Human Rights

လူ့အခွင့်အရေး ကော်မရှင်သစ် လွတ်လပ်မှု ရှိနိုင်မလား

This article has been converted from Zawgyi One to Unicode

မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်သစ်ကို အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြီးခဲ့သည့် စက်တင်ဘာလ ၂၅ ရက်က ပြန်လည် ဖွဲ့စည်းခဲ့သည်။

ယင်း လူ့အခွင့်အရေး ကော်မရှင်သစ်ကို ၂၀၁၄ ခုနှစ် မတ်လ ၂၈ ရက်က ပြဌာန်းခဲ့သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဥပဒေ အရ ပြန်လည်ဖွ့ဲစည်းခဲ့ခြင်း ဖြစ်သည်။

လူ့အခွင့်အရေး ကော်မရှင် ဥပဒေတွင် ဖော်ပြပါရှိချက်အတိုင်း အစိုးရဝန်ထမ်း အများစု ပါဝင်သည့် ကော်မရှင်အဖွဲ့ဝင်လောင်း စိစစ် ရွေးချယ်ရေးအဖွဲ့ကို နိုင်ငံတော် သမ္မတက ဖွဲ့စည်းပေးပြီး ယင်းစိစစ် ရွေးချယ်ရေးအဖွဲ့က မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် အတွက် အဖွဲ့ဝင်များ၏ နာမည်စာရင်းများကို တင်ပြရွေးချယ်ရမည် ဖြစ်သည်ဟု ဥပဒေတွင် ပါရှိသည်။

ထိုကော်မရှင်သစ်သည် ယခင် ကော်မရှင်အဖွဲ့အား ပြန်လည် ဖွဲ့စည်းထားခြင်း ဖြစ်၍ ဘဏ္ဍာရေး လွတ်လပ်မှုနှင့် စုံစမ်းစစ် ဆေးမှု လုပ်ပိုင်ခွင့် မည်မျှရှိနိုင်မည်နည်းဟု လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများ က မေးခွန်းထုတ်နေကြသည်။

၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် စတင် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့် သုံးနှစ်တာ ကာလအတွင်း တိုင်ကြားခဲ့သည့် အမှုပေါင်း တသောင်းကျော်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ သော်လည်း လက်တွေ့တွင် ထိရောက်သည့် စစ်ဆေးမှုများ မရှိခဲ့ကြောင်း အရပ်ဘက် လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့များ က ဝေဖန် ထောက်ပြခဲ့ကြသည်။

သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ရွေးချယ်ခန့်အပ်ခဲ့သည့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်(MNHRC) ၏ ဆောင်ရွက် မှု များသည် လွတ်လပ်မှု မရှိဘဲ အစိုးရ၏ အုပ်ချုပ်မှုအောက်တွင်သာ ရှိနေကြောင်း၊ လူ့အခွင့်အရေး ကာကွယ်တားဆီးမှုများတွင် လည်း ထိရောက်မှု မရှိသေးကြောင်း မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့နှင့် ညီမျှခြင်း-မြန်မာ အဖွဲ့တို့၏ ပူးပေါင်းထုတ်ပြန် သည့် အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

ယင်းအစီရင်ခံစာနှင့်ပတ်သက်၍ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်သူများ အဖွဲ့ တာဝန်ခံ ဒေါ်ခင်ဥမ္မာ က “ဦးသိန်းစိန် အစိုးရ လက် ထက်မှာ နိုင်ငံရေးအကျဉ်းသားတွေကို တဘက်က လွှတ်ပေးတယ်။ တဘက်က ပြန်ဖမ်းတယ်။ ဒုတိယနှစ်ကျောင်းသူ မဖြူနှင်းထွေး အဖမ်းခံခဲ့ရတာ၊ အခြေခံပြည်သူတွေက ကိုယ့်အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ကိစ္စကို ဖော်ထုတ်တဲ့ တောင်သူ လယ်သမားတွေ အဖမ်းခံ၊ တရား စွဲခံနေရတာဟာ ပုံစံသစ်တခု အနေနဲ့ ဖြစ်နေတယ်”ဟု သတင်းစာ ရှင်းလင်းပွဲ၌် ပြောခဲ့သည်။

