မန္တလေးမြို့ရှိ တောင်သမန်အင်း၊ ဦးပိန်တံတားကို လွန်ခဲ့သော နှစ်၂၀ ဆယ် ကျော်က အလည်လာ ရောက် ဖူးသော နိုင်ငံခြားသား တယောက် ယခု ၂၀၁၄ နိုဝင်ဘာလတွင် တခေါက်ပြန်လာ လည်ပတ်ရာမှ လိုက်ပို့ သော ခရီးသွားလမ်း ညွှန်နှင့် ပြဿနာ တက်ကြသည်။
တောင်သမန်အင်း မဟုတ်ဘဲ တခြားနေရာ တခုကို ရောက်လာသည်ဟု အဆိုပါ နိုင်ငံခြားသားက စွပ်စွဲလေ ရာ ခရီးသွား လမ်းညွှန်လည်း ဦးပိန်တံတားကို လက်ညှိုးထိုးကာ ထပ်ခါထပ်ခါ ရှင်းပြရပြီး တော်တော်ကြာမှ အဆိုပါ နိုင်ငံခြားသား စိတ်လျှော့သွားပုံရသည်။ ဘာမှတော့ အထွန့် မတက်တော့။ “တောင်သမန်အင်း ဘယ်လို ဖြစ်သွား ရတာတုန်း” ဆိုသည့် စကားကိုသာ ထပ်ခါထပ်ခါ ပြောနေတော့သည်။ ဟုတ်ပါသည်။ တောင်သမန် ဘာတွေ ဖြစ်ကုန် ပါလိမ့်။
အကယ်၍ တောင်သမန်အင်း၊ ဦးပိန်တံတားသို့ ယခုမှ စတင်လာရောက် လည်ပတ်ဖူးသည့် ဧည့်သည်တဦး ဆိုလျှင်တော့ အဆိုပါ နိုင်ငံခြားသားကဲ့သို့ တောင်သမန် ဘာဖြစ်သွားတာလဲ မေးလိမ့်မည် မဟုတ် ပါ။ ပုံမှန်အတိုင်း နောက်ကျိကျိ အင်းရေပြင်တွင် ငှက်လှေစီး ပါလိမ့်မည်။ တံတားပေါ်လမ်းလျှောက်ပါ လိမ့်မည်။ စစ်ကိုင်းတောင်ရိုး နေဝင်ချိန်ကို ဦးပိန် တံတားပေါ်မှတဆင့် ကင်မရာဖြင့် မှတ်တမ်းတင်ပါ လိမ့်မည်။ ပြီးလျှင်တော့ တံတားအောက်ခြေရှိ စားသောက်ဆိုင်များတွင် ဘူးသီးကြော်၊ ငါးကြော်တို့ စားသောက်ပြီး ပြန်သွား ပါလိမ့်မည်။
တောင်သမန် ရှုခင်း လွန်စွာလှကြောင်း၊ ကမ္ဘာကျော် ဦးပိန်တံတား ကြီးပေါ်တွင် လမ်းလျှောက်ရသည်မှာ စိတ်လှုပ်ရှား ဖွယ်ကောင်းကြောင်း အသိမိတ်ဆွေများကို ပြန်ပြောင်း ပြောပါလိမ့်မည်။ သို့သော် လွန်ခဲ့သော အနှစ် ၂၀ ကျော်က တောင်သမန်တံတားသို့ အလည်လာ ရောက်ဖူးလျှင်မူ ယနေ့တောင်သမန်၊ ဦးပိန်တံတားကို မြင်လိုက်ပါက အဆိုပါ နိုင်ငံခြားသားကဲ့သို့ပင် What happen Taung-Tha-Man? ဆိုသည့် မေးခွန်းကို ထပ်ခါထပ်ခါ မေးပါလိမ့်မည်။ တကယ်တော့ တောင်သမန်ဒေသခံများ အဆိုပါမေးခွန်းကို အကြိမ်ပေါင်း များစွာ မရေမတွက်နိုင်မေးခဲ့သည်မှာ ကြာလှပါချေပြီ။
