တပ်မတော်၏သတင်းများ ထုတ်ပြန်ရေးအတွက် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ် ၃ ဦးကို တာဝန် ပေးခဲ့ပြီး ဖြစ်သော်လည်း လက်ရှိအခြေအနေတွင် အခက်အခဲ ရှိနေသေးကြောင်း သိရှိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလကတည်းက တာဝန်ပေးထားသည့် အဆိုပါ ဗိုလ်ချုပ် ၃ ဦးကို ဆက်သွယ်မေးမြန်းရာတွင် တိကျသည့် ဖုန်းနံပါတ်၊ လိပ်စာများ ပေးမထားသဖြင့် မီဒီယာသမားများတွင် အခက်အခဲရှိနေသကဲ့သို့ တပ်မတော် ဘက်ကလည်း ဖုန်းဖြင့် ဆက် သွယ်မေးမြန်းသူသည် မည်သူဖြစ်သည်ကို မသိရှိရသဖြင့် ပြန်လည်ဖြေကြားရန် ခက်ခဲနေကြောင်း မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ အဖွဲ့ဝင် (ယာယီ) ဦးဖေမြင့်က ဧရာဝတီကို ပြောကြားသည်။
“ဖုန်းနံပါတ်တွေ ပေးခဲ့တယ်။ ပေးတဲ့ဟာတွေနဲ့ တကယ် ဆက်သွယ်အလုပ်လုပ်တဲ့အခါ သိပ်ပြီးတော့ အဆင်မပြေဘူး ပေါ့ဗျာ။ မပြေဘူးဆိုတာ သူတို့ဘက်ကလည်း သူတို့ကို ဆက်သွယ်ပြီးမေးတဲ့ပုဂ္ဂိုလ် ဘယ်သူဘယ်ဝါဆိုတာတွေ သေချာ Identified မလုပ်နိုင် တဲ့ အခါ ဖြေရတာ ခက်တယ် ဆိုတာလည်း တချက်ပါတယ်”ဟု ၎င်းက ရှင်းပြသည်။
နေပြည်တော်တွင် နိုဝင်ဘာလ ၂၃ ရက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ တပ်မတော် အရာရှိကြီး ၉ ဦး အပါအဝင်၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)မှ အဖွဲ့ဝင်များ ဖြစ်သော ဦးခင် မောင်လေး၊ ဦးကျော်မင်းဆွေ၊ ဒေါ်နန်းကလျာဝင်း၊ ဦးဖေမြင့်၊ ဦးသီဟစော၊ ဦးကိုကို၊ ဦးရဲမင်းဦး၊ ဦးမြင့်ကျော်၊ ဦးခင်မောင်ဌေးတို့ ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြ သည်။
လေးနာရီကျော် ကြာမြင့်ခဲ့သည့် ယင်းတွေ့ဆုံပွဲတွင် တပ်မတော်မှ သတင်းထုတ်ပြန်ရေး၊ ကချင်လွတ်လပ်ရေး တပ်မတော်(KIA) စစ် သင်တန်း ကျောင်း ပစ်ခတ်မှု၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး စသည့် အကြောင်းအရာများကို အဓိကထား ဆွေးနွေးခဲ့သည်ဟု သိရသည်။
အဆိုပါ ဆွေးနွေးမှု ရလဒ်အဖြစ် တပ်မတော်ဘက်က သတင်းအချက်အလက်များ ထုတ်ပြန်ရာ၌ အခက်အခဲ မရှိစေရန် တပ်မတော် အရာရှိများနှင့် သတင်းမီဒီယာ သမားများ ပါဝင်သည့် အလုပ်ရုံ ဆွေးနွေးပွဲတခုကို နိုဝင်ဘာလနောက် ဆုံးပတ်အတွင်း ရန်ကုန်မြို့၌ ပြုလုပ်ရန် ညှိနှိုင်းနိုင်ခဲ့သည်ဟု တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သော ဦးသီဟစောက ပြောပြသည်။
“သတင်းသမားတွေနဲ့ တပ်နဲ့ ဝပ်ရှော့ တခုလုပ်ပြီး ဆွေးနွေးကြမယ်။ အဲဒီ ဝပ်ရှော့ကို ဒီအပတ်ထဲ ရန်ကုန်မှာ လုပ်မယ်။ ကကပြည် (တပ်မတော် ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ဌာန) က ဗိုလ်ချုပ်တွေနဲ့ တပ်က တာဝန်ရှိတဲ့ သူတွေပေါ့။ မီဒီယာဘက် က အကုန်ပဲ ဖြစ်မလား။ ဘယ်လို လုပ်မလဲ မသိသေးဘူး”ဟု ၎င်းက ဧရာဝတီကို ပြောသည်။
အဆိုပါ အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပနိုင်ရန် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ) မှ တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးသီဟစောက ဆက်ပြောသည်။
“ဘယ်ဖုန်းနံပါတ်နဲ့ ဘယ်သူမေးရင် ဖြေမယ်။ အဲဒါမျိုးတွေက အသေးစိတ်တွေ ပြောကြ ရတော့မယ်။ သူတို့ဘက်ကလည်း Trust ရှိဖို့ လိုတယ်။ Open ကြီးထားပြီးတော့ မေးချင်တိုင်း မေးဆို လူ ၆၀ လောက် ဝိုင်းပြီး မေးရင် သူတို့မဖြေနိုင်ဘူး ဆိုတာမျိုး ဖြစ်မယ်။ အဲဒီလို အခြေအနေမျိုးမှာ ဘယ်လိုလုပ်မလဲ ဆိုတာကို ဆွေးနွေးဖို့ အတွက် ဝပ်ရှော့လုပ်ဖို့ တောင်းဆိုလိုက်တာ”ဟု ဦးသီဟစော က ပြောဆိုသည်။
လက်ရှိတွင် တပ်မတော်နှင့်ပတ်သက်သည့် သတင်း အချက်အလက်များကို မြဝတီ Web Portal တွင် အချိန်နှင့် တပြေးညီ တင်ပေး ထားမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၄ ရက်က တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)တို့ ပထမအကြိမ် နေပြည်တော်တွင် တွေ့ဆုံခဲ့ကြသည်။
ယင်းသို့ တွေ့ဆုံမှု နောက်ပိုင်း အလွတ် သတင်းထောက် ကိုပါကြီး အသတ်ခံရမှု၊ လိုင်ဇာရှိ KIA စစ်သင်တန်း ကျောင်းကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုတို့နှင့် ပတ်သက်ပြီး တပ်မတော်၏ သတင်းထုတ်ပြန်ချက်များကို မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)မှ တဆင့် သတင်းထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ)တို့ ပထမအကြိမ် နေပြည်တော်တွင် တွေ့ဆုံခဲ့စဉ် ကာကွယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ရေးနှင့်ပတ်သက်ပြီး ဗိုလ်ချုပ်အောင်သော် ၊ ဗိုလ်ချုပ် စိုးနိုင်ဦး ၊ ဗိုလ်ချုပ် အောင်ရဲဝင်း တို့ ၃ ယောက်ကို Contact Person အဖြစ် ဆက်သွယ်ရန် သတ်မှတ်ပေးခဲ့သည်။