိသားစုများသာ သိနိုင်သော ကိစ္စ ဖြစ်နေပါသည်။ ယင်း အချက်နှင့်ပတ်သက်၍ ဒေါက်တာမောင်မောင်၏ နိမိတ် ဖတ်ချက်ကို သူ၏ သမ္မတသက်တမ်း နောက် ဆုံးမိန့်ခွန်း ၁၁-၉-၈၈ နေ့ ပြည်သူ့လွှတ်တော် မိန့်ခွန်း၌ စာရေးသူ တွေ့ရှိသည်။
“ဒီနေ့ ပြည်သူ့လွှတ်တော်က တပါတီစနစ်မူကို ကျော်ပြီး၊ ပါတီစုံ ဒီမိုကရေစီစနစ်နဲ့ အထွေထွေ ရွေးကောက်ပွဲများ အမြန်ဆုံး ကျင်းပပေးဖို့ ဆုံးဖြတ်လိုက်ကြ ပါပြီ။ ဆုံးဖြတ်ချက် မှန်၏ မှား၏ကိုလည်း သမိုင်းကပဲ နောင်အနှစ် ၂၀၊ ၂၅ ကြာလောက်တော့မှ အဖြေပေးမှာပါ” ဟု ပါရှိသောကြောင့် ဒေါက်တာမောင်မောင်၏ စာအုပ်များ သည် ၈၈ ငွေရတု အခါသမယတွင် ထူးထူးခြားခြား ပေါ်လာရခြင်းမှာ ဒေါက်တာမောင်မောင်၏ ဆန္ဒ အရ ဖြစ်နိုင်ကောင်းသည်။ မည်သို့ဆိုစေ ၈၈ ၏ သမိုင်းမှန်များ ပေါ်ပေါက်ရန် အချိန် ကျရောက်လာပြီလားဟု စာရေးသူ ဆင်ခြင်မိပါသည်။
ဒေါက်တာ မောင်မောင်၏ စာအုပ်နှင့် အပြိုင် ၂၀၁၃ နိုဝင်ဘာလတွင် ဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ်ထွက်ရှိ လာခဲ့ ပါသည်။ ထိုစာအုပ်ပါ “အင်တာနက် စာမျက်နှာပေါ်မှာ နာမည်ကြီးနေသော ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် မိန့်ခွန်း အရေးကြီးပါသည်။ ဦးခင်ညွန့် ကိုယ်တိုင်က ထိပ်တန်းလျှို့ဝှက်ဖြင့် ထိန်းသိမ်းထားရသည့် စာတမ်း” ဟု ဆိုပါသည်။
ယင်းစာတမ်းပါ စစ်တပ် အာဏာသိမ်းရန် ဦးနေဝင်း၊ ဗိုလ်ချုပ်ကြီး စောမောင်၊ ဗိုလ်ခင်ညွန့်နှင့် ဒေါက်တာမောင်မောင် နှင့် ဝန်ကြီးများ၊ မဆလပါတီ ခေါင်းဆောင်ပိုင်းတို့ စီစဉ်ပုံ အသေးစိတ် ဇာတ်လမ်းများသည် ဒေါက်တာမောင်မောင် ဖုံးဖုံးဖိဖိဖြင့် ရေးသားထားချက်များနှင့် မည်သို့ဆန့်ကျင် ကွဲလွဲနေသည်ကို မျက်ဝါးထင်ထင် တွေ့နိုင်ပါသည်။ (စစ်တပ် အာဏာသိမ်းရန် မူလ စီစဉ်သူများထဲတွင် ဒုတိယ ဗိုလ်ချုပ်ကြီး သန်းရွှေ မပါဝင်ကြောင်း ကိုလည်း တွေ့ရသည်။)