တောင်သမန်၊ မြလျှံအဆင်း၊ တိမ်ထန်းသပြေညိုနှင့် ငါးခိုတဲ့အင်း ဆိုသည့် စာချိုးလေးအား ရင်းနှီးဖူး ပါ လိမ့်မည်။ ရှေးမြန်မာမင်းများ လက်ထက်မှ စစ်အစိုးရခေတ်ဦးပိုင်း ၁၉၉၅ အချိန်အထိ တောင်သမန်အင်း ရေပြင်သည် လွန်စွာကြည်လင် ရှင်းသန့် လှသည်။ ငါးမြင်း၊ ငါးကြင်း၊ ငါးရံ့၊ ငါးဘတ်၊ ငါးလူး၊ ငါးလဲ၊ ငနက်ပြာ၊ ငဒယ်ပြား၊ ငါးသန်၊ ငါးသလဲထိုး၊ ငါးလပေ၊ ငါးပြေမ၊ ငါးနက်သန်၊ ငါးခုံးမ၊ ငါးမြွေနီ စသည့် ငါးမျိုးများသာမက ကမာကောင်၊ ပုဇွန်လုံး များလည်း များပြားစွာ တွေ့ရှိနိုင်ခဲ့သေးသည်။
ဆောင်းတွင်း ရေကျချိန် ကျန်ရှိနေသည့် အဆိုပါ ငါးမျိုးစိတ်များ၊ ကမာကောင်များ၊ ပုဇွန်လုံးများအား ခရီး တထောက် နားရင်း လာစားကြသည့် ဆောင်းခိုငှက်များဖြင့် သဘာဝဂေဟစနစ် ပေါကြွယ်ဝစွာ တည်ရှိသည့် ဇီဝမျိုးကွဲစိတ်များ ခိုလှုံရာ အင်းကြီး တခုဖြစ်ခဲ့ ဖူးသည်။
သို့သော်လည်း ၁၉၉၅ ခုနှစ်ဝန်းကျင်တွင် ရေထိန်းတံခါးများ စတင်ပြုလုပ်ခဲ့ပြီး ယင်းရေထိန်း တံခါးများမှ ရေများ အဆက်မပြတ် ဖြည့်တင်းနေမှုကြောင့် အင်းအတွင်း ရေအမြဲတမ်း ပြည့်နေရာမှ သဘာဝ ဂေဟ စနစ်များ ပျက်ယွင်းရုံ သာမက ဒေသခံ တောင်သူများ၏ ဘဝပါ ပျက်ခဲ့ရလေတော့သည်။ ရေထိန်း တံခါးများ စတင် တည်ဆောက်စဉ်က ဒေသခံများ၏ စိုက်ပျိုးရေး အတွက် ရေပေးဝေနိုင်ရန် တည်ဆောက်ခဲ့ သည်ဟု ထင်မှတ်ခဲ့ကြ သော်လည်း အမှန်တကယ်အားဖြင့် ငါးမွေးမြူရန်သာ ဖြစ်သည်။
၁၉၉၅ ခုနှစ်မှ စတင် ရေလှောင်ကာ ငါးမွေးမြူရေး လုပ်ငန်း လုပ်ကိုင်ရာမှ ဦးပိန်တံတား တောင်ဘက်ရှိ လယ်ယာမြေများ၊ တံတား မြောက်ဘက်ရှိ တောင်သမန်၊ ပန်းပဲ၊ ဘုံးအိုး၊ ဥယျာဉ်တော်၊ တံခွန်တိုင်၊ မှန်တမ်း၊ ရွှေဂွမ်းထုပ်၊ ဆင်စွယ်ပွတ်၊ လေးစု စသည့် ကျေးရွာ ရပ်ကွက်များရှိ လယ်ယာမြေများ ထောင်နှင့် ချီ၍ ရေ အောက်မြုပ်ခဲ့ရသည်။ ထိုမှစကာ ဓားမဦးချ တောင်သူ အလုပ်ကို လုပ်ခဲ့ကြသည့် တောင်သူများမှာ ကြုံရာ ကျပန်း ဘဝဖြင့်သာ ရှင်သန်ရတော့သည်။
