ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းဒေသ၌ တည်ဆောက်ရန် လျာထားသည့် ကျောက်မီးသွေး စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ပြည်သူလူထု သဘောမတူပါက ဆောက်လုပ်တော့မည် မဟုတ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောဆိုလိုက်သည်။
“ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံကို ပြည်သူလူထု သဘောမတူဘူးဆိုရင် ကျနော်တို့ မလုပ်ပါဘူး” ဟု ဧရာဝတီတိုင်း လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစောမြသိန်းက ငရုတ်ကောင်း ဒေသ၌ နိုဝင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့သည့် သဘာဝပတ်ဝန်းကျင် သယံဇာတ တူးဖော်မှု ပွင့်လင်းရေး EITI လုပ်ငန်းစဉ်၏ သဘာ၀ ပတ်ဝန်းကျင်နှင့် လူမှုစီးပွား အကျိုးသက်ရောက်မှု ဆိုင်ရာ ဆွေးနွေးပွဲတွင် ပြောဆိုခြင်း ဖြစ်သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ငရုတ်ကောင်း ဒေသခံတဦးက ကျောက်မီးသွေး စက်ရုံကို ပြည်သူ သဘောမတူလျှင် ဆက်လက် တည်ဆောက်မည်လားဟု မေးမြန်းရာတွင် ဝန်ကြီး ဦးစောမြသိန်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဆွေးနွေးပွဲ တက်ရောက်လာသည့် ငရုတ်ကောင်း ဒေသခံ ၇၅၀ ကျော်က ဝန်ကြီး၏ ဖြေကြားမှု အပြီးတွင် ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ခြင်းကို သဘောမတူကြောင်း ဝိုင်းဝန်း အော်ဟစ်ကာ ၎င်းတို့၏ သဘောထားကို ပြသခဲ့ကြသည်။
ပုသိမ်ခရိုင် ငပုတောမြို့နယ် ငရုတ်ကောင်း မြို့နယ်ခွဲသည် မြို့ပေါ် ရပ်ကွက် ၂ ခုနှင့် ကျေးရွာပေါင်း ၆၈ ရွာရှိပြီး လူပေါင်း ၃၅၀၀၀ ကျော် အခြေချ နေထိုင်သည့် ပင်လယ်ကမ်းခြေ ဒေသတခု ဖြစ်သည်။
ယခုကဲ့သို့ ကျောက်မီးသွေး စက်ရုံအပေါ် ငရုတ်ကောင်း ဒေသခံများ၏ ဝိုင်းဝန်း ကန့်ကွက်မှုမှာ ဒုတိယအကြိမ် ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းက ကျောက်မီးသွေး စက်ရုံနှင့် ပတ်သက်ပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့၊ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနနှင့် အေဝမ်းစွမ်းအင် ကုမ္ပဏီတို့ ပူးပေါင်းပြုလုပ်သည့် ရှင်းလင်းပွဲ၌ ဒေသခံများက ဝိုင်းဝန်း ကန့်ကွက်ခဲ့ကြခြင်း ဖြစ်သည်။
ငရုတ်ကောင်း ဒေသခံ ကိုထိန်လင်းက “ကျနော်တို့ ပြည်သူတွေရဲ့ သဘောထားက ကျနော်တို့ ဒေသမှာ ဒီလိုမျိုး ဆိုးကျိုးတွေ အများကြီး ပေးနိုင်တဲ့ ကျောက်မီးသွေး စက်ရုံ တည်ဆောက်ဖို့ လုံး၀ သဘောမတူပါဘူး။ ကျောက်မီးသွေးကို မီးရှို့လို့ ထွက်လာတဲ့ ပစ္စည်းတွေက ပတ်ဝန်းကျင်ကို ပျက်စီးနိုင်တယ်။ လူတွေရဲ့ နှလုံး၊ အဆုတ်၊ ကျောက်ကပ်တွေ ထိခိုက်နိုင်တယ်။ ဒီလို ဆိုးကျိုးများတဲ့အတွက် ကျနော်တို့ လက်မခံတာပါ။ ဆိုးကျိုးနည်းတဲ့ လေအားနဲ့ ထုတ်လုပ်တာတို့၊ သဘာ၀ ဓာတ်ငွေ့နဲ့ ထုတ်လုပ်တာတွေဆိုရင် လက်ခံပါတယ်” ဟု ပြောသည်။