ဦးနေဝင်း၏ လမ်းညွှန် အဆုံးအဖြတ်အရ (ဦးနေဝင်း၏ နှုတ်ထွက်စကား အသုံးအနှုန်းဖြင့် ခေါ်ဝေါ်ရလျှင် ဒီကောင် နှစ်ကောင်) ဗိုလ်စောမောင်၊ ဗိုလ်ခင်ညွန့်တို့က ငါ့ဆီကို လာရှင်းလင်းပြီး တင်ပြတယ်။ ငါဆုံးဖြတ် ပေးမယ်။ ဒီနေ့က စပြီးတော့ ကိုစောမောင် မင်း တိုင်းပြည်ကိုတာဝန်ယူ၊ မင်း ဆက်သာ လုပ်တော့ ငါတို့အားလုံးကနေပြီးတော့ မင်းကို လွှဲပေးတယ်။ ဦးစီးချုပ် ဗိုလ်စောမောင်က ကျနော် ဒါမျိုးတခါမှလည်း မလုပ်ဖူးဘူး။ ကျနော် ဘာလုပ်ရမှန်းလဲ မသိဘူး ဆိုတဲ့ အခါကျတော့ “အေး မင်းကတော့ သိမှာ မဟုတ်ဘူး။ ကိစ္စမရှိဘူး။ ဒီကောင်တွေ ဒီကောင်တွေကနေ ဘာလုပ် ဘာလုပ်ဆိုတာ သူတို့ဆီကနေ နည်းယူ၊ သူတို့ဆီကနေ အကြံဉာဏ်တွေယူ၊ ယူပြီးတော့ မင်းဆက်လုပ်၊ ဒီလို ခိုင်းတာပါ” ဟုလည်းကောင်း၊
ဒေါက်တာမောင်မောင် ကနေပြီးတော့ ဒီလို ဒီလိုရေး ဆိုတဲ့အခါကျတော့ သူက နှုတ်တိုက်ပြောတာ ပေါ့ဗျာ။ ကျနော်က လိုက်ရေးရတာပေါ့။ ၁/၈၈ ရယ်၊ ၂/၈၈ ရယ်၊ ၃/၈၈ ရယ် အဲဒီမှာ သုံးစောင်ကို ရေးတယ် ဟုလည်းကောင်း၊ (အင်တာ ဗျူးစာအုပ် စာ-၁၄၂၊ ၁၄၃) ပါ ဗိုလ်ခင်ညွန့်၏ စစ်သားပီပီ ခပ်ကြမ်းကြမ်း ဖော်ပြပါရှိချက်များနှင့် ဒေါက်တာမောင်မောင် ၏ (၈၈ အရေးအခင်း၊ ဒုတွဲ၊ စာ ၃၀၆၊ ၃၁၅) ပါ (ကျနော်တို့နှင့် တပ်မတော်အကြား လျှို့ဝှက်ပူးပေါင်း ကြံစည်မှု မရှိခဲ့ သလို၊ လိုလည်း မလိုခဲ့ပါ။ “ပြည်ပလေ့လာ အကဲခတ်သူများ ထင်ကြေး ပေးကြသလို နှစ်ဦးသဘောတူ လက်ဝါး ရိုက်ထားသည့် အာဏာသိမ်းမှုလည်း မဟုတ်ပါ”)
All India ရေဒီယို မြန်မာပိုင်း အစီအစဉ်မှ ၁၉၉၀ ပြည့်နှစ် စက်တင်ဘာလ ၂၆ ရက်နေ့ အသံလွှင့်ရာ၌ “ကျနော်သည် တပ်မတော်မှ အာဏာ မသိမ်းမီ မြန်မာနိုင်ငံ၏ နောက်ဆုံး သမ္မတ ဖြစ်ခဲ့ကြောင်း၊ ထိုသို့ ဖြစ်ခဲ့ခြင်းကြောင့် ကျနော့် အတွက် နေရာမှန်သည် ထိန်းသိမ်းရေး စခန်းသာ ဖြစ်ကြောင်း၊ ယခုလို ကျနော်လွတ်လွတ် လပ်လပ် ခရီးသွားလာ နိုင်ခြင်းသည် ကျနော်နှင့် မြန်မာစစ်အစိုးရကြား တကျိတ်တည်း တဉာဏ်တည်း ဖြစ်နေကြောင်းကို သက်သေပြလိုက် ခြင်းဖြစ်သည်” ဟု ပါရှိသေးသည်။