ဦးသိန်းစိန် အစိုးရ လက်ထက် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေး ကော်မရှင်ကို ဖွဲ့စည်းနိုင်ငံခဲ့သော်လည်း၊ လူ့ အခွင့်အရေး ချိုးဖောက်မှု များကို ထိထိရောက်ရောက် အရေးယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ မြန်မာ့ လူ့အခွင့်အရေး ကော်မရှင်သည် အာဆီယံနိုင်ငံများ အတွင်း၌ ၅ နိုင်ငံ မြောက် လူ့အခွင့်အရေး အဖွဲ့လည်း ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြန်လည် ဖွဲ့စည်းလိုက်သည့် ကော်မရှင်သည် သမ္မတ ဦးသိန်းစိန်၏ သဘောထားနှင့်ခန့်အပ်ခြင်း မဟုတ်တော့ဘဲ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဥပဒေပါ အတိုင်း ရွေးချယ်ရေး ဘုတ်အဖွဲ့ တခုမှ ရွေးချယ်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

ထိုကော်မရှင်သည် ဥပဒေပါ အတိုင်း အသစ်ပြန်လည် ဖွဲ့စည်းခဲ့သော်လည်း ဥပဒေပါ အချက်များအရ ကြည့်မည်ဆိုလျှင် အားသာချက်၊ အားနည်းချက်များလည်း ပါဝင်နေသေးသည့် အတွက် ယခင် ကော်မရှင်အတိုင်းပဲလား၊ လွတ်လပ်စွာ လုပ်ပိုင်ခွင့် ရှိလာနိုင်ပါ့ မလားဟုလည်း လူ့အခွင့်အရေး လှုပ်ရှားနေသူများက မေးခွန်း ထုတ်နေကြခြင်း ဖြစ်သည်။

အားသာချက်များကို ကြည့်မည်ဆိုလျှင် အသစ်ပြန်လည် ဖွဲ့စည်းခဲ့သည့် ကော်မရှင်ပါ ဝန်ထမ်းများကို စိစစ်ရွေးချယ်ရေး ဘုတ်အဖွဲ့က အမည်စာရင်း တင်သွင်းပြီး သမ္မတက ရွေးချယ်သည့် စနစ်သို့ ပြောင်းလဲခဲ့သည်။

သမ္မတ၏ သဘောထား အတိုင်း ရွေးချယ်ခွင့်ရှိသော်လည်း ကော်မရှင်တွင် ပါဝင်မည့်သူများ၏ စံသတ်မှတ်ချက်များကို ဥပဒေတွင် ပြဌာန်းထားသည့် အတွက် ယင်းအချက်သည် ယခင်ကထက် တိုးတက်မှု ရှိလာသည်ဟု ဆိုရမည် ဖြစ်သည်။

ကော်မရှင် အဖွဲ့ဝင်များကိုလည်း ဥပဒေ အရ နည်းဥပဒေပါ အချက်အလက်အတိုင်း ရွေးချယ်တင်မြှောက်ရမည် ဖြစ်သော်လည်း နည်းဥပေဒေ မထွက်သေးဘဲ ရွေးချယ် ဖွဲ့စည်းထားခြင်းမှာလည်း ဝေဖန် ထောက်ပြစရာ ဖြစ်နေသည်။ နည်းဥပဒေသည် မြန်မာနိုင်ငံ အမျိုးသား လူ့ အခွင့်အရေး ကော်မရှင် ဥပဒေကို ပြဌာန်းခဲ့ပြီး နောက် ရက်ပေါင်း ၉၀ အတွင်း  ပြဌာန်းရမည် ဖြစ်သည်။

ထို့အတူ ရွေးချယ်မှု ဘုတ်အဖွဲ့ဝင်များကို ကြည့်မည်ဆိုလျှင်လည်း ဘုတ်အဖွဲ့ဝင် ၁၀ ဦး၌ ဝန်ကြီးဌာနများမှ ဝန်ကြီး နှစ်ဦး၊ အစိုးရ အရာရှိ ငါးဦး၊ လွတ်တော် ကိုယ်စားလှယ် နှစ်ဦးနှင့် အမျိုး သမီးရေးရာ အဖွဲ့ဝင်တဦး ပါဝင်နေခြင်းကြောင့် အစိုးရဘက်မှ ပါဝင်သူ များပြားနေသည်။

ညီမျှခြင်း-မြန်မာ အဖွဲ့မှ ဦးအောင်မျိုးမင်း က “ဒီကော်မတီ ရွေးချယ်မှု အပိုင်းမှာ ကြည့်မယ်ဆိုရင် အစိုးရကနေ ရွေးချယ်တာ များနေ တယ်။ အထူးသဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန က ရွေးချယ်တာ များနေတယ်။ ဘာပဲ ဖြစ်ဖြစ် လူ့အခွင့်အရေး ကော်မရှင်ကို ပြည်ထဲ ရေးက ရွေးကတည်းက ကျနော်တို့ အတွက် စိုးရိမ်စရာ ဖြစ်နေပါတယ်”ဟု ဆိုသည်။

