မြန်မာနိုင်ငံ ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး၊ တိုင်းပြည် တည်ဆောက်ရေးများနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်၊ လွှတ်တော် နာယက သူရဦးရွှေမန်း၊ ကာကွယ် ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် အတိုက်အခံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်တို့ကို နိုဝင်ဘာလ ၂၀ ရက်မှ နိုဝင်ဘာလ ၂၃ ရက်အထိ အမေရိကန် နိုင်ငံ ဝါရှင် တန် ဒီစီ မြို့ အခြေစိုက် အမေရိကန် အသံ(VOA) မြန်မာပိုင်း သတင်းဌာနက တွေ့ဆုံ မေးမြန်းမှုများ ပြုလုပ်ခဲ့ပါသည်။
ထိုတွေ့ဆုံ မေးမြန်းမှုများထဲမှ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့် ၂၀၁၅ အလွန် သမ္မတ ရာထူး၊ ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး စသည်တို့နှင့် ပတ်သက်ပြီး ထုတ်နုတ်၍ ပြန်လည် ဖော်ပြလိုက်ပါသည်။
ဒီမိုကရေစီ အသွင် ကူးပြောင်းမှု နှင့် ၂၀၁၅ အလွန် သမ္မတ ရာထူး
တိုင်းပြည်၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုသည် အတိုင်းအတာ တခုအထိ ခရီးရောက်နေပြီ ဖြစ်သောကြောင့် လက်ရှိ နိုင်ငံရေး ဖြစ်စဉ်များ ဆက်လက် တိုးတက်လာရေး လုပ်ဆောင်သွားရန် လိုအပ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။
ဦးသိန်းစိန်အနေဖြင့် ၂၀၁၅ အလွန် သမ္မတ ရာထူး ဆက်ယူရန် မယူရန်ကိုမူ ရှင်းလင်းစွာ ပြောဆိုခြင်း မရှိဘဲ တိုင်းပြည်၏ အခြေ အနေနှင့် ပြည်သူများ၏ ဆန္ဒ အပေါ်တွင်သာ မူတည်သည်ဟုလည်း ဆိုသည်။
“ကျနော်ပဲ လုပ်လုပ် ဘယ်သူပဲ လုပ်လုပ် ခုနက ကျနော် ပြောသလိုပါပဲ။ တိုင်းပြည်ရဲ့ အကျိုးရှိတဲ့ ဟာတွေ။ တိုင်းပြည်ရဲ့ အကျိုးရှိတဲ့ဟာတွေက ဘာတွေလည်းဆိုတော့ တစ် အချက်က တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ ရှိအောင် ကျနော် တို့ လုပ်ချင်တယ်။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့ လုပ်စေချင်တယ်”ဟု သမ္မတ ဦးသိန်းစိန်က VOA သို့ ပြောသည်။
လွှတ်တော် နာယက သူရ ဦးရွှေမန်းကမူ ၂၀၁၅ အလွန် သမ္မတ ရာထူးအတွက် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မည်သူနှင့် မဆို ယှဉ်ပြိုင်သွားမည်ဟု ပြောဆိုသည်။
၂၀၁၅ အလွန်တွင် တပ်မတော်ဘက်မှ ဒုသမ္မတအဖြစ် တင်သွင်းမည်ဟု နာမည်ကြီးနေသော တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ၎င်း၏ နိုင်ငံရေး ရည်မှန်းချက်ကို ပြောဆိုရန် စောနေသေးသည်ဟု ပြောသည်။