ထိုအသံလွှင့်ချက် နောက်ကွယ်တွင် အိန္ဒိယအစိုးရ၏ ပယောဂပါသည်ဟူ၍တော့ ကျနော် နည်းနည်းလေးမှ မယုံကြည် ပါ။ (ကျနော် ယခုလို ပြောဆိုနေခြင်းတွင် ဒေါသတစုံတရာ မပါသလို၊ နာကြည်းမှုလည်း မရှိပါ) ဟူသော ငြင်းလည်း မငြင်း၊ ဝန်လည်းမခံ ဝေ့လည်ကြောင်ပတ် ဖုံးတဝက် ဖော်တဝက် ရေးသားချက်များကို ပေါင်းစပ်လိုက်လျှင် ဇာတ်လမ်း သရုပ်မှန်ကို စာဖတ်သူများချင့်တွက် နိုင်လောက်ပြီဟု ယူဆပါသည်။
၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံ ကာလအတွင်း သတင်းများနှင့် သမ္မတနှင့် ထောက်လှမ်းရေးမှူးချုပ်တို့၏ အမြီးအမောက် မတည့်သော ဖုံးတဝက် ဖော်တဝက်စာများ ငွေရတုကာလမှာ တပြိုင်နက်တည်း ထွက်ပေါ်လာခြင်း သည် စာရေးသူနှင့် ၈၈ ဒီမိုကရေစီ ပြည်သူများ အတွက် သမိုင်းမှန် အဖြစ်မှန်များကို သိရှိရန် အလိုအလျှောက် ပေါ်ပေါက်သင့်သည့် အချိန် ကျရောက်လာပြီ ဖြစ်၍ အချိန်ကိုက်ပေါ် လာရခြင်း ဖြစ်သည်ဟု ဆိုရပေတော့မည်။
ဤနေရာတွင် အချိန်ကိုက် ပေါ်ထွက်လာမည့် သတင်းတပုဒ်သည် ထူးထူးခြားခြား တိမ်မြုပ်နေသည် ကိုလည်း စာဖတ်သူများ လေ့လာ ဆုံးဖြတ်နိုင်ရန် တင်ပြလိုပါသည်။
ယင်းသတင်းမှာ ၁၉၈၈ ဩဂုတ်လ ၂၈ ရက်နေ့တွင် ပေါ်ပေါက်ခဲ့သော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် (တရားဝင်) ဖြစ်မြောက်ရေး ဗဟိုကော်မတီ၊ ရန်ကုန် တက္ကသိုလ်များ ကျောင်းသား သမဂ္ဂမှ ၁၉၈၈ ခုနှစ်၊ စက်တင်ဘာ ၉ ရက်နေ့တွင် ထုတ်ဝေသော သမဂ္ဂသတင်းစာ မျက်နှာဖုံးပါ “လူမ ဆန်သော စစ်ရာဇဝတ်ကောင်များ၏ ပက်စက်သော အကြံဉာဏ်” ခေါင်းစဉ်ဖြင့် တပ်မတော် ထောက်လှမ်းရေး ညွှန်ကြားရေးမှူး ဗိုလ်ခင်ညွန့်၏ လက်မှတ်ဖြင့် တန်ပြန် အဖျက်အမှောင့် လုပ်ငန်းများ ဆောင်ရွက်ရေး ညွှန်ကြားချက်ကို ထောက်လှမ်းရေး တပ်ဖွဲ့ ၁၇ ဖွဲ့သို့ ၁၉၈၈ ဩဂုတ်လ ၂၂ နေ့က ထိပ်တန်းလျှို့ဝှက် အဆင့်ထုတ်ဆင့်ထားသည့် အမိန့်စာ ဓာတ်ပုံမိတ္တူ ဖော်ထုတ် တင်ပြထားသည့် သတင်း ဖြစ်ပါသည်။