ထို့နောက်တွင်ကား လွန်စွာ ကြည်လင်သန့်ရှင်း လှသည့် အတွက် မြသားအလား တင်စားခဲ့ရသည့် တောင် သမန် ရေပြင်ကား ရေဝေရေလဲ မရှိတော့ရုံ သာမက ရေညစ်ညမ်းရသည့် တခြားအကြောင်းအရာ တခုလည်း ရှိသေးသည်။ တံခွန်တိုင် နွားဘေးမဲ့ အရှေ့ဘက် တဖာလုံခန့် အကွာ ရတနာပုံတက္ကသိုလ်သို့သွား သည့် ကန်ပတ်လမ်းတွင် တံတားတခုရှိပြီး ယင်းတံတား၏ အောက်ခြေတွင် စက်မှုဇုန်ဘက်မှလာသည့် တူးမြောင်း ရှိကာ အဆိုပါ တူးမြောင်းမှ ညစ်ညမ်းသော ရေပုပ်များ ဆယ့်နှစ်ရာသီ စီးဝင်နေသည့် အတွက် အင်းရေပြင် မှာ ညစ်ညမ်းသည့်နေရာတွင် နာမည် ကျော်ခဲ့ ပေတော့သည်။ တောင်သမန် ဒေသခံများပင် ရေဆင်းမချိုးတော့သည့် အဆင့်အထိရောက် လာခဲ့သည်။
သင်္ကြန်တွင်း လာရောက် လည်ပတ်သူများ အပျော်လွန်ပြီး ရေဆင်းချိုးကြလျှင်လည်း အိမ်ရောက်လျှင် ရေမြန်မြန် ပြန်ချိုးရသည်အထိ ညစ်ညမ်းမှု အဆင့်မြင့်မား လှသည်။ ရေသေဖြစ်သောကြောင့် ခြင်ကြီးများ ပေါက်ဖွားနှုန်း မြင့်တက်လှပြီး ညနေခင်း တောင်သမန်ကန်ဘေး လေညင်းခံရန်ကိစ္စမှာ ခြင်ဆေးခွေ များများပါမှ အဆင်ပြေသည့် အခြေအနေ ဖြစ်နေ တော့သည်။
ငါးမျိုးစိတ် စုံလင်စွာ ရှိခဲ့သည့် တောင်သမန်အင်းတွင် ယခုအချိန်တွင်မူ ရေညစ်ညမ်းမှုဒဏ်ကို ခံနိုင်သော တီလားပီးယား ငါးများသာ ကျန်ရှိတော့သည်။ ထို့အတူပင် ငှက်ကြီးဝံပို၊ ဇင်ယော်၊ တက်ကြီး၊ ဗျိုင်းစပ် စသည့် ဆောင်းခိုငှက်ကြီးများ တောင်သမန် ကန်ရေပြင်တွင် နှစ်စဉ်နားခိုကြသည် ဆိုသည်မှာလည်း ယခုတော့ ပုံပြင်တပုဒ် ဖြစ်ခဲ့သည်။ ခြုံပြောရလျှင် တောင်သမန် ရေဝေရေလဲ ဒေသကား သဘာဝဂေဟ စနစ် လုံးဝနီးပါး ပျက်စီးသွားခဲ့သည် ဟု ဆိုရမည်။
ယင်းကဲ့သို့ ဖြစ်ပေါ်နေသည့် အတွက် အမရပူရ လွှတ်တော်အမတ် ဦးသိန်းထွန်းဦးက တောင်သမန်ကန်အား ယခင်အတိုင်း ရေဝေရေလဲ ဧရိယာအဖြစ် သတ်မှတ်ပေးရန်၊ ရေမြုပ်ဧရိယာ ၈၀ ဧကသာရှိသော တောင်သ မန် ကန်တွင် ယခု ရေမြုပ်ဧရိယာ ၁၂၆၀ ဧက ရှိနေပြီ ဖြစ်သည့် အတွက် တိမ်မြုပ်ပျောက်ကွယ် နေသော လယ်ယာမြေများ ပြန်လည် ဖော်ထုတ်ပေးနိုင်ရန် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်တွင် မေးခွန်း မေးမြန်းခဲ့သည်။
