ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ မနေ့က သီးသန့်တွေ့ဆုံပြီး လိပ်ကျွန်းလူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာ လူငယ် နှစ်ဦးအရေးကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ဘန်ကောက်မြို့နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်ပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက စွပ်စွဲဖမ်းဆီး ခံထားရတဲ့ မြန်မာလူငယ်နှစ်ဦး တရားမျှတမှုရရှိရေးနဲ့ အချုပ်လွတ် ထုချေခွင့် ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး သံအမတ်ကြီး ဦးဝင်းမောင်က ပြောပါတယ်။
“ကော့တောင်ကျွန်း ကလေးတွေကိစ္စ မှန်မှန်ကန်ကန်ဖြစ်ရေးနဲ့ ထုချေမယ့် အာမခံပေးဖို့ ဆွေးနွေးခဲ့တယ်” လို့ သံအမတ်ကြီး ဦးဝင်းမောင်က ဧရာဝတီကို ပြောပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြု ညီလာခံ ဥက္ကဋ္ဌ H.E Prof. Pornpetch Wichitcholchai ရဲ့ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံကို ချစ်ကြည်ရေး ခရီး ရောက်ရှိလာတာဖြစ်ပြီး၊ သူ့ရဲ့ခရီးစဉ်မှာ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံကာ လိပ်ကျွန်း လူသတ်မှုကိစ္စကို ထည့်သွင်းဆွေးနွေးသွားတာ ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာကလည်း လိပ်ကျွန်းလူသတ်မှုမှာ ဗြိတိန်နိုင်ငံအနေနဲ့ နစ်နာမှုတွေရှိထားတဲ့အတွက် ကျေနပ်မှုရှိအောင် ဆောင်ရွက်ပေးရမှာဖြစ်သလို မြန်မာအစိုးရနဲ့လည်း ချစ်ကြည်ရင်းနှီးမှု မပျက်အောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုတယ်လို့ သံအမတ်ကြီးက ဆက်ပြောပါတယ်။
ဒါ့အပြင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ ထိုင်းနိုင်ငံ အမျိုးသားဥပဒေပြု ညီလာခံ ဥက္ကဋ္ဌ H.E Prof. Pornpetch Wichitcholchai တို့နဲ့ တွေ့ဆုံစဉ်မှာလည်း လိပ်ကျွန်းလူသတ်မှု တရားမျှတရေး ဆွေးနွေးခဲ့တဲ့ အပြင် နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှု ရရှိရေးနဲ့ ဥပဒေရေးရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။
သံအမတ်ကြီး ဦးဝင်းမောင်က “ကျနော်မြင်တာတော့ နှစ်နိုင်ငံချစ်ကြည်ရေးကို ရှေးရှုပြီးတော့ ဒီအမှုက အာမခံ ပေးမယ်လို့တော့ သုံးသပ်တယ်” လို့ ဆိုပါတယ်။
အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ ရဲ့ခရီးစဉ်မှာ ဥပဒေပညာရှင်နဲ့ မှုခင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်တို့ လိုက်ပါလာခဲ့ရာ တချို့ ကျွမ်းကျင်သူတွေဟာ မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေး အဖွဲ့နဲ့ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့အတွက် ဘန်ကောက်မြို့မှာ ကျန်ရစ်ခဲ့ကြောင်းလည်း သိရပါတယ်။
မြန်မာအထူးစုံစမ်းရေးအဖွဲ့ဟာ နိုဝင်ဘာ ၂၆ ရက်နေ့မှာ မောင်ဇော်လင်းနဲ့ မောင်ဝင်းဇော်ထွန်း တို့ကို ထိန်းသိမ်းထားရာ ကော့စမွေ အကျဉ်းထောင်မှာ သွားရောက်တွေ့ဆုံမှာဖြစ်ပြီး မြန်မာလူငယ်နှစ်ဦး အချုပ်လွတ် နေထိုင်နိုင်ရေး အတွက်လည်း အခုတပတ်အတွင်းမှာ တရားရုံးမှာ တင်ပြတော့မှာဖြစ်တယ်လို့ သိရပါတယ်။
လိပ်ကျွန်းလူသတ်မှုမှာ စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးအတွက် တရားမျှတမှုရရှိရေးမှာ မြန်မာအစိုးရ အနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုပြုလုပ်လာတဲ့အတွက် အားတက်မိတဲ့ အကြောင်း မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ လိပ်ကျွန်းလူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ရဲ့ တာဝန်ရှိသူ ဦးထူးချစ်က ပြောပါတယ်။
“ထိရောက်တဲ့ ပူးပေါင်းဆောင်ရွက်မှုလို့ မြင်တယ်။ မြန်မာအစိုးရက လူငယ်နှစ်ဦးအတွက် စိုးရိမ်မှုတွေရှိနေတယ် ဆိုတာကို ပြသလို အားတက်သရော ပူးပေါင်းမှုတွေ လုပ်လာတဲ့အတွက် ကျနော်တို့ကလည်း ကြိုဆိုပါတယ်” လို့ ဦးထူးချစ်က ဧရာဝတီကို ပြောပါတယ်။
ထိုင်းအစိုးရအနေနဲ့ လိပ်ကျွန်းလူသတ်မှုမှာ တရားလက်လွတ် ဆောင်ရွက်မယ်ဆိုရင် ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေး အတွက်လည်း ထိခိုက်နစ်နာမှုတွေ ရှိလာနိုင်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
အမျိုးသာ လွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်ဟာ ထိုင်းခရီးစဉ်အတွင်း မြန်မာသံရုံးက ဖွဲ့စည်းပေးထားတဲ့ လိပ်ကျွန်း လူသတ်မှု အထူးစုံစမ်းရေးအဖွဲ့ရဲ့ တာဝန်ရှိသူတို့နဲ့ တွေ့ဆုံဆွေးနွေးစဉ် မြန်မာလူငယ် ၂ ဦးအမှုမှာ အာမခံရရှိရေး သုံးစွဲဖို့ အမျိုးသားလွှတ်တော်မှ လှူဒါန်းငွေကိုလည်း လွှဲအပ်ခဲ့ကြောင်း သိရပါတယ်။
အမျိုးသား လွှတ်တော်ဥက္ကဋ္ဌ နဲ့ အဖွဲ့ဟာ နိုဝင်ဘာ ၂၃ ရက်နေ့က ရောက်ရှိလာတာဖြစ်ပြီး ယနေ့ ၂၅ ရက်နေ့ မှာတော့ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာသွားပါတယ်။