ယင်း သတင်းကိစ္စ အပေါ် စာရေးသူအမြင်ကို ထောက်လှမ်ရေးများက အမှတ် ၆ ထောက်လှမ်းရေးတွင် သွေးတိုးစမ်း သည့် သဘောမျိုး စာရေးသူအား မေးမြန်းခြင်း ခံခဲ့ရပါသည်။ ထိုကိစ္စနှင့် ပတ်သက်၍ ကျောင်းသားသမဂ္ဂ သတင်းစာ ထုတ်သူများကိုသာ မေးမြန်းသင့်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ ကျောင်းသားခေါင်းဆောင် အဖြစ် ပါဝင်ခဲ့ပြီး ယခု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် လုပ်နေသော မိုးသီးဇွန်၊ မိုးဟိန်းတို့ကို စစ်မေးမှ သိနိုင်မည်ဟု စာရေးသူက ရှောင်တိမ်း ဖြေဆိုခဲ့ပါသည်။ ကျောင်းသားသမဂ္ဂ သတင်းစာတွင် အခိုင်အမာပါ ရှိပြီး သတင်းဖြစ်၍ စာရေးသူအနေဖြင့်ယင်းသို့ ဖြေ ဆိုရန်မှတပါး အခြားအဖြေပေးရန် အကြောင်းမရှိပါ။
စစ်အာဏာမသိမ်းမီ ၈၈ အရေးတော်ပုံကြီး ဖြစ်နေစဉ် အတွင်း အဆိုပါ ကျောင်းသားခေါင်းဆောင် ဆိုသူများ အနီးသို့ စာရေးသူ ကပ်၍ သတင်းမေးခွင့်၊ သတင်းပေးခွင့် မရသည်မှာလည်း အမှန်ပင် ဖြစ်ခဲ့ပါသည်။ မိုးဟိန်းနှင့် မိုးသီးဇွန်တို့ သည် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ တာဝန် ယူခဲ့သည့် ဒေါ်သိင်္ဂီ ထံမှ စာရေးသူ၏ လိပ်စာနှင့် ဖုန်းနံပါတ်ကို တောင်းယူပြီး ၎င်းတို့သည် စာရေးသူအား လာရောက်ဆက်သွယ်၍ ဗကသ သတင်းကြေညာချက်များ၊ လူ့ဘောင်သစ်ပါတီ ဖွဲ့စည်းရေးဆိုင်ရာကိစ္စနှင့် သတင်းထုတ်ပြန်ရေး ကိစ္စများအတွက် အကူအညီ တောင်းခံလာကြသည့် အချိန်မှစ၍သာ ကျောင်း သားခေါင်းဆောင် ဆိုသူများနှင့် စာရေးသူ အနီး ကပ်ဆက်ဆံခွင့် ရခဲ့ပါသည်။ ကျောင်းသားခေါင်း ဆောင် ကိုမင်းကိုနိုင်နှင့်မူ ယနေ့တိုင် ဆက်ဆံစကား ပြောခွင့် မကြုံခဲ့ပါ။
အဆိုပါ ကျောင်းသားခေါင်းဆောင်များ ဦးစီး ထုတ်ဝေသော သမဂ္ဂသတင်းစာ အမှတ် ၂ ပါ ဗိုလ် ခင်ညွန့်နှင့် သူ၏ ထောက်လှမ်းရေး တပ်ဖွဲ့ ၁၇ ဖွဲ့အား စစ်ရာဇဝတ်ကောင်များ အဖြစ် ဖော်ညွှန်းသော သမိုင်းဝင် အရေးပါသော စာမှတ်စာတမ်းနှင့် ပတ်သက်၍ အမှတ် ၆ ထောက်လှမ်းရေးမှ ထောက်လှမ်းရေးများသည် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များကို စစ်ဆေး အရေးယူသည်ဟု ယနေ့တိုင် စာရေးသူ မကြားသိခဲ့ပါ။
ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဆိုသူများ ကလည်း ယင်းစာ အပေါ်အခြေပြု၍ တိုင်းဆူပြည်ဖျက် လုပ်ရပ် လုပ်သူများမှာ ဗိုလ်ခင်ညွန့် ဂိုဏ်းသားများ ဖြစ်ကြောင်း ခိုင်ခိုင်မာမာ ဆက်လက် ထုတ်ဖော် စွပ်စွဲသည်ကိုလည်း မတွေ့ရှိရ သဖြင့် သမိုင်းကွင်းဆက် ပြတ်နေပါသည်။
ဗိုလ်ခင်ညွန့်ကမူ “အင်တာနက် စာမျက်နှာပေါ်မှ နာမည်ကြီးနေသော ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် မိန့်ခွန်း” တွင် ၁၉၉၃ ခုနှစ် စက်တင်ဘာ ၃၀ နေ့က နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ် အရာရှိကြီးများ အုပ်ချုပ်မှု မွမ်းမံသင်တန်း အမှတ်စဉ် ၃/၉၃ တွင် တက်ရောက်လာသော မြန်မာ့တပ်မတော် အရာရှိကြီးများအား အဲဒီမှာ ကျနော်တို့ လက်ရေးတွေ ဘာတွေနဲ့ မဟုတ်ခဲ့တာတွေ အတုတွေ ဘာတွေနဲ့ ရေးပြီးတော့ ထုတ်နေပြီလေ ဟု ရှင်းလင်းပြောဆို ချက်များသည် ၂၀၁၃/၂၀၁၄ အတွင်း ဦးခင်ညွန့်နှင့် အင်တာဗျူး စာအုပ် အဖြစ် လူထုကြားတွင် ထင်ထင်ရှားရှား ငြင်းဆို ပေါ်ထွက်လာခဲ့ပါသည်။
၈၈ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များကလည်း “ရှစ်လေးလုံး ငွေရတုမဂ္ဂဇင်း” ကို ၂၀၁၃ တွင် ထုတ်ဝေမှု ရှိခဲ့ပါ သည်။ ယင်းမဂ္ဂဇင်း စာမျက်နှာ ၈၄-၈၅၊ စံပယ်ဦး ဦးတင်စိုးနှင့် တွေ့ဆုံခြင်း “၈၈ အရေး အခင်းကြီးကတော့ တကယ့် အိပ်မက်ဆိုးကြီး ပါပဲ” ခေါင်းစဉ်အောက်တွင် ရှစ်လေးလုံး ငွေရတု အယ်ဒီတာအဖွဲ့၏ အမေးအား ဦးတင်စိုးက ဖြေကြား ရာ၌ “သမဂ္ဂ သတင်းစာ ဆိုပြီး ထုတ်တာလည်း ကျနော့် ရုံးခန်းမှာ လုပ်ကြတာ၊ ကုန်ကျစရိတ်တွေကို ကျနော်ပဲ ဒိုင်ခံ ထုတ်ပေးခဲ့တာပါ” ဟု ဖြေကြားမှတ်တမ်းတင်ထားချက် ပါရှိလာ ပါသည်။
ကျောင်းသားသမဂ္ဂ သတင်းစာပါ ဗိုလ်ခင်ညွန့်၏ လက်ရေးလက်မှတ်ပါသော ၁၉၈၈ ဩဂုတ်လ ၂၂ ရက်စွဲပါ စာအမှတ် ၁၀ဝ၂/၄/လှမ်း ဖြင့် ထိပ်တန်းလျှို့ဝှက် အမိန့်စာသည် စာရေးသူ ထောက်လှမ်းသိရှိသော သတင်းမှတ်တမ်း ဖြစ်စဉ် များနှင့် တိုက်ဆိုင်စစ်ဆေးလျှင် အလွန်ယုတ္တိရှိ အချိတ်အဆက် မှန်ကန်သော အထောက်အထား အဖြစ် ယုံကြည်ပါ သည်။
