ထိုင်း – မြန်မာ နယ်စပ်အခြေစိုက် လူထု အကျိုးပြု အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့က ပြည်တွင်း ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ထည့်သွင်း ဆွေးနွေးလိုတဲ့ အချက်တွေကို တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ (NCCT) ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ဆွေးနွေး တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို ပညာရေး၊ ကျန်းမာရေး၊ သတင်းဌာန၊ ရွှေ့ပြောင်း အလုပ်သမား အခွင့်အရေး၊ ဒုက္ခသည် ကော်မတီ၊ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးအရေးနဲ့ လူ့အခွင့်အရေး ဆောင်ရွက်နေကြတဲ့ နယ်စပ်အခြေစိုက် လူထုအကျိုးပြု အဖွဲ့တွေက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ နိုဝင်ဘာ ၂၂ – ၂၃ ရက်နေ့တွေမှာ ကျင်းပခဲ့ပြီး ဆွေးနွေးပွဲ ရလဒ်တွေကို NCCT ကိုတင်ပြခဲ့ ကြပါတယ်။
“ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ထည့်သွင်း ဆွေးနွေးဖို့လိုအပ်တဲ့ အချက်တွေကို လူထုအကျိုးပြု အဖွဲ့အစည်း တွေက ပထမရက်မှာ ဆွေးနွေးကြတယ်။ ရရှိလာတဲ့ အချက်တွေကို ဒုတိယနေ့မှာ NCCT ကိုတင်ပြတာပေါ့။ NCCT ကလည်း လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို အသေးစိတ် ရှင်းလင်းပြတယ်” လို့ အမျိုးသမီးများ အဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ရဲ့ အထွေထွေ အတွင်းရေးမှူး ဒေါ်တင်တင်ညိုက ဧရာဝတီကို ပြောပါတယ်။
လူထုအကျိုးပြု အဖွဲ့တွေက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အမျိုးသမီးတွေနဲ့ လူထုအကျိုးပြု အဖွဲ့အစည်းတွေ ပိုမိုပါဝင်ခွင့်၊ လူ့အခွင့်အရေးနဲ့ အပစ်အခတ်ရပ်စဲရေး ကိစ္စတွေကို လွတ်လပ်စွာ စောင့်ကြည့်လေ့လာနိုင်ရေး၊ စစ်မှန်တဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု မရှိသေးတဲ့ ကာလအတွင်း သယံဇာတ တူးဖော်ရေး လုပ်ငန်းတွေနဲ့ အကြီးစား စီမံကိန်းတွေ ရပ်ဆိုင်း ထားဖို့ စတာတွေကို တိုက်တွန်း အကြံပြုခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါး စိုက်ပျိုး၊ ရောင်းဝယ်မှုတွေ ရပ်တန့်ရေးနဲ့ တခြား တရားမဝင် စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်ပတ်သက် နေသူတွေကို ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေး ကိစ္စတွေကို အစိုးရနဲ့ ဆွေးနွေးသွားဖို့၊ အသွင်ကူးပြောင်းရေး ကာလ တရားမျှတမှု ဆိုင်ရာကိစ္စနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေ၊ ဒုက္ခသည်တွေနဲ့ ပြည်တွင်း ရွှေ့ပြောင်း နေထိုင်ရသူတွေကို နိုင်ငံတကာ စံနှုန်းအတိုင်း ပြန်လည် နေရာချထားရေး စတဲ့ ကိစ္စတွေကိုလည်း အကြံပြုခဲ့ကြောင်း ထုတ်ပြန် ကြေညာခဲ့ပါတယ်။
“ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေချည်းပဲ ဆွေးနွေးနေလို့ မအောင်မြင်ဘူး။ ဒါကြောင့် လူထု အကျိုးပြု အဖွဲ့အစည်းတွေရဲ့ ဝန်းရံမှု၊ ပံ့ပိုးကူညီမှုတွေလည်း လိုအပ်တယ်။ အခုကျနော်တို့ အကြံပြုတဲ့ အပေါ်မှာ
သူတို့က ကြိုဆို လက်ခံတယ်။ ရှေ့ဆက် လက်တွဲလုပ်နိုင်မယ့် ကိစ္စမျိုးတွေကိုလည်း အကူအညီပေးနိုင်ဖို့ သူတို့က ကမ်းလှမ်းတယ်” လို့ လူ့အခွင့်အရေး မှတ်တမ်းတင် ကွန်ရက် (ND-Burma) ရဲ့ ညှိနှိုင်း ဆောင်ရွက်ရေးမှူး ဦးဟန်ကြီးက ပြောပါတယ်။
NCCT နဲ့ ထိုင်း – မြန်မာ နယ်စပ် အခြေစိုက် လူထုအကျိုးပြု အဖွဲ့အစည်းတွေအကြားမှာ အခုတွေ့ဆုံမှုဟာ ပထမဆုံး အကြိမ်ဖြစ်ပြီး နောက်ထပ် တွေ့ဆုံမှုတွေ ပြုလုပ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အမြင်သဘောထား ဖလှယ်မှုတွေ ပြုလုပ်ကြဖို့ သဘောတူညီခဲ့ကြတယ်လို့ သူက ဆိုပါတယ်။
“ကျနော်တို့ တင်ပြတဲ့ အချက်တွေကတော့ လူထုအတွက် အကုန်လုံး အရေးပါပါတယ်။ ကျနော်တို့ အကြံပြုလိုက်တဲ့ အချက် တွေက တနိုင်ငံလုံး တွေ့ဆုံဆွေးနွေးပွဲ အဆင့်ရောက်ရင်တော့ ပါဝင်လာနိုင်ပါတယ်” လို့ ဦးဟန်ကြီး က ဆက်ပြောပါတယ်။
NCCT တာဝန်ရှိသူတွေ ကတော့ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လုပ်ပိုင်ခွင့် အကန့်အသတ်နဲ့ စိန်ခေါ်မှုတွေ ရှိနေကြောင်း၊ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ UPWC နဲ့ တပ်မတော် အကြားမှာ သဘောထား ကွဲလွဲမှုတွေ ရှိနေကြောင်း ရှင်းပြခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ ဆွေးနွေးနေကြတဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အနေအထားဟာလည်း တပ်မတော်ရဲ့ သဘောထား တင်းမာမှုတွေ ရှိနေတာကြောင့် မူကြမ်း ဆွေးနွေးမှု အဆင့် ၆ ကြိမ်မြောက်မှာ ရှေ့မဆက်နိုင်ဘဲ ဖြစ်နေရတယ်လို့ သိရပါတယ်။