“အစိုးရရဲ့ ချုပ်နှောင်မှု ပုံစံ ဖြစ်နေတယ်။ ရှားရှားပါးပါး လူထု အခြေပြု ကိုယ်စားလှယ် နှစ်ဦးပါနေတယ်။ အဲဒါကို သေချာ ပြန်လေ့ လာမယ်ဆိုရင် တရားဝင်အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းက ကိုယ်စားလှယ်ဖြစ်ရမယ် ဆိုတာပါတယ်။ ကျနော်တို့ကို ဘာပြန်ချုပ် ထားသလဲဆိုတော့ အဲဒီမှာ ပါမယ့်သူတွေက မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း၊ အစိုးရက အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းမျိုး ဖြစ်ရမယ် ဆိုတော့ ကျနော်တို့ တိုင်းပြည်မှာ အစိုးရ အသိအမှတ်ပြုထားတဲ့ အဖွဲ့ဆိုတာ သိတဲ့အတိုင်းပါပဲ။ အစိုးရ လက်ညှိုးထိုး ဖွဲ့ထားတဲ့ အဖွဲ့တွေပဲ များနေတဲ့ အတွက် နှစ်ဦး ပါဝင်တာတောင်မှ သူတို့ရဲ့ ကိုယ်စားပြုမှုအပိုင်း ပါဝင်နေတယ် ဆိုတာ ထောက်ပြ စရာ ဖြစ်လာပါတယ်”ဟုလည်း ဦးအောင်မျိုးမင်း က ဆက်လက် ပြောဆိုသည်။

လက်ရှိ ကော်မရှင်၌ ယခင် အဖွဲ့ဝင်များထဲမှ တချို့ ပြန်လည် ပါဝင်နေသည်ကို တွေ့ရသော်လည်း တိုင်းရင်းသား လူမျိုးများ ပါဝင်ခြင်း နည်းပါးသည့်အတွက် တိုင်းရင်းသားများ၏ အရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်းလည်း တိုင်းရင်း သား ခေါင်းဆောင် တချို့က ဝေဖန်သုံးသပ်ကြသည်။

ချင်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးငိုင်ဆာ့စ် က “တိုင်းရင်းသား လူမျိုး အဖွဲ့ဝင်တွေ ပါဝင်တော့ တိုင်းရင်းသား နယ်မြေ တွေမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကို ကိုယ်တိုင်ကိုယ်ကျ နားလည် သဘောပေါက်နိုင်တယ်၊ မေးမြန်းစုံစမ်းနိုင်တယ်။ နောက်ပြီး ဘာသာရေး ကွဲပြားနေတဲ့သူတွေ ပါဝင်တာလည်း မတွေ့ရဘူး။ ဒီအချက်တွေက ဘာသာရေးနဲ့ ဆက်နွယ်လာတာ၊ တိုင်းရင်း သား အရေးနဲ့ ဆက်နွယ်တဲ့ ကိစ္စတွေကို စုံစမ်းစစ်ဆေးတဲ့ နေရာမှာ အခက်အခဲ ဖြစ်နိုင်တယ်”ဟု ပြောဆိုသည်။

ထို့အတူ စုံစမ်းစစ်ဆေးမှု အပိုင်းကို ကြည့်မည်ဆိုလျှင် ယခု ပြဌာန်းထားသည့် ဥပဒေတွင် စုံစမ်းစစ်ဆေးမှု အာဏာ ယခင်ထက် ပို၍ ခွင့်ပြုထားချက်များကိုလည်း တွေ့ရသည်။ လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်ပျက်ပြီးသည့် ကိစ္စများကို စုံစမ်းစစ်ဆေးနိုင်ရုံ မကဘဲ စနစ်တကျ ကျူးလွန်ရန် ဖြစ်လာနိုင်သည့် လူ့အခွင့်အရေးချိုးဖောက်မှု ပုံစံများကိုလည်း ကြိုတင်စုံစမ်းနိုင်မည့် အချက်သည်အားသာ ချက် တခု ဖြစ်သည်။

