စစ်အစိုးရ စိတ်ကြိုက်ရေးဆွဲ ပြဋ္ဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် လွှတ်တော်ဥက္ကဋ္ဌ ၂ ဦး၊ သမ္မတဦးသိန်းစိန်၊ ကာချုပ်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ကိုယ်စားပြု ခေါင်းဆောင် ၁ ဦးပါဝင်သော ၆ ပွင့် ဆိုင် တွေ့ဆုံရန် ပြည်ထောင်စုလွှတ်တော်က နိုဝင်ဘာလ ၂၅ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
နေပြည်တော်တွင် ယနေ့ ကျင်းပသော ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွန်းက အခြေခံဥပဒေပြင်ဆင်ရေး အောင်မြင် ချောမွေ့စေရန် ၆ ပွင့်ဆိုင် တွေ့ဆုံရေး အရေးကြီးအဆို တင်သွင်းခဲ့ရာ လွှတ်တော်က ကန့်ကွန်သူမရှိ အတည်ပြုခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော်က တောင်းလိုက်သော ၆ ပွင့်ဆိုင် တွေ့ဆုံရေး အဆိုကို တိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ် များက ထောက်ခံကြပြီး ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုသည့် ၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးမှာ တိုင်းရင်းသား ကိုယ်စား ပြု ကိုယ်စားလှယ် မပါဝင်သဖြင့် ယခု အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တင်ပြလာသော အဆိုကို ထောက်ခံကြောင်း မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ဧရာဝတီသို့ ပြောသည်။
“ ဖွဲ့စည်းပုံ အခြေခံ ဥပဒေက လွှတ်တော်ထဲမှာ ပြင်လို့ မရနိုင်တော့ဘူး။ ပြင်လို့ မရနိုင်တဲ့ အနေ အထားကို ရောက်နေပြီ။ အခု လွှတ်တော်ထဲမှာက ဖွဲ့စည်းပုံကို မူလ အတိုင်းထားရှိရန် ဆိုတာတွေက များနေတယ်။ ဖွဲ့စည်းပုံ အကျပ်အတည်း ဖြစ်နေပြီ။ အခု နိုင်ငံရေး အခြေအနေက တွေ့ဆုံ ဆွေးနွေး ရေး လုပ်မှ အဖြေထွက်တော့မှာ ။ အခုလို တွေ့မှာပဲ ဖွဲ့စည်း ပုံကို ပြင်ဆင်နိုင်တော့မှာ။ ဘာပဲ ပြော ပြော ကျနော်တို့ ထောက်ခံတယ်။ တိုင်းရင်းသား ကိုယ်စားလှယ် တယောက်လည်း ရမှာလေ ” ဟု ဦးဖေသန်းက ဆိုသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကမူ ဖွဲ့စည်းပုံ ပြင်ဆင်ရေးအတွက် တပ်မတော်နှင့် ညှိနှိုင်း၍ ရနိုင်သော်လည်း တိုင်းပြည် ပြုပြင်ပြောင်းလဲမည့် လမ်းကြောင်းတွင် နိုင်ငံရေး အင်အားစု တချို့မှာ ဒီမိုကရေစီစံနှုန်းဖြင့် တိုင်းတာ၍ ဖွဲ့စည်းပုံ ပြင်လိုပြီး တပ်မတော်က တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့် အချက်ကိုသာ ကွက်၍ ပြင်လိုသည့် သဘောမျိုး ရှိသဖြင့် ချီတက်ရာ လမ်းကြောင်းချင်း မတူညီသဖြင့် အခြေခံဥပဒေ ပြင်ဆင်ရေး အကျပ်အတည်း ဖြစ်နေရကြောင်း ပြောဆိုသည်။
“သိပ်ထူးမယ် မထင်ဘူး။ ကာချုပ်ကို ကြံ့ခိုင်ရေးက ၃ ယောက်ဖြစ်တဲ့ သမ္မတ နဲ့ လွှတ်တော် ဥက္ကဋ္ဌ ၂ ယောက်က သြဇာ လွှမ်းနိုင်မယ် မထင်ဘူး။ လွှမ်းလည်း မလွှမ်းနိုင်ဘူး။ ကာချုပ်ကလည်း သူ့ရပ်တည်ရမယ့် ကိစ္စတွေမှာ ဘယ်လျှော့ ပေး မလဲ။ ၄၃၆ ပြင်လိုက်မယ်ဆိုရင် တပ်ပိုင်းဆိုင်ရာ ကိစ္စတွေပါ ပြင်ပေးရမှာ ပေါ့” ဟု ဦးဖုန်းမြင့်အောင်က ပြောသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း လွှတ်တော်၏ ၆ ပွင့်ဆိုင် တွေ့ဆုံရေး တောင်းဆိုမှုကို ထောက်ခံလိုက်ပြီး ၆ ပွင့်ဆိုင်တွေ့ဆုံရေးဖြစ်မြောက်မည်ဆိုပါက ကောင်းမွန်ကြောင်း ပြော ဆိုသည်။
“အန်တီကတော့ ဒီဟာကို မငြင်းပယ်ပါဘူး။ အစကတည်းက အန်တီပြောတယ်။ တကယ်စစ်မှန်တဲ့ ဆွေးနွေးပွဲ လုပ်ဖို့ လိုတယ်။ ဟိုဟာက ၁၄ ယောက်လိုလို၊ ဟိုလိုလို၊ ဒီလိုလို တုန်းကသာ အန်တီပြောတာလေ။ အခု ဒီလို သေသေချာချာ တင်ပြတဲ့ဟာ လွှတ်တော်က တင်ပြတဲ့ကိစ္စကို အန်တီအနေနဲ့ ငြင်းပယ်စရာ အကြောင်းမရှိပါဘူး။ တိုးတက်မှုလို့ပဲ မြင်ပါတယ်။ ဘာပဲပြောပြော ဒီကိစ္စမှာ သဘောတူနိုင်မယ်ဆိုရင် ကောင်းတာပေါ့” ဟု ဒေါ်အောင်ဆန်းစုကြည်က မီဒီယာများ သို့ နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုသွားသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တပ်မတော်သည် အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေး ကဏ္ဍများတွင် အထူး အခွင့်အာဏာများ ရရှိထားပြီး တရားဝင်စစ်အာဏာသိမ်းပိုင်ခွင့်ရှိသည်ဟုလည်း ပြဋ္ဌာန်းထားသည်။