ပုသိမ်မြို့တွင် ယခုလ ဒုတိယပတ် အတွင်းက ပြုလုပ်ခဲ့သည့် လူငယ်နှင့် ငြိမ်းချမ်းရေး ဖိုရမ်တွင် ဧရာဝတီတိုင်း အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးသိန်းအောင်က ကျောက်မီးသွေးစက်ရုံ တည်ဆောက်ခြင်းမှာ ပြည်သူများ၏ သဘောအတိုင်းသာ ဖြစ်သည်ဟု ပြောဆိုခဲ့သည်။
“လွှတ်တော်မှာလည်း ဆွေးနွေးထားတယ်။ အာမခံချက် ရှိမှလည်း လုပ်မှာပါ။ တာဝန်ယူထားတဲ့အတိုင်း ဖြစ်မလာရင် စက်ရုံ ရပ်ဆိုင်းလိုက်ရုံပါပဲ။ အစိုးရရဲ့သဘော မဟုတ်ပါဘူ။ ပြည်သူတွေရဲ့ သဘောပါ” ဟု ဝန်ကြီးချုပ် ဦးသိန်းအောင်က ပြောသည်။
ငရုတ်ကောင်း ဒေသ၌ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ အေဝမ်းစွမ်းအင် ကုမ္ပဏီနှင့် ဂျပန်နိုင်ငံမှ Japan Consortium Group ကုမ္ပဏီတို့ ပူးပေါင်းပြီး ၃၀၀ မဂ္ဂါဝပ် ထုတ်လုပ်မည့် စက်ရုံ ၂ ရုံ တည်ဆောက်ရန် လျာထားပြီး အိန္ဒိယ အခြေစိုက် Ta Ta (တာတာ) ကုမ္ပဏီက ၂၇၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် စက်ရုံ ၂ ရုံ တည်ဆောက်ရန် မြန်မာအစိုးရနှင့် နားလည်မှု စာချွန်လွှာ ရေးထိုးထားကြောင်း သိရသည်။
အေဝမ်းစွမ်းအင် ကုမ္ပဏီက ဓာတ်အားပေး စက်ရုံအတွက် အသုံးပြုမည့် ကျောက်မီးသွေးများကို အင်ဒိုနီးရှားနှင့် သြစတြေးလျ နိုင်ငံများမှ သင်္ဘောဖြင့် မှာယူအသုံးပြုမည် ဖြစ်ပြီး ဓာတ်အားပေး စက်ရုံနှင့်အတူ တန်ချိန် ၈ သောင်း အထိ တင်ဆောင်နိုင်မည့် ပင်လယ်ကူး ကုန်တင်သင်္ဘောများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်း တခုကိုပါ ပူးတွဲ တည်ဆောက် သွားမည်ဟု ထုတ်ဖော်ပြောဆိုထားသည်။
စက်ရုံတည်ဆောက်ရန် အတွက် မြေဧက ၂၀၀ ကျော် အသုံးပြုမည်ဖြစ်ပြီး ပြောင်းရွှေ့ရမည့် ကျေးရွာများနှင့် လယ်ယာ၊ ဥယျာဉ်ခြံမြေများ အတွက် လျော်ကြေး ပေးအပ်သွားမည် ဖြစ်ကြောင်း၊ အဆင့်မြင့် နည်းပညာသုံး ကျောက်မီးသွေး စက်ရုံဖြစ်သည့်အတွက် ဒေသခံများနှင့် သဘာ၀ ပတ်ဝန်းကျင် ထိခိုက်မှု မရှိစေရန် ရာနှုန်းပြည့် တာဝန်ယူကြောင်း အေဝမ်းကုမ္ပဏီက ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် နည်းပညာ အခက်အခဲနှင့် သဘာ၀ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဥပဒေတို့၏ အားနည်းချက်များကြောင့် ကျောက်မီးသွေး စက်ရုံများ တည်ဆောက်ရန် ခွင့်မပြုသင့်ကြောင်း သတ္ထုတွင်း ဝန်ကြီးဌာန အငြိမ်းစား လက်ထောက် ညွှန်ကြားရေးမှူး ဖြစ်သူ သဘာ၀ ပတ်ဝန်းကျင် စာရေးဆရာ ဦးစိန်မြင့် (သတ္ထုဦးစီး) က ပြောဆိုသည်။
“သူတို့ စက်ရုံတွေမှာ ပတ်ဝန်းကျင်ကို မထိခိုက်အောင်လုပ်တဲ့ အစီအမံတွေ ပါတယ်ပဲထား၊ အဲဒီ အစီအမံတွေကို ဘယ်သူက ထိထိရောက်ရောက် ဖြစ်အောင် အုပ်ချုပ်ကွပ်ကဲမလဲ။ စက်ရုံက ငရုတ်ကောင်းမှာ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး ဌာနက ပုသိမ်မှာဆိုတော့ ဒါကို ဘယ်လို ကွပ်ကဲမှာလဲ။ နည်းပညာပိုင်း ဆိုင်ရာ အခက်အခဲ၊ လုပ်ထုံးလုပ်နည်း အခက်အခဲ၊ ဥပဒေ အားနည်းချက်တွေ အများကြီး ရှိနေတယ်” ဟု ၎င်းက ဆိုသည်။