နောက်အားသာချက် တခုမှာ လူ့အခွင့်အရေး ကော်မရှင်၏ လုပ်ပိုင်ခွင့်များထဲတွင် လူထု အခြေပြု အဖွဲ့များနှင့် တိုင်ပင် ညှိနှိုင်းရေး၊ တတ်နိုင်သမျှ ပူးပေါင်းလုပ်ဆောင်ရွက်ရေး ဆိုသည့်အချက်များ ပါဝင်သည်။

လာရောက်တိုင်ကြားသူများကို အပြစ်ပေး အရေးယူခြင်းမရှိရန် လူ့အခွင့်အရေးကော်မရှင် အနေနှင့် အကာအကွယ် ပေးရမည် ဖြစ်ကြောင်း၊ လူ့အခွင့်အရေး ကော်မရှင်က တိုင်ကြားချက်၊ တင်ပြချက်များကို သက်ဆိုင်ရာ အစိုးရက ရက်ပေါင်း ၃၀ အတွင်း မည်သည့် အခြေအနေ ဆောင်ရွက်နေပြီ ဆိုသည်ကို ပြန်လည် အကြောင်းကြားရမည် ဆိုသည့်အချက်များ ပါဝင်လာခြင်းသည် တိုးတက်သည့် အခြေအနေ ဖြစ်ကြောင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို လိုက်ပါဆောင်ရွက်နေသည့် ရှေ့နေ တဦးက ပြောသည်။

ကော်မရှင်၏ ငွေကြေး သုံးစွဲနိုင်မှု အပိုင်းကို ကြည့်မည် ဆိုပါက ယခင်က သမ္မတ ဦးသိန်းစိန်၏ ရွေးချယ်မှုဖြင့် ဖွဲ့စည်းထားသောကြောင့် လွှတ်တော်အတွင်း လူ့အခွင့်အရေး ကော်မရှင် အတွက် ဘဏ္ဍာငွေ တောင်းခံမှုကို ပယ်ချခံခဲ့ရပြီး သမ္မတရုံး၏ ဘတ်ဂျက်မှ တောင်းခံ အသုံးပြုခဲ့ရသည်။

ယခု ဥပဒေသည် လွှတ်တော်၏ အတည်ပြုချက်နှင့် ပြဌာန်းခဲ့သောကြောင့် လူ့အခွင့်အရေး ကော်မရှင် အတွက် သီးသန့် ဘတ်ဂျက် တောင်းခံမှု ရရှိမည် ဖြစ်သည်။ ယင်းသို့ သီးသန့် ဘတ်ဂျက် ရရှိသည့်အတွက် လူ့အခွင့်အရေး ကော်မရှင်၏ ငွေကြေးသုံးစွဲမှုသည် လက်ရှိ အစိုးရ၏ ထိန်းချုပ်မှုအောက်တွင် ရှိတော့မည် မဟုတ်ဘဲ ငွေကြေးပိုင်း အရ လွတ်လပ်မှုများ ရရှိလာပြီ ဖြစ်သည်။

ထိုသို့ ဥပဒေ ပြဌာန်းလိုက်သည့်အတွက် အားသာချက်များ ရှိနေသော်လည်း အားနည်းချက် တချို့ကိုလည်း တွေ့ရှိရသည်ဟု လေ့ လာသူများက ပြောဆိုသည်။

ယခင် ကော်မရှင် အဖွဲ့ဝင်များကို မည်သည့် အခြေအနေဖြစ်စေ ထုတ်ပယ်ပိုင်ခွင့်မရှိသော်လည်း ယခု ဥပဒေသစ်၌ သမ္မတနှင့် လွှတ်တော် ဥက္ကဌ နှစ်ဦးက ညှိနှိုင်းပြီး ထုတ်ပယ်နိုင်သည်ဟု ဖော်ပြထားသည်။

“ဥပဒေသစ်မှာ တကယ်လို့ ထုတ်ပယ်ချင်ရင် သမ္မတနဲ့ ပြည်ထောင်စု လွှတ်တော် ဥက္ကဌ နှစ်ဦးက ညှိနှိုင်းပြီး ထုတ်ပယ်လို့ ရတယ် ဆိုတော့ သုံးဦး မကြိုက်ရင် ထုတ်ပယ်လို့ ရတယ်ဆိုတာကို ဖြစ်နေပါတယ်။ ကျနော်တို့ တိုင်းပြည်က လူအပေါ်မှာ အခြေခံတဲ့ ဥပဒေ ဖြစ်နေခြင်းက အားနည်းမှုတခု ဖြစ်နေပါတယ်”ဟု ဦးအောင်မျိုး မင်းက ပြောသည်။