ဗိုလ်ချုပ် အောင်ဆန်းအား အမျိုးသားခေါင်းဆောင်ဟု ပြောဆိုပြီး မကြာခဏ ထုတ်ဖော် ချီးကျူးသော်လည်း ဗိုလ်ချုပ်အောင်ဆန်း ၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရန် ကန့်သတ်ထားသည့် ပုဒ်မ ၅၉(စ)ကို ပြင်ဆင်ပေးရန်မှာမူ မဖြစ်နိုင်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် လူတဦးတယောက်အတွက် ရည်ရွယ်ရေးဆွဲထားခြင်း မဟုတ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ကာကွယ် ပြောဆိုခဲ့သည်။
“ကျနော်တို့ ၅၉ (စ) သည် လူပုဂ္ဂိုလ် တဦးတယောကို ရည်ရွယ်ခြင်း မဟုတ်ပါဘူး။ တနိုင်ငံလုံးအတွက် အမျိုးသားရေးကို ရည်ရွယ်ပြီးတော့မှ လုပ်ထားရတာ ဖြစ်ပါတယ်။ ဒါ ကျနော် ခိုင်ခိုင်မာမာ ပြောရဲတယ်။ လူ တဦးတယောက်ကို ရည်ရွယ်ပြီးလုပ်ထားတာ မဟုတ်ဘူးဆိုတာ ခိုင်ခိုင်မာမာ ပြောရဲတယ်”ဟု ပြောဆိုသည်။
၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး
ဒေါ်အောင်ဆန်းစုကြည် ကမ်းလှမ်းထားသည့် ၎င်းအပါအဝင် သမ္မတ၊ လွှတ်တော် နှင့် ကာကွယ်ရေး ဦးစီးချုပ် တို့ ၄ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးရေး ကိစ္စကို သမ္မတ ဦးသိန်းစိန်နှင့် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က တိုင်းပြည် အနာဂတ် ကို ထို ၄ ဦးဖြင့် ဆုံးဖြတ်မည်ဆိုသည်မှာ ဘောင်ကျဉ်းလွန်းသည်ဟု သုံးသပ်ကြသည်။
“၄ ယောက် တွေ့ကြ ပြုကြမယ် ဆိုပြီးတော့ တောင်းဆိုလာတယ်။ အဲဒီတော့ တိုင်းပြည် တပြည်လုံးရဲ့ အရေးကိစ္စဟာ ကျနော်တို့ ၄ ယောက်တည်းနဲ့ ဆွေးနွေးပြီးတော့ ကျနော်တို့ အဆုံးအဖြတ် ပေးမှာလား”ဟု သမ္မတ ဦးသိန်းစိန်က မေးခွန်းထုတ်သည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ၂ ဦးတည်း တွေ့ဆုံနိုင်ကြောင်း ပြောဆိုသော်လည်း ၄ ပွင့် ဆိုင် ကိစ္စမှာမူ သမ္မတ ဦးသိန်းစိန်နှင့် အမြင်တူညီနေသည်။
“၄ ပွင့်ဆိုင် ဆိုတာ နည်းနည်းလေး ကျဉ်းမလားလို့၊ ကျနော့် အမြင်ကတော့လေ။ နည်းနည်းကျဉ်းပါတယ်။ တိုင်းပြည်ကို ဒီ ၄ ယောက် မှ သူတွေ့ဆုံပြီး ဆွေးနွေးမှ ဖြစ်မယ်ဆိုတာ တိုင်းရင်းသားတွေလည်း အများကြီး ရှိပါတယ်”ဟု သူက ဆိုသည်။
အတိုက်အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကမူ“ကျမတို့ လေးပွင့်ဆိုင်လို့ ပြောတာဟာ တခြား လူတွေကို ထားပစ်ခဲ့ချင်လို့ မဟုတ်ပါဘူး။ ထိရောက်စေချင်လို့ပါ။ ကမ္ဘာပေါ်မှာပေါ့နော်၊ အပေးအယူ လုပ်ပြီးတော့ သေချာသိပ် အရေးကြီးတဲ့ကိစ္စတွေကို ဆွေးနွေးပြီးတော့၊ ညှိနှိုင်းပြီးတော့ အဖြေရှာရတဲ့အခါမှာ ဆိုလို့ရှိရင် အစပိုင်းမှာဆိုလို့ရှိရင် အားလုံးပါဝင်ဖို့ အင်မတန်မှ ခက်ခဲပါတယ်။ ထိရောက်မှုဆိုတာ မဖြစ်နိုင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာဆိုရင် အင်မတန်မှ သိုသိုသိပ်သိပ် လုပ်ရပါတယ်”ဟု ပြော ဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်က တောင်အာဖရိက အသွင်ကူးပြောင်းမှု၊ မြောက်အိုင်ယာလန် အသွင်ကူးပြောင်းမှုများကို ဥပမာပေး၍ လည်း ပြောဆိုသည်။
