၁၉၈၈ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံနောက်ပိုင်း မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီး ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်လျက်ရှိသူ အဆိုတော်ကိုမွန်းအောင်သည် ယနေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ပြည်ဝင်ခွင့်ဗီဇာ တောင်းခံရာ ငြင်းပယ်ခံ ရကြောင်း သိရသည်။
“လိုအပ်တဲ့ စာရွက်စာတမ်း အပြည့်အစုံနဲ့ ကျနော်တို့ ဘန်ကောက် မြန်မာသံရုံး ဗီဇာ ဋ္ဌာနမှာ တင်ပါတယ်။ ဒီလိုမျိုး စာအုပ်ကိုင်ဆောင်ထားတဲ့ လူတွေကို ဒီသံရုံးက ဗီဇာ ထုတ်မပေးဘူးလို့ပြောတယ်။ ဘာကြောင့် ဗီဇာ ငြင်းရတာလဲ မေး တော့ အထက်က ညွန်ကြားထားလို့ မပေးနိုင်ဘူးလို့ ဗီဇာ ဋ္ဌာနက ပြောပါတယ်”ဟု အဆိုတော် ကိုမွန်းအောင်က ဧရာ ဝတီကို ပြောဆိုသည်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၊ ဗီဇာဋ္ဌာနသို့ ဧရာဝတီက ဆက်သွယ်မေးမြန်းရာတွင် တယ်လီဖုန်း လက်ခံ ဖြေဆိုသူမရှိပေ။ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးဝင်းမောင်ကို တိုက်ရိုက်ဆက်သွယ်ရာတွင် ၎င်းအနေဖြင့် ဘန်ကောက်တွင် မရှိနေသည့် အတွက် မဖြေကြားနိုင်ကြောင်း ဧရာဝတီကို ပြောဆိုသည်။
မွန်းအောင်သည် ၁၉၈၀ နှောင်းပိုင်းနှစ်များမှာ ၈/၈၂ အင်းလျား၊ မိုးလုံးမှိုင်း၊ စိဉ္ဇမာဏဉာဏ်၊ လွမ်းရတဲ့ ညတွေ လွန်ပါစေ စီးရီးများဖြင့် အောင်မြင်ကျော်ကြားခဲ့သူဖြစ်သည်။
ယခုအခါ နော်ဝေနိုင်ငံတွင် နေထိုင်နေသည့် အဆိုတော် မွန်းအောင်သည်”ငြိမ်းချမ်းရေး မိုးစက်များ” အမည်ပေး ထားသော တေးစီးရီးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် အသံသွင်းယူ ပြီးစီးခဲ့ပြီး မြန်မာနိုင်ငံတွင် ထုတ်ဝေဖြန့်ချိရန် ပြင် ဆင်နေသည် သာမက ၂၆ နှစ်ကြာ စွန့်ခွာခဲ့သော မြန်မာပြည်သို့ ပြန်လည် ဝင်ရောက်ပြီး သူ့ ပရိသတ်အား စင်တင် တေး ဂီတဖြင့် ဖျော်ဖြေရန်လည်း ဆန္ဒရှိနေသည်ဟုလည်း ၎င်းက ဧရာဝတီနှင့် သီးသန့် အင်တာဗျူးတွင် ပြောဆိုထားသည်။
“ကျနော်က အနုပညာသမားပါ။ အခွင့်အရေးသာ ရှိခဲ့မယ်ဆိုရင် ၂၆ နှစ်ကြာ မတွေ့ခဲ့ရတဲ့ပရိသတ်တွေကို သီချင်းဆိုပြ ချင်တယ်။ တပြိုင်နက်တည်းမှာပဲ ကျနော်တို့ ဗီဇာ စလျှောက်ကတည်းက ဗီဇာ အငြင်းခံရနိုင်တယ်ဆိုတာလည်း ထည့် တွက်ထားပြီးသားပါ” ဟု ကိုမွန်းအောင်က ပြောသည်။
မြန်မာနိုင်ငံတွင် မွေးပြီး နိုင်ငံခြားသား ခံယူထားသူများနှင့်ပတ်သက်၍ ဗီဇာ မပေးဘူး ဆိုသည့် သတင်းအချက်အလက်ကို ဘန်ကောက် မြန်မာသံရုံး အင်တာနက်စာမျက်နှာတွင်လည်း ဖော်ပြမထားပေ။