ဥပဒေ၌ ဖော်ပြချက်များကို ကြည့်မည် ဆိုလျှင် တိုင်ကြားသည့် အမှုများကို ဆက်လက် လက်ခံခွင့် ရရှိသော်လည်း တိုင်ကြားပြီးလျှင် မည်သို့ ဆက်လုပ်မည် ဆိုသည့်အချက်ကို ရေးဆွဲထားခြင်း မရှိပေ။

လက်ရှိ ကော်မရှင် အပေါ် ပြည်သူလူထု က မည်မျှအထိ လေးစားမှု ရှိမည်ဆိုသည့် အချက်ကိုလည်း တိုင်းတာကြည့်ရမည်ဟု ဦးအောင်မျိုးမင်း က သုံးသပ်သည်။

“လူ့အခွင့်အရေး ကော်မရှင် အင်တာဗျူးတွေမှာ ကြည့်တဲ့အခါ မနှစ်က တိုင်ကြားမှုပေါင်း သုံးထောင်ကျော် ရှိပါတယ်။ ဒီနှစ် ဇူလိုင် အထိ ခြောက်ထောင်ကျော်တော့ ရရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ သိချင်တာက တိုင်ကြားလာတဲ့ အမှုတွေကို ကောင်းကောင်း မွန်မွန် ဘယ်နှမှု အရေးယူပြီးပြီလဲ။ ဘယ်နှယောက်ကို အရေးယူပြီးပြီလဲ။ သက်ဆိုင်ရာ ဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီးတော့ ခံစားနေရတဲ့  ပြည်သူရဲ့ နစ်နာချက်ကို ဘယ်လောက်အထိ အကောင်အထည်ဖော်ပြီးပြီလဲ ဆိုတဲ့ မေးခွန်းကိုကျတော့ ကော်မရှင်က ဘယ်သူမှ မဖြေနိုင်ဘူး ဖြစ်နေပါတယ်”ဟုလည်း ၎င်းက ပြောသည်။

ဦးအောင်မျိုးမင်း က ဆက်လက်ပြီး“တကယ်လို့သာ ဒီလိုမျိုး ထိရောက်မှု မရှိဘူး၊ ပူးပေါင်းမှု မရှိဘူးဆိုရင် ပြည်သူလူထု အနေနဲ့ လူ့အခွင့်အရေး ကော်မရှင်အပေါ်မှာ ယုံကြည်မှုတွေ လျော့မယ်။ လူ့အခွင့်အရေး ကော်မရှင်ဆိုတာ စာတိုက်ပုံးတပုံးလိုပဲ မြင်ပြီးတော့ ဘာမှ ထိရောက်မှု မရှိဘူးဆိုရင် လွတ်လပ်၊ ထိရောက်တဲ့ လူ့အခွင့်အရေး ကော်မရှင်ဆိုတာ မြန်မာနိုင်ငံမှာ ဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီအတွက် ထိရောက်တဲ့ ကော်မရှင်ဆိုတာ ကျနော်တို့ အတွက် မေးခွန်း ထုတ်စရာ ဖြစ်နေပါတယ်”ဟု ပြောဆိုသည်။

လက်ရှိ မြန်မာနိုင်ငံတွင် အလုပ်သမား အခွင့်အရေး၊ ကလေး သူငယ်အခွင့်အရေး၊ လယ်သမား အခွင့်အရေး စသည်ဖြင့် နေရာစုံ၊ စီးပွားရေး ကဏ္ဍစုံတွင်လည်း အခွင့်အရေး အများအပြား ချိုးဖောက်ခြင်း ခံနေရမှုများ ရှိနေဆဲ ဖြစ်သည်။

စက်မှုဇုန် စီမံကိန်းများ၊ ရေကာတာ တည်ဆောက်မှုများ၊ သတ္တု တူးဖော်ရေး လုပ်ငန်းများ စသည့် စီမံကိန်းကြီးများ အကောင် အထည် ဖော်ရာတွင်လည်း နေရာဆုံးရှုံးမှုများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးဆုံးရှုံးမှုများ၏ အကျိုးဆက်များ စသည်တို့ကို ခံစားနေ ရသည်။