ထိုစဉ်က တပ်မတော် ထောက်လှမ်းရေးသည် အခြေအနေ ပျက်ယွင်းနေပြီး စာရေးသူတို့ ပြည်သူအများစုက ၎င်းတို့၏ အတွင်းသတင်းကို ပြန်လည် သိရှိနိုင်သော အခြေအနေ ဖြစ်ခဲ့ပါသည်။ ပြည်သူ့အထောက်တော် ထံမှ ပေးပို့သော သတင်းများ အရ ဦးနေဝင်း၏ တန်ပြန်သပိတ် ဖြိုခွဲရေး ကော်မတီ ဖွဲ့စည်းလုပ် ဆောင်နေကြောင်း သတင်းသည် ဩဂုတ်လ ၂၂၊ ၂၃ ရက်ဝန်းကျင်တွင် စာရေးသူတို့ လူထုက သိရှိခဲ့ပြီး ဖြစ်ပါသည်။
ဗိုလ်ခင်ညွန့်၏ လက်ရေး လက်မှတ် ပါသောဩဂုတ်လ ၂၂ ရက် စွဲပါ ထောက်လှမ်းရေး ဌာနအတွင်း အမိန့်စာသည် စက်တင်ဘာ ၅ ရက် သမဂ္ဂသတင်းစာမှ ထုတ်ဖော် ပါရှိလာသည့်အခါ အလွန်ပင် အရေးပါသော အထောက်အထား ဖြစ်ခဲ့ပါသည်။
အဆိုပါ သတင်းရင်းမြစ်ကို စာရေးသူ စုံစမ်းသောအခါ ပန်းဘဲတန်းမြို့နယ်လူထုက ဖမ်းဆီးရမိခဲ့သော ဗိုလ်စည်သူ အပါအဝင် ထောက်လှမ်းရေး အဖွဲ့ဝင်များ ထံမှ သိမ်းဆည်းရမိခဲ့သည့် ဗိုလ်ခင်ညွန့်၏ ထိပ်တန်းလျှို့ဝှက်အမိန့်ဟု တနေရာမှ သိရသကဲ့သို့ အခြား ရင်းမြစ်တခုကမူ တပ်မတော်ရေ ထောက်လှမ်းရေး အဖွဲ့ ၂ ခုထဲမှ လူထုထံ လျှို့ဝှက် ထုတ်ပေးခဲ့သဖြင့် သမဂ္ဂ သတင်းစာမှ ရရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
စာရေးသူရရှိသော ပြည်သူတွင်း သတင်းများတွင် သတင်းစီးမျောရာ လမ်းကြောင်းသာ ကွဲသည်။ အဆိုပါ သတင်းသည် အမှန်ဟု လူထုအများက လက်ခံယုံကြည်ခဲ့သည်။
ဤသတင်း အထောက်အထားသည် ဗိုလ်ခင်ညွန့်နှင့် ထောက်လှမ်းရေးများ အတွက် အထိနာစေသော သမိုင်းဝင် ထိုးနှက်ချက် ဖြစ်ပါသည်။ ဗိုလ်ခင်ညွန့် တပ်မတော် အရာရှိများအား ၁၉၉၂ ခုနှစ် ရှင်းလင်းချက်တွင် ၎င်းငြင်းဆိုသော စာသည် အဆိုပါ အမိန့်စာဟု အတိအကျ မရည်ညွှန်းသော်လည်း “ကျနော့်လက်ရေးတွေ ဘာတွေနဲ့ မဟုတ်ခဲ့တာတွေ အတုတွေ ဘာတွေနဲ့ ရေးပြီးတော့ ထုတ်နေပြီလေ” ဟု ဝေဝေဝါးဝါး ငြင်းဆိုမှု ယနေ့ ထင်ထင်ရှားရှား ရှိနေပါသည်။