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီးနောက်ပိုင်း ပြည်ပရောက် မြန်မာနိုင်ငံသားများအားလုံး ရာဇဝတ်မှု ကျူးလွန်ခဲ့ ခြင်း မရှိပါက မြန်မာနိုင်ငံသို့ လာရောက်ကြရန် ဖိတ်ခေါ် ပြောဆိုခဲ့သည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သောအဖွဲ့သည် နော်ဝေနိုင်ငံသို့ လာရောက်စဉ်က လည်း မြန်မာ့နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများအား အဝေးမှ မကြည့်ပဲ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ် လေ့လာရန် ဖိတ်ကြားခဲ့သည်။
သို့သော် လွန်ခဲ့သည့် လက ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ မြစ်တော်စပ်သူ နော်ဝေနိုင်ငံသားခံယူထားသည့် ကဗျာဆရာ ချိုစိမ့် ကိုလည်း ဘန်ကောက် မြန်မာ သံရုံးက ပြည်ဝင်ခွင့် ဗီဇာ ငြင်းပယ်ခဲ့သည်။
လွန်ခဲ့သည့် ရက်ပိုင်းက နော်ဝေနိုင်ငံသား ခံယူထားသူ ဒီဗွီဘီသတင်းဋ္ဌာနမှ မအေးအေးမွန်မှာမူ ဘန်ကောက် မြန်မာ သံရုံးမှပင် ဗီဇာ ထုတ်ပေးခဲ့ကြောင်း၊ အဆိုပါကိစ္စသည် မိခင်ကျန်းမာရေး မကောင်း၍ စာတင်သည့်အတွက် ဗီဇာထုတ် ပေးခြင်းဟု ဘန်ကောက် မြန်မာသံရုံးက ဖြေကြားသည်။
ဘန်ကောက် မြန်မာသံရုံးတွင် ဗီဇာ လျှောက်ထားရာတွင် မြန်မာသံရုံး၏ လျှောက်လွှာ ပုံစံများသည် တခြားနိုင်ငံများ၏ ပြည်ဝင်ခွင့်ဗီဇာ လျှောက်လွှာမျိုးနှင့် မတူကြောင်း နော်ဝေနိုင်ငံသား အဆိုတော်မွန်းအောင်က ဆိုသည်။
၈၈ကျောင်းသားခေါင်းဆောင်ဟောင်း မိုးသီးဇွန်သည်လည်း မြန်မာနိုင်ငံသို့ ၂ ကြိမ်တိုင် အလည်အပတ်သွားခဲ့ပြီး နောက်ထပ်ဗီဇာ ထုတ်ပေးရန် မြန်မာအစိုးရက ငြင်းပယ်ခဲ့သည်။ သူရိယနေဝန်း ဂျာနယ် တည်ထောင်သူ ၈၈ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုမိုးဟိန်းသည်လည်း ၅ နှစ်အရွယ် သားသမီးအပါအဝင် မိသားစုနှင့် အတူ နာမည်ပျက် စာရင်းသွင်းကာ ဗီဇာ ထပ်မံ ထုတ်ပေးမှုကို ငြင်းဆိုခဲ့သည်။
ထို့အပြင် မြန်မာနိုင်ငံသားဟောင်း အမေရိကန် နိုင်ငံသား ကိုမောင်မောင်ဝမ်းသည်လည်း မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာ သွားရောက်သင်ကြားခဲ့မှုအား ဗီဇာ ရက်လွန်ခြင်း အကြောင်းပြချက်ဖြင့် မြန်မာနိုင်ငံမှ ပြန်လည်နှင်ထုတ်ခံခဲ့ရသည်။
“အခုလို ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေတယ်လို့ မြန်မာအစိုးရက ပြောနေပေမယ့် ကျနော်ကိုယ်တိုင် အခု တွေ့ရ တဲ့အခြေအနေအရ ဘာမှ ပြောင်းလဲတာ မတွေ့ရသလို စိတ်ပျက်တယ်လို့ပဲ ပြောချင်တယ်” ဟု အဆိုတော်မွန်းအောင်က ဆိုသည်။