အလားတူ လက်ရှိ သတင်းမီဒီယာ လောကတွင်လည်း ဖမ်းဆီးထောင်ချ ခံရမှုများ အပါအဝင် မကြာသေးခင်က အလွတ်တန်း သတင်းထောက် ကိုပါကြီး ဆိုသူ သေနတ်ဖြင့် ပစ်သတ်ခံရသည့် အခွင့်အရေး ချိုးဖောက်မှုများ ကြုံတွေ့နေရသည်။

လူ့အခွင့်အရေး ကော်မရှင် အသစ်ပြန်လည်ဖွဲ့စည်းပြီး မကြာမီ ပြည်ပနိုင်ငံများကပါ စိတ်ဝင်တစား စောင့်ကြည့်နေသည့် ကိုပါကြီး သေဆုံးမှုကို မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်က စုံစမ်းစစ်ဆေးပေးရန် ကိုပါကြီး၏ ဇနီးသည်က သွားရောက်တိုင်ကြားခဲ့သည်။

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အနေဖြင့်လည်း ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်သော လူ့အခွင့်အရေး ချိုးဖောက် ခံရမှု အခြေအနေများကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ကိုပါကြီး သေဆုံးမှုနှင့်ပတ်သက်၍ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုကို လူ့အခွင့်အရေး ကော်မရှင်အနေနှင့် မည်မျှ ပွင့်လင်းမြင်သာ မှု ရှိရှိ စစ်ဆေးဖော်ထုတ်နိုင်မည် ဆိုသည်ကိုလည်း လူ့အခွင့်အရေး အဖွဲ့အစည်း အသီးသီး က စောင့်ကြည့်လေ့လာနေကြသည်။

အခွင့်အရေး ဆုံးရှုံးနေသူ တောင်သူ လယ်သမားများ၏ ဘ၀ အခြေအနေများကို ကြည့်မည် ဆိုလျှင်လည်း ဆုံးရှုံးနေသည့် မိမိတို့၏ အခွင့်အရေးများကို တောင်းဆိုခြင်းကြောင့် ဖမ်းဆီးထောင်ချခံနေကြရပြီး ယခုနစ်ပိုင်းအတွင်း အမှုပေါင်း တထောင်ကျော် ရှိနေပြီဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာ လလယ်ပိုင်းတွင်လည်း သထုံမြို့နယ်၌ လယ်ယာမြေသိမ်းယူ ခံခဲ့ရသည့် မြေနေရာတွင် ဝင်ရောက်ထွန် ယက်သည့် အတွက် လယ်သမား ၉ ဦး ထောင်ဒဏ် ၇ နှစ် ချမှတ် အပြစ်ပေး ခံခဲ့ရသည်။

ထို့အတူ အလုပ်သမားများသည်လည်း လုပ်အားခ အပြည့်အ၀ ရရှိရေး၊ လုပ်ငန်းခွင် သန့်ရှင်းရေး၊ အချိန်ပိုကြေး အပြည့်ပေးရေး စသည့် အလုပ်သမား အခွင့်အရေးများကို သမ္မတ ဦးသိန်းစိန် လက်ထက် လေးနှစ် ကာလ အတွင်း၌် သိသိသာသာ တောင်းဆိုခဲ့ကြသော်လည်း လုံလောက်သည့် အနေအထားတခု အဖြစ် မရရှိသေးပေ။

ယင်းအခွင့်အရေး ချိုးဖောက်မှုများကို လူ့အခွင့်အရေး ကော်မရှင် အနေနှင့် ထိရောက်သည့် အရေးယူမှုများ ပြုလုပ်မည်ဆိုလျှင် ဌာနဆိုင်ရာများ၊ အစိုးရ အာဏာပိုင်များ၊ လုပ်ငန်းရှင်ကြီးများနှင့်ပါ တွေ့ဆုံပြီး ညှိနှိုင်းဖြေရှင်းရမည် ဖြစ်သည်။

သို့သော် လူ့အခွင့်အရေး ကော်မရှင်အနေနှင့် သတင်းမီဒီယာများ၏ မေးမြန်းမှုတချို့ကို ဖြေကြားချက်များတွင် စစ်တပ်နှင့် ရဲဌာနများ၏ ကျူးလွန်သည့် အမှုများကို ကိုင်တွယ်ဖြေရှင်းရာတွင် အခက်အခဲများ ရှိကြောင်း၊ တိုင်းရင်းသား ဒေသများအတွင်း ဖြစ်ပေါ်နေ သည့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို ထိရောက်စွာအရေးမယူနိုင်ကြောင်းကိုလည်း တွေ့ရှိရသည်။