ထို့အပြင် NLD တွင် တိုင်းရင်းသား ပါဝင်မှု များပြားသောကြောင့် NLD သည် ဗမာကိုသာ ကိုယ်စားပြုသည့် အဖွဲ့မဟုတ်ဘဲ တိုင်းရင်းသား အားလုံးကို ကိုယ်စားပြုသည့် အဖွဲ့တခု ဖြစ်ပါကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာ ပြောဆိုသွားသည်။
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး
၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်၍ နိုင်ငံ့ခေါင်းဆောင်များတွင် မတူညီသော အမြင်သဘောထားများ ရှိကြသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ၂၀၁၅ ရွှေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော် အသစ်က ဆက်လက် ဆောင်ရွက် ရမည်ဟု လွှတ်တော် နာယက သူရဦးရွှေမန်း ၏ ထုတ်ပြန်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံခဲ့သည်။
သို့သော် ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ပုဒ်မ ၄၃၆ ပြင်ဆင်ရန် NLD နှင့် နိုင်ငံရေး အင်အားစုများက လက်မှတ် ၅ သန်း ကောက်ယူပြီး လွှတ်တော်သို့ တင်ပြထားမှုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က “ဒီ ၅ သန်းဆိုတဲ့ သူတို့ပြောတဲ့ ပမာဏက လက်ရှိ ကျနော် တို့ ဆုပ်ကိုင်ထားတဲ့ လူဦးရေ ၅၁ သန်းနဲ့ ဆိုရင်တော့ ဆယ်ပုံတပုံပဲ ရှိတာ”ဟု ပြောဆိုသည်
“ဒီလိုဆိုရင် ပြည်လုံးကျွတ် ပြည်သူ့ ဆန္ဒခံယူပွဲ လုပ်လိုက်လေ။ ကျမတို့ကတော့ အဆင်သင့်ပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၏ ပြောဆိုမှုကို တုံ့ပြန်ခဲ့သည်။
သမ္မတ ဦးသိန်းစိန်ကမူ ဖွဲ့စည်းပုံ ပြင်ဆင်ရေး တာဝန်အရှိဆုံးသည် လွှတ်တော်သာလျှင် ဖြစ်သည်ဟု ပြောဆိုသည်။
ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး
ပြည်တွင်း ငြိမ်းချမ်းရေး ရရှိရန် ဆန္ဒရှိကြောင်း သမ္မတ ဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့က ပြောဆိုကြသည်။
အပစ်အခတ် ထိတွေ့မှုများ ဖြစ်ပွားနေခြင်းမှာ ၂ ဘက်စလုံးတွင် တာဝန်ရှိကြောင်း၊ တပ်မတော်အား တိုင်းရင်းသား လက်နက်ကိုင် စခန်းများသို့ သွားရောက်မတိုက်ခိုက်ရန် ညွှန်ကြားထားသော်လည်း သူတို့တွင် ခုခံပိုင်ခွင့် ရှိကြောင်း၊ မည်သည့်ဘက်က ထိခိုက်မှုမဆို တိုင်းပြည် နစ်နာကြောင်း သမ္မတ ဦးသိန်းစိန်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကမူ ငြိမ်းချမ်းရေး ပျက်စီးမည် စိုးရိမ်၍ တပ်မတော်က သည်းခံနေကြောင်း ပြောဆိုသည်။