၁၉၈၈ ခုနှစ်က ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဆိုသူများသည် သမိုင်းတန်ဖိုး ကြီးလှသော ဤသက်သေခံ အထောက်အထားနှင့် ပတ်သက်၍ အတုအစစ် ဟုတ်မဟုတ် ရှင်းလင်းရန် တာဝန်ရှိသည်။ သမဂ္ဂသတင်းစာ အသိုက်အဝန်းကို အထူးစုံစမ်းစရာ မလိုဘဲ အလွယ်တကူ စုံစမ်း ဖော်ထုတ်ပြီး ယင်း အမိန့်အတု ကိစ္စအား ၁၉၈၈ ခုနှစ် ဩဂုတ်လ ၆ ရက် ကျောင်းသူတွေ့ဆုံခန်း အသံသွင်းခွေသည် ကျောင်းသူအစစ် မဟုတ်ဘဲ အတုဖြစ်ကြောင်း ဂုဏ်ယူ ဝင့်ကြွားစွာ ထုတ်ဖော်သကဲ့သို့ ကျောင်းသားသမဂ္ဂသည် မိမိနှင့် ထောက်လှမ်းရေး အဖွဲ့များအား လျှို့ဝှက် အမိန့်စာ အတုများ ပြုလုပ် ဝါဒဖြန့်ခဲ့ကြောင်း ထုတ်ဖော်ရှင်းလင်းခဲ့ရမည် ဖြစ်ပါသည်။
ယခုမူ အထက်ဖော်ပြပါ ထောက်လှမ်းရေးများ အဖျက်အမှောင့်လုပ်ရန် ဗိုလ်ခင်ညွန့်၏ လျှို့ဝှက် အမိန့်စာ သတင်း ကိစ္စအား ဗိုလ်ခင်ညွန့်တို့ဘက်ကလည်း တိတိပပ မရှင်းမလင်း၊ သမဂ္ဂသတင်းစာ ထုတ်သူများအား အရေးမယူ သကဲ့သို့ သမဂ္ဂသတင်းစာ ဦးစီးထုတ်ဝေသူ ကျောင်းသားခေါင်းဆောင် ဆိုသူများနှင့် သတင်းစာ ထုတ်လုပ် ပေးသူများဘက်ကလည်း တန်ဖိုးကြီးလှသော သမိုင်းဝင် သတင်းအချက် အလက်ကို မျက်ကွယ်ပြု၍ တုံ့ပြန်ဖြေရှင်း ခြင်း မရှိမှုနှင့် ပတ်သက်၍ စာဖတ်သူများသာ လိုအပ်သလို ကောက်ချက်ချပါရန် တင်ပြလိုက်ရပါသည်။
ဗဟုသုတ ပညာနည်းသော အဘွားအိုနှင့် မြေးမလေးသည် မိမိတို့လက်ထဲမှ အဖိုးတန် ရွှေလင်ပန်းအား တန်ဖိုး ရှိမှန်းမသိ သဖြင့် ကစားစရာ ရွဲလုံးဖြင့် လဲလှယ်ရန် ကြိုးစားခံခဲ့ ရဖူးသည့် ရွဲကုန်သည် ဇာတ်လမ်းမျိုး မြန်မာ့ နိုင်ငံရေး တွင် မဖြစ်စေရန် ပြည်သူအများသည် ကိုယ်တိုင် ပညာ၊ ဗဟုသုတကြီး သူများ ဖြစ်အောင် ကြိုစားကြပါ ဟု စာရေးသူက တိုက် တွန်းအပ်ပါသည်။
ဗိုလ်ခင်ညွန့်၏ လက်ရေးလက် မှတ်ပါသော လျှို့ဝှက်အမိန့်စာ ကိစ္စကို ၁၉၈၈ ခုနှစ် ကျောင်းသား သမဂ္ဂ သတင်းစာ ထုတ်ဝေသူများ၊ တာဝန်ရှိသူများ ဖြေရှင်းရန် သမိုင်း ပေးတာဝန် ရှိသလို၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံကြီး တွင် ဗကပ အဖျက်အမှောင့် လုပ်သူများ အဖြစ် ဗိုလ်ခင်ညွန့်အုပ်စုမှ ဝါဒဖြန့် စွပ်စွဲခံရသူ များသည်လည်း အဖြစ်မှန်ကို ထုတ်ဖော် ရှင်းလင်းရန် တာဝန် ရှိကြပါသည်။
ဆက်လက်ဖော်ပြပါမည်။ ။