ထိုအချက်သည် လူ့အခွင့်အရေး ချိုးဖောက်မှုများ အပေါ် ထိထိရောက်ရောက် ဖြေရှင်းနိုင်ရန် လက်ရှိ ကော်မရှင်အတွက် ဖိအားများ ဖြစ်နေသည်။

လယ်ယာမြေ သိမ်းဆည်းမှုများ၊ မီဒီယာ ဖိနှိပ်မှုများ၊ မုန်းတီးမှုကိုအခြေခံသော ပြောဆိုမှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှု အများကြီးဖြစ်နေကြောင်း၊ သို့သော် လူ့အခွင့်အရေး ကော်မရှင်အနေနှင့် ထိရောက်သည့် ထုတ်ဖော်ပြောဆိုမှု လုံးဝမရှိကြောင်း၊ ယေဘုယျ ဆန်သော ထုတ်ပြန်ကြေညာချက်များကိုသာ ထုတ်ပြန်ကြောင်း၊ ထို့အတွက် အားနည်းချက် ဖြစ်နေကြောင်း ဒေါ်ခင်ဥမ္မာက ပြော သည်။

“ပိုဆိုးတာက စုံစမ်းစစ်ဆေးမှု အတွက် ကချင်ဒေသကို သွားပါတယ်။ ပြန်လာတဲ့အချိန်မှာ ဘာပြောလဲဆိုတော့ ကချင် ဒေသ တင် မကဘူး လက်နက်ကိုင် ပဋိပက္ခဖြစ်နေတဲ့ ဒေသတွင်းက တိုင်ကြားမှုတွေကို သူတို့တွေ လက်ခံနိုင်မှု မရှိဘူး။ မဆောင်ရွက်နိုင်ဘူး ဆိုတာက တကယ့်ကို ဆိုးဆိုးရွားရွား လူ့အခွင့်အရေး ချိုးဖောက်မှုတွေဖြစ်တယ်၊ ဒါတွေကို ထိရောက်စွာ အရေးမယူနိုင်ဘူး ဆိုတဲ့ အချက်က ပေါ်လွင်နေတာ ဖြစ်တဲ့အတွက် ထိရောက်မှုအပိုင်းကို ကျမတို့မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်”ဟုလည်း ၎င်းက ဆို သည်။

ဥပဒေပါ ဖော်ပြချက်များအရ ကော်မရှင်သည် လူထုအခြေပြုအဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်း ပူးပေါင်းမှုများ လုပ်ဆောင်ခွင့်ရှိသော်လည်း ကော်မရှင်အနေနှင့် မည်သည့်အဖွဲ့အစည်းများကို မဆို ပွင့်ပွင့်လင်းလင်း တွေ့ဆုံဆွေးနွေးရန် လိုအပ်ကြောင်း အဖွဲ့အစည်းများ က ထောက်ပြကြသည်။

“တချို့ အဖွဲ့တွေနဲ့ ပူးပေါင်းမှု ရှိပါတယ်။ ဖိတ်ကြားရင် လာပါတယ်။ မိန့်ခွန်းပြောပါတယ်။ သူတို့ရဲ့ ယူဆချက်တွေ ပူးပေါင်းတင်ဆက် ပါတယ်။ ဒါပေမယ့် ကျနော်တို့ လိုချင်တာက မူအရ ပူးပေါင်းမှု မဟုတ်ဘဲနဲ့ လူအရ ပူးပေါင်းမှု ဖြစ်ပါတယ်။ လူမှု အခြေပြု အဖွဲ့တွေနဲ့ ပုံမှန်တွေ့ဆုံတာတွေ ဘယ်အဖွဲ့အစည်းကို မဆို တွေ့ဆုံခွင့်ပေးတာတွေ အဖွဲ့အစည်းတွေရဲ့ လုပ်ငန်းတွေနဲ့ သူတို့ရဲ့ လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်မှု လုပ်တာတွေ ဖြစ်ပါတယ်။ တွေ့ဆုံပေမယ့် အရပ်ဘက် အဖွဲ့အစည်းတွေကို သူတို့ လုပ်နေတဲ့ကိစ္စတွေကို မပြောပြဘူး။ မေးခွန်း မေးခွင့်မရှိဘူး ဆိုတဲ့ ပုံစံမျိုးက ကျနော်တို့မှာ ပူးပေါင်းပါဝင်မှုနဲ့ ပတ်သက်ပြီး မေးမြန်းစရာ ဖြစ်လာပါတယ်”ဟု လူ့အခွင့်အရေး လှုပ်ရှားဆောင်ရွက်နေသည့် အဖွဲ့ အစည်းခေါင်းဆောင်တဦး က ပြောသည်။

