ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်ဌာနချုပ်ရှိရာ လိုင်ဇာမြို့အတွင်းရှိ ဗိုလ်သင်တန်းကျောင်းကို နိုဝင်ဘာ ၁၉ ရက်နေ့တွင် အစိုးရ တပ်မတော်မှ လက်နက်ကြီးနှင့် ပစ်ခတ်မှုကြောင့် ဗိုလ်သင်တန်းသား ၂၃ ဦး သေဆုံးခဲ့ရသည့် ဖြစ်ရပ်ကြောင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ထိခိုက်မှုများစွာရှိနေပြီး ယင်းငြိမ်းချမ်းရေး ဆွေးနွေးမှု ရှေ့ဆက်ဖို့သည်လည်း KIA ၏ သဘောထားအပေါ် မူတည်နေသည်ဟု ငြိမ်းချမ်းရေး ဆောင်ရွက်နေသူများက ဆိုသည်။
တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ပြန်စဖို့ ဆိုတာကတော့ KIA ၊ ကချင်မှာ အပစ်ခံလိုက်ရတော့ သူတို့ ခံစားချက် မကောင်းတာ အရေးကြီးပါတယ်။ ဆွေးနွေးပွဲ ပြန်စဖို့က သူတို့ ကျေလည်မှုအပေါ် မူတည်တယ်လို့ ပြောလို့ရတယ်။ အဲ့ဒီထဲမှာ သေဆုံးသွားတဲ့ ရခိုင်တပ်မတော်က ရဲဘော်တွေ၊ ABSDF ၊ ချင်းတပ်က သူတို့ရဲ့ သဘောထားတွေလည်း ပါတာပေါ့။ အစိုးရက ဘာတွေ ဖြေရှင်းပေးမလဲ သူတို့ရဲ့ ကျေနပ်မှုအတိုင်းအတာ မရရင်တော့ ဆွေးနွေးပွဲ ပြန်စဖို့ ဘယ်လိုဆိုတာ မပြောနိုင်သေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အစိုးရ၏ အလစ်အငိုက် ပစ်ခတ်လိုက်သည့် ကိစ္စရပ်အပေါ် KIA အနေနှင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် အစိုးရဘက်မှလည်း ယခုကိစ္စနှင့် ပတ်သက်၍ KIA အပေါ် တန်ပြန်အသိပေး ပစ်ခတ်မှု လုပ်ဆောင်သည်ဟု စွပ်စွဲချက်အပေါ်ကိုလည်း မကျေနပ်ကြောင်း KIA ၏ သဘောထားကို တုန့်ပြန်ခဲ့သည်။
ယင်းသို့ တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ပဋိပက္ခညှိနှိုင်း ဖြေရှင်းရေး အဖွဲ့မှတဆင့် နှစ်ဘက်တွေ့ဆုံမှု လုပ်ဆောင်ရန် ရှိကြောင်း စုံစမ်းသိရှိရသည်။
“လိုင်ဇာ ဌာနချုပ်ကို လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့အတွက် KIO ဘက်ကလည်း သူတို့အပေါ် အစိုးရရဲ့ သဘောထားကို အမျိုးမျိုးစဉ်းစားမှာပဲ။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး KIA အနေနဲ့ ဘယ်လို သဘောထားမလဲ။ အဲဒီလို လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တဲ့အတွက် ငြိမ်းချမ်းရေး ဆွေးနွေးနေတာကို အများကြီး ဆိုးကျိုးသက်ရောက်မှု ရှိတယ်။ ငြိမ်းချမ်းရေးအတွက်လည်း နောက်ဆုတ်သွားနိုင်တယ်” ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ဦးမြအေးက သူ့အမြင်ကို ပြောသည်။
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ယုံကြည်မှု တည်ဆောက်နေစဉ် ကာလ၌ မြန်မာတပ်မတော် အနေဖြင့် စစ်ရေးအရ အလစ်အငိုက်ယူ၍ ပစ်ခတ် တိုက်ခိုက်လိုက်ခြင်းမှာ အစိုးရအဖွဲ့အစည်း အနေနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုလားသည့် သဘောမျိုး မရှိခြင်းဖြစ်သည်ဟု အစိုးရအပေါ် ဝေဖန် ပြောကြားချက်များ နိုင်ငံရေး အသိုင်းအဝန်းများနှင့် တိုင်းရင်းသားများအကြား ထွက်ပေါ်လာခဲ့သည်။
“အခု အစိုးရဘက်က ပစ်လိုက်တဲ့ ကိစ္စဟာ KIA ကို ပစ်တာ မဟုတ်ဘဲ အပစ်အခတ် ရပ်ဆဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ပစ်တာလို့ပဲ ကျမတို့ မြင်တယ်။ အခြေခံဥပဒေ မပြင်ဆင်ရအောင် ဆက်ဆွဲထားတာရယ်၊ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ တိုင်းရင်းသား နယ်မြေတွေမှာ မဲမပေးနိုင်အောင် အစိုးရက လုပ်ဆောင်နေတာ” ဟု ကချင် ငြိမ်းချမ်းရေး ကွန်ရက်မှ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ခွန်ဂျာက ပြောသည်။
လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ၂၃ ဦး သေဆုံးမှုအပေါ် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ သဘောထား ထုတ်ပြန်ချက်တွင်လည်း ဦးရွှေမန်း၏ ၂၀၁၅ ရွေးကောက်ပွဲ အလွန်မှ ဖွဲ့စည်းပုံပြင်မည့်ကိစ္စနှင့် လက်ရှိ တိုက်ခိုက်မှုတို့သည် တိုက်ဆိုင်နေခြင်းကြောင့် စစ်ရေးနှင့် နိုင်ငံရေး ပူးပေါင်းကြံစည်မှု တရပ်ဖြစ်နိုင်ကြောင်း အစိုးရကို စွပ်စွဲပြောဆိုထားသည်။
ယင်းလုပ်ရပ်ကြောင့် အစိုးရအနေနှင့် ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်သည့် စိတ်ရင်းစေတနာ ရှိ၊ မရှိ ဆိုသည်ကိုလည်း မေးခွန်းထုတ်ထားပြီး ယုံကြည်မှု တည်ဆောက်ရာတွင် ယခုလုပ်ရပ်သည် အဟန့်အတား ကြီးမားစွာ ဖြစ်စေသည်ဟုလည်း UNFC ထုတ်ပြန်ချက်တွင် ထောက်ပြဝေဖန်ထားသည်။
အောက်တိုဘာလတွင် တနိုင်ငံလုံးအတိုင်း အတာနှင့် ငြိမ်းချမ်းရေး လက်မှတ်ထိုးနိုင်ရန် ဆောင်ရွက်သွားမည် ဆိုသည့် အစိုးရဘက်မှ ပြောဆိုထားသော ကိစ္စသည်လည်း တကယ်လက်တွေ့တွင် ဖြစ်မလာခဲ့ဘဲ နိုဝင်ဘာလတွင် တိုင်းရင်းသား လက်နက်ကိုင်များ အားလုံး တွေ့ဆုံမှု နောက်တကြိမ် ပြုလုပ်မည်ဟု ဆိုထားသည့် ကိစ္စသည်လည်း အကောင်အထည် မဖော်နိုင်သေးသည်ကို တွေ့ရသည်။
ငြိမ်းချမ်းရေး လုပ်ဆောင်မှုများ နှောင့်နှေးကြန့်ကြာမှု ရှိနေသည့်အချိန်တွင် ယခုကဲ့သို့ တိုက်ခိုက်မှုကြောင့် တနိုင်ငံလုံး ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးနိုင်မည့် ကိစ္စသည် အလှမ်းဝေးနေဦးမည်ဟု ငြိမ်းချမ်းရေး အကျိုးတော်ဆောင်များက ဆိုသည်။
“အစိုးရရဲ့ အခုလို လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်မှုဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ထိခိုက်မှုတော့ ရှိတယ်။ ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာလည်း ဒီလုပ်ရက်ကြောင့် အချိန်ကြန့်ကြာ သွားနိုင်တယ်” ဟု ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဦးလမိုင်ဂွန်ဂျာက ပြောသည်။
ဝေဖန်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေသည့် အချိန်တွင်ပင် တပ်မတော်အနေနှင့် ငြိမ်းချမ်းရေးကို လိုလားပါသည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က VOA ၏ မေးမြန်းမှုတွင် ပြောကြားခဲ့သည်။
လိုင်ဇာ ဌာနကို ပစ်ခတ်မှုသည် အစိုးရအနေနှင့် စစ်ရေးသဘောတရားအရ သတိပေး ပစ်ခတ်ခြင်း ဖြစ်ပြီး ငြိမ်းချမ်းရေး တည်ဆောက်နေစဉ် ကာလအတွင်း တခြားတိုင်းရင်းသား တပ်ဖွဲ့တချို့နှင့် တွေ့ဆုံခဲ့သော်လည်း အင်အာကြီး အဖွဲ့တခုဖြစ်သည့် KIA နှင့် မတွေ့ဆုံခဲ့သည်မှာ တပ်မတော် မူဝါဒ ၆ ချက်ကို လိုက်နာမှု အားနည်းခဲ့ခြင်းကြောင့်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က VOA ၏ မေးမြန်းမှုတွင် ထောက်ပြပြောဆိုသွားသည်။
အစိုးရနှင့် KIO တို့ အကြား အပစ်အခတ်ရပ်စဲရေးအတွက် တခြား တိုင်းရင်းသား တပ်ဖွဲ့များထက် သီးသန့်တွေ့ဆုံမှုများ ပိုမိုလုပ်ဆောင်ခဲ့ရသည်။
အဆင့်ဆင့်တွေ့ဆုံမှုများ အပြီးတွင် အခြားတိုင်းရင်းသား တပ်ဖွဲ့များတွင် မရှိခဲ့သည့် အောက်ခြေ ပဋိပက္ခ စောင့်ကြည့်ရေး ကော်မတီများ ထားရှိကာ စည်းမျဉ်းစည်းကမ်းများဖြင့် အပြန်အလှန် ထိန်းကွပ်ခဲ့သည်။ သို့သော်လည်း မအောင်မြင်ခဲ့ပေ။ ထိုသို့သော အချက်များကို ကြည့်ခြင်းအားဖြင့် အစိုးရနှင့် KIA, KIO အကြား ငြိမ်းချမ်းရေးညှိနှိုင်းမှုမှာ ထင်သလောက်
မလွယ်ကူခဲ့ကြောင်း သုံးသပ်မှုများ ရှိနေသည်။
(သူဇာနှင့် နန်းလွင်နှင်းပွင့်အောင်တို့ ပူးပေါင်းရေးသားသည်။)