“ကျနော်တို့ ကြိတ်မှိတ် သည်းခံပြီးတော့မှ ငြိမ်းချမ်းရေး မပျက်ချင်တဲ့စိတ်နဲ့ လုပ်တာပါ။ သတိပေးပါတယ်”ဟု သူက ဆိုသည်။
ကချင် လွတ်လပ်ရေး တပ်မတော်(KIA) စစ်သင်တန်းကျောင်းသို့ လက်နက်ကြီး ကျရောက်ခဲ့မှုကို ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ် သည်။
ထို့အပြင် တပ်မတော်သည် တိုင်းရင်းသား အားလုံးဖြင့် ဖွဲ့စည်းထားသည့် တပ်မတော် ဖြစ်ကြောင်း၊ အရာရှိထဲတွင် တိုင်းရင်းသား အရာရှိ ၄၅၀၀ ရှိကြောင်း၊ ရာထူးအမြင့်ဆုံး ဒုတိယ ဗိုလ်ချုပ်ကြီး အဆင့် အထိ ရှိကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်ကမူ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် ၂ ဘက်စလုံးက ဖိတ်ခေါ်ခြင်း မရှိသဖြင့် ၎င်းအနေနှင့် ပါဝင်၍ မရကြောင်း ပြောဆိုသည်။
“ကျမတို့ကို ပါဝင်ဖို့လည်း မဖိတ်ခဲ့ဘူးလေ၊ အဲဒါကြောင့်မို့လို့ ကျမတို့က လေးပွင့်ဆိုင်မှာဆိုရင် ဟိုလူထားပစ်ခဲ့တယ်၊ ဒီလူ့ထားပစ် ခဲ့ တယ် လို့ပြောပေမယ့် ကျမတို့က ဒီအပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်လို့ ကျမတို့ ဘာလို့မပါရတာလဲလို့ ကျမတို့ မပြောပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အဓိကကျတဲ့ပုဂ္ဂိုလ်တွေက အဖွ့ဲအစည်းတွေက အချင်းချင်းဆွေးနွေးပြီးတော့ အပစ်အခတ်ရပ်စဲရေး သဘော တူညီမှု ယူချင်တယ်ဆိုပြီး ကြိုးစားနေတဲ့အချိန်မှာ ကျမတို့ မပါရကောင်းလား ဆိုပြီး ကျမတို့ တခါမှ မပြောဖူးပါဘူး။ ဘာဖြစ်လို့ မပါရတာလဲလို့ မေးလို့ရှိရင်တော့ ကျမတို့ ရှင်းရှင်းပဲပြောပါတယ်။ ဟိုဘက်ဒီဘက် နှစ်ဘက်စလုံးက မဖိတ်ဘူး။ဖိတ်ရင်တော့ ပါရမှာပေါ့၊ ကျမတို့က ဖိတ်ရင်လည်းပါဖို့ အဆင်သင့်ပါပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
သူရ ဦးရွှေမန်းကလည်း အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေစဉ် ဝန်ကြီးဟောင်း ဦးအောင်သောင်း ကို အမေရိကန် အစိုးရက အမည်ပျက်စာရင်း ထည့်သွင်းခဲ့မှုနှင့် ပတ်သက်ပြီး“ဒီကိစ္စဟာ အချုပ်အခြာအာဏာပိုင်တဲ့ မြန်မာနိုင်ငံ။ အဲ့ဒီ မြန်မာနိုင်ငံထဲကမှ လွှတ်တော် ကိုယ်စားလှယ်။ လွှတ်တော် ကိုယ်စားလှယ်ထဲကမှ ကော်မတီဥက္ကဋ္ဌ။ အဲ့ဒီ သူ့ကို ဒီလို ဆောင်ရွက် လိုက်တဲ့ ကိစ္စမှာ ဘာအကြောင်းတွေဆိုတာ လွှတ်တော်က စုံစမ်းစရာ အကြောင်းမရှိဘူး”ဟု ပြောဆိုသွားသည်။ ။