အဆိုပါ မေးမြန်းမှုကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ စက်မှုဝန်ကြီး ဌာနနှင့် မြို့တော်စည်ပင် သာယာရေး ဌာနတို့ ကိုယ်စား လည်/ဆည် ဝန်ကြီး ဌာနက တောင်သူများ စိုက်ပျိုး ရာတွင် အသုံးပြုသော မြေဩဇာများသည် တောင်သမန်ကန် အတွင်း သဘာဝအတိုင်း ကျင်လည်ကျက်စား နေသော ငါးမျိုးစိတ်များအား Side effect ဖြစ်စေနိုင်ကြောင်း၊ စက်မှုဇုန် ရေဆိုးများ တောင်သမန်ကန် အတွင်း စွန့်မပစ်ရန် လုပ်ဆောင်ထားပြီ ဖြစ်ကြောင်း၊ ကျန်းမာရေး စစ်တမ်းများ အရ တောင်သမန် ဒေသ တွင် သွေးလွန်တုပ်ကွေးရောဂါ အပါအဝင် ခြင်နှင့်ဆက်စပ်သော ရောဂါများဖြစ်ပွားခြင်း မရှိပါကြောင်း လာရောက်ဖြေဆိုခဲ့သည်။
လယ်/ဆည်ဝန်ကြီး၏ ဖြေကြားချက်များ အပေါ် ဘယ်လိုမြင်ပါသလဲဟု မေးမြန်းကြည့်ရာ တော်တော်လေးကို အံ့ဩဖို့ ကောင်းတဲ့ ဖြေကြားချက်တွေပါပဲ ဟု အမရပူရ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ပြော သည်။
ယခုနှစ် တောင်သမန်အင်းကို လေလံအောင်သူ ငါးလုပ်ငန်းရှင်က ၎င်းလေလံအောင်ပါက တောင်သမန ်ဒေသကို ယခင်အတိုင်း ရေဝေရေလဲအင်း ဖြစ်စေရမည်ဟု လေလံ မအောင်ခင် အချိန်က ပြောထား ဖူးကြောင်း၊ အပြောနှင့် အလုပ် ညီမညီကိုမူ စောင့်ကြည့်ရမည် ဖြစ်ကြောင်း ၎င်းက ဖြည့်စွက် ပြောကြားသည်။
တောင်သမန်ကန်တွင် ရေအမြဲ လှောင်ကာ ငါးမွေးမြူရေး လုပ်ငန်း လုပ်သောကြောင့် အကျိုးရှိသူများမှာ မြို့တော်စည်ပင်၊ စက်မှုဇုန် စက်ရုံများ၊ အင်း လေလံအောင်သူနှင့် ရေလုပ်သားများသာ ဖြစ်သည်။
ယခုနှစ်တွင် အင်းလေလံအား သိန်း ၄ ထောင်ဖြင့် ဆွဲထားသည် ဟု သိရသည်။ စက်ရုံများမှ ရေဆိုးစွန့် ပစ်ခကို မည်သူတို့ မည်သို့ မည်ပုံ ခွဲဝေယူကြ သည်ကိုမူ အတိအကျ မသိရသောကြောင့် ဤနေရာတွင် မပြောလိုပါ။
မြင်သာသော အကျိုးကျေးဇူးကို ပြပါဆိုလျှင် တောင်သမန်အင်းအား သိန်း ၄ ထောင်ဖြင့် လေလံ ဆွဲထား သည့် အတွက် မြို့တော်စည်ပင် အနေဖြင့် ဘဏ္ဍာရေး တနှစ်အတွက် သိန်း ၄ ထောင် ရမည် ဖြစ်သည်။ အင်းရေပြင်ရှိသည့် အတွက် ငှက်လှေသမား ၁၀ဝ ဝန်းကျင်ခန့် ခရီးသွားရာသီတွင် အလုပ်အကိုင် ရပါသည်။
တခြားတဘက်တွင်မူ လယ်ဧက ၁ ထောင် ကျော် လုပ်ပိုင်ခွင့် မရဘဲ ထိုင်ကြည့်နေရသော လယ်သမားများ၊ ရေထု ညစ်ညမ်းမှုဒဏ်ကို ခံနေရသည့် ဒေသခံပြည်သူများ၊ ငါးမျိုးစိတ်များ၊ ကမာကောင်များ၊ ဂုံးများ၊ ဆောင်းခိုငှက်များ အကြား ပျောက်ကွယ်သွားသည့် ဂေဟစနစ်များ ရှိနေပါသည်။
အဆိုပါ ကိစ္စရပ်များ အပြင် မြန်မာပြည်တွင် သာမက ကမ္ဘာတလွှားတွင်ပါ ကျော်ကြားသည့် ဦးပိန် တံတားကြီး၏ ရေရှည်ခိုင်ခံ့မှုမှာ မဖြစ်မနေထည့်သွင်း စဉ်းစားရတော့မည့် ကိစ္စကြီးတခုဖြစ်သည်။ မန္တလေးမြို့သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားတိုင်း မဖြစ်မနေ လာရောက်ကြသည့် Major Tourist Attraction တခုဖြစ် သည့် ဦးပိန်တံတားမှာ ရှေးဟောင်းလက်ရာ အမွေအနှစ် ပီပီပြင်ပြင် မရှိချင်တော့ပါ။ လက်ရှိ ဦးပိန်တံတားမှာ ကြံ့ခိုင်မှု ကျဆင်း နေသည့် အတွက် တိုင်လုံးများ၊ ကြမ်းခင်း အသစ်များ၊ ကွန်ကရစ်တိုင်များဖြင့် ကျားကန်ပေးနေရသည်မှာ အားလုံး အသိဖြစ်ပါသည်။
ကျွန်းတိုင်ကြီးများကို မြေအဝင် ၇ ပေတွင် နှစ်ထပ်တံတားပုံစံ တည်ဆောက်ထားသည် ဟုဆိုသော်လည်း ရေအမြဲ ဝင်နေသည့် ဒဏ်ကို ယင်းရှေးဟောင်း ကျွန်းတိုင်ကြီးများ နှစ်ပေါင်းမည်မျှ တောင့်ခံနိုင်ဦးမည်လဲ ဆိုသည့် မေးခွန်းမှာ ရှေးဟောင်းသုတေသန ပညာရှင်များ အတွက်သာမက ခရီးသွားလုပ်ငန်း တခုလုံးနှင့် သက်ဆိုင်သော မေးခွန်းတခု ဖြစ်ပါသည်။ ရေဝင်ရောက်မှု ဒဏ်ကို အမြဲခံနေရလျှင် အဆက်မပြတ်ပြုပြင် ကျားကန် ပြုပြင်ပေးနေ ရမည်သာ ဖြစ်သည်။
ဤသို့ဆိုလျှင် နောက် ၁၀ နှစ်၊ နှစ် ၂၀ ခန့် နေလျှင် ဦးပိန်တံတားမှာ ရှေးဟောင်းတဝက်၊ ခေတ် သစ်လက် ရာ တဝက်ပုံစံ ဖြစ်လာနိုင်သည့် အလားအလာ ရှိလာမည် ဖြစ်ပါသည်။ ထိုအချိန်တွင် ကမ္ဘာလှည့် ခရီးသွား များကိုဆွဲဆောင်နိုင်မှု ရှိပါ့မလား ဆိုသည့် မေးခွန်းကို တာဝန်ရှိလူကြီးများ စဉ်းစားဖို့ လိုလာပြီ ဖြစ်သည်။
ထို့အတူပင် “တောင်သမန်အင်း ဘယ်လို ဖြစ်သွား ရတာတုန်း” ဆိုသည့် နိုင်ငံခြားသားတဦး၏ နှမြောတသကြီးစွာဖြင့် ရေရွတ် လိုက်သော မေးခွန်း တခုကိုလည်း ဖြေဆိုရန် စဉ်းစားသင့်ပြီ ဖြစ်ပါကြောင်း။ ။