ဥပဒေ၌ ကော်မရှင်၏ စုံစမ်းစစ်ဆေးမှု လုပ်ပိုင်ခွင့်ကို ကြည့်မည်ဆိုလျှင်လည်း လွတ်လပ်ခွင့် ပေးထားသော်လည်း တချို့အချက်များသည် စုံစမ်းစစ်ဆေးမှုကို ဟန့်တားစေသည့် အချက်များ ဖြစ်နေသည်။

တရားစီးရင်ထားသည့် အမှုများ၊ တရားစီရင်ဆဲ အမှုများ၊ တရားရုံးနှင့် ပတ်သက်သည့် အမှုများကို ကိုင်တွယ်ဖြေရှင်းမှု မလုပ်ဆောင် ရန် ဟန့်တား ထားသည့်အချက်သည် လက်ရှိ အဂတိလိုက်စားမှု အများအပြား ရှိနေသည့် တရားရုံးများ၊ ဥပဒေများကို တရားသူကြီး များက လက်တလုံးကြား အသုံးချနေသည့် အခြေအနေများ စသည့် လူ့အခွင့်အရေး အများအပြား ချိုးဖောက်မှု ရှိနေသည့် တရား ရေး ကဏ္ဍကို အပြည့်အ၀ ကာကွယ်မှု ပေးထားသကဲ့သို့ ဖြစ်နေသည်။

ထို့အပြင် စုံစမ်းစစ်ဆေးမှုတွင် နိုင်ငံတော်၏ လျှို့ဝှက်ချက်များဟု သတ်မှတ်ထားသည့် စာရွက်စာတမ်းများကို တောင်းပိုင်ခွင့် မရှိစေရ ဟူသော အချက်သည်လည်း ဝေဖန်စရာ ဖြစ်နေသည်။

“တကယ်လို့ လူ့အခွင့်အရေး ချို့ဖောက်မှုအတွက် သက်သေ ဖြစ်နေတဲ့ စာရွက်စာတမ်းဖြစ်နေမယ် ဆိုရင် နိုင်ငံတော်လျှို့ဝှက်ချက် ဖြစ်နေလို့ တောင်းခံလို့ မရဘူးဆိုတာ စစ်ဆေးမှုကို လုံး၀ ထိခိုက်စေပါတယ်”ဟု တရားလွှတ်တော် ရှေ့နေ တဦးက ပြောသည်။

လူ့အခွင့်အရေး ကော်မရှင်သည် ယခုနှစ်ပိုင်းတွင် တိုးတက်မှုများ အနေဖြင့် ကိုယ်ပိုင် ဝက်ဘ်ဆိုက် ရှိလာခြင်း၊ မည်သို့ တိုင်ကြားနိုင် သည် ဆိုသည့် အကြောင်း သတင်းမီဒီယာများတွင် တရားဝင် ထုတ်ပြန်ပေးခြင်း၊ ဥပဒေကြမ်းကို အကြံပြုရေးအတွက် မီဒီယာများမှ တဆင့် ထုတ်ပြန်ကြေညာပေးခြင်း စသည်ဖြင့်ပါရှိသည်။

ဦးအောင်မျိုးမင်းက“ကျနော်တို့ လိုချင်တာက သွားထက်တဲ့ ကျားကို လိုချင်တာပါ။ ဟန်ပြ လုပ်ထားတဲ့ စက္ကူကျားကို မလိုချင်တော့ ပါဘူး။ ကျနော်တို့ ပြည်သူ လိုအပ်တာက ထိရောက်ပြီးတော့ တကယ့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပူးပေါင်းဆောင်ရွက်ဖို့ အတွက် အာဏာရှိတဲ့ လူ့အခွင့်အရေး ကော်မရှင်မျိုး လိုအပ်နေပါတယ်”ဟု ပြောဆိုသည်။

ထို့ကြောင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ပွင့်လင်းမြင်သာသည့် လုပ်ပိုင်ခွင့်၊ ထိရောက်သည့် စစ်ဆေးခွင့်များ သည် မည်မျှ လွတ်လပ်စွာ လုပ်ဆောင်လာနိုင်မည် ဆိုသည့် အခြေအနေများနှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာရဦးမည် ဖြစ်ပါသည